စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ

စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၁၀၊ ၂၀၁၆
 
==============
၁၉၈၈  ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ် မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း.. မိုးမခ၊ သစ်ခက်သံလွင်တို့မှတဆင့် ရေးသားတင်ဆက် လိုက်ပါသည်။

စိုးလွင်
(၂၁၁) (၀မ်ခ)
============

● ကျနော်ဆေးမှူး
ဝမ်ခ (ဟောင်း) က ဆုတ်ခွာလာတဲ့ကျနော်တို့တတွေ ၀မ်ခ (သစ်) မှာရှိနေတဲ့ ရဲဘော်တွေနဲ့ ပြန်လည်ပေါင်းစည်းမိကြပါပြီ။

စခန်းကိုရောက်ရောက်ခြင်း ဆေးမှူးကိုသိန်းထွန်း (မြောက်ပိုင်းတွင် ထောက်လှမ်းရေးဟု မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရပြီး လွတ် မြောက်လာသူ) ရဲ့လက်ထောက်အဖြစ် ၀ိုင်းကူညီ။ နောက်တော့ ကိုသိန်းထွန်းက မြောက်ပိုင်းကို တာဝန်နဲ့ထွက်သွားတော့ ဆေးမှူးအဖြစ် တာဝန်ယူရတယ်။ ကျနော်က ဆေးသင်တန်းလည်း တက်ထားတာမဟုတ်၊ ဒေါတ်တာသောင်းထွန်း တပ်ရင်း မှာရှိစဉ်တုန်းက လူနာကုရင်း သင်သွားတာရယ်၊ ကိုသိန်းထွန်းသင်ပြပေးတာတွေနဲ့ ကုရတာပါ။ အဓိကကတော့ ငှက်ဖျားဖြစ် ရင် ဘယ်ဆေးပေးရမယ်…ဆေးဘယ်လိုထိုးရမယ်.. ဒရစ်ဘယ်လိုသွင်းရမယ်..အကြောဆေး ဘယ်လိုထိုးရမယ်ဆိုတာ သိထားတာပါပဲ။

ဒီလိုအသိလေးနဲ့ကုရင် တွေ့ရတဲ့အလွဲပေါင်းများစွာကိုပြောရရင် …မြင့်အောင် (ချက်ကြီး) ငှက်ဖျား တက်လို့ ဒရစ်ချိပ်တာမှာ.. အားဆေးဗူးထဲကို ကွီနင်တွေထိုးထည့်ပြီး အမြန်သွင်းလိုက်တာ.. မကြာပါဘူး မြင့်အောင်တယောက် ဆေးမူးပြီး အံလိုက်တာ မသေရုံတမယ်ပါပဲ။

ကျနော့်ကို မြင့်အောင် ထမသတ်တာ ကံကောင်။

နောက်တယောက်က ကရင်တိုင်းရင်သားလေး။

သူ့အဖေက သူ့သား အားဆေးသွင်းချင်လို့လာခေါ်တာပါ။ ကျနော်လည်း ငှက်ဖျားပျောက်ခါစမို့ အားမရှိ။ ဒါနဲ့လိုက်သွားပြီး အားဆေးသွင်းဖို့ ဆေးပုလင်းထဲက ဆေးကိုစုပ်တာ..အားမရှိလို့ လက်တွေတုန်နေတာကို လူနာရှင်ကြည့်တဲ့အကြည့်က..အားမနားတတ်ရင် သူ့သားချီပြီး ထွက်ပြေးချင်တဲ့ပုံမျိုး…..နောက်တယောက်က အောင်သန်း (ဇာသပြင်)..

ဆေးထိုးချင်လို့တဲ့..ရတာပေါ့။

ဒါနဲ့ ဆေးစုပ်ပြီးထိုးချလိုက်တာ ဆေးထိုးအပ်ဝင်သွားပုံကိုကြည့်ပြီး သိလိုက်ပြီ။ ဆေးစုပ်ပြီး ထိုးမယ့်အပ်မလဲဘဲ စုပ်အပ်နဲ့ပဲ ထိုးချလိုက်မိပြီဆိုတာ။

ဒါနဲ့ပဲ အပ်ပြန်နှုတ်လိုက်တော့…အောင်သန်းကပြောရှာပါတယ်။

ကိုစိုးလွင် ဒီတခါထိုးတာ နာတယ်နော်..တဲ့။

(အရင်ထိုးတုန်းက မနာတဲ့သဘော) (ဂုဏ်ယူစရာပေါ့)

ဒါနဲ့ ကျနောလည်း ခပ်တည်တည်နဲ့ပဲ ပြန်ပြောလိုက်တယ်။

အေးကွ..ဒီတခါဆေးပြင်းတယ်ကွလို့။

အမှန်အတိုင်းတော့ ကိုယ်လည်း ဘယ်ပြောရဲမလဲ။ ဟိုက ကိုယ့်ထက်အကောင်ကြီးတာ.. အဗြင်းခံရရင်မလွယ်ဘူး။

နောက်တယောက်ကတော့ အောင်သန်းအဖြစ်နဲ့ ဆင်တူရိုမှား။

သူကိုလည်း ဆေးထိုးရတာပဲ။ ဒီတခါတော့ အပ်လဲမိပေမဲ့ အပ်ထိပ်ဖျားက နည်းနည်းလေးကောက်နေပုံရတယ်။ လူနာဖင်ကို ထိုးချလိုက်တာ အပ်ထိုးတာနဲ့မတူဘဲ တံဇင်နဲ့ထိုးချသလိုပဲ။ တဗျစ်ဗျစ်နဲ့ အသားထဲကိုဝင်သွားတာကို မြင်နေရတယ်။

ဒီလူလည်း ကျနော့်ဆေးခန်းကိုလာတာ နောက်ထပ်မတွေ့ရတော့ဘူး။ ကျန်မာရေးတသက်လုံးကောင်းသွားပုံရတယ်။ ဆေး စွမ်းပုံများနော်…။

နောက်တခါကတော့ အုပ်စုလိုက်။

ငပိကြီးပဲနေတိုင်းစားရလို့လား..သန့်ရှင်းရေးပဲ ညံ့ဖျင်ကြလို့လားမသိဘူး။ ရဲဘော်တော်တော်များများမှာ ၀ဲပေါက်ကြတယ်။ ဒီတော့ တယောက်ကို ၀ဲဆေး ၂ စီစီထိုးပေးရပါမယ်။ တယောက်ချင်းဆီထိုးပေးရရင် ..၂ စီစီစုပ်လိုက်၊ အပ်လဲလိုက် ထိုးလိုက်နဲ့ဆိုတော့ လူအယောက် ၂၀ လောက်မှာ ကျနော်လက်ညောင်းပြီပေါ့။

ဒါနဲ့ရွှေဉာဏ်တော်စူးရောက်ပြီး လူ ၁၀ ယောက်စာ ၂၀ စီစီပြွန်နဲ့စုပ်။ တယောက်ချင်းဆီခေါ်ပြီး အပ်မလဲဘဲ (အပ်ရှားပါး တာရော..အပ်လဲဖို့ ကိုယ်သောက်ပျင်းထူတာရော) ၂ စီစီဆီ ထိုးပေးလိုက်တယ်။ အဲဒီအချိန်က AIDS အေအိုင်ဒီအက်စ် မပေါ်သေးလို့ထင်တယ်။ တယောက်မှဖြစ်သံ မကြားရဘူ။ အခုဒီလူတွေ နိုင်ငံခြားတွေရောက်ကုန်ကြပါပြီ။ ကျနော့်အကြောင်း တွေးပြီးများ ကျေးဇူးတွေ တင်နေမလား…တင်နေလေမလား။

စိုးလွင် (၀မ်ခ) (၂၁၁)