ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဒီမိုကရေစီနှင့် သံဃာပြစ်မှားမှု
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆
ဒီနေ့(၂၁.၈.၁၆)၊ လော့စ်အိန်ဂျလီခရိုင်၊ဖူလာတန်(Fullerton)မြို့၊ ဒေါက်တာခင်မောင်လေး + မရီမြင့်တို့အိမ်မှာ ပြုလုပ်တဲ့ သွားဆရာဝန်များ စုပေါင်းဆွမ်းကပ်ပွဲမှာ ပြောခဲ့ဖြစ်တဲ့ ဓမ္မစကားလေးပါ။
ဒီမှာရောက်နေတဲ့ မြန်မာတို့က မေးလေ့ရှိတဲ့ပြဿနာက- မြန်မာ့ဒီမိုကရေစီရေးမှာ ဆန်ကျင်ဘက်သဘောပြုနေတဲ့ ရဟန်းတော်များရဲ့ပြောဆို,ပြုမူချက်များနဲ့ ပတ်သက်ပြီး ဒီပုဂ္ဂိုလ်များကို ရဟန်းစစ်,ရဟန်းမှန်များလို့ ဆိုနိုင်ပါမည်လား? ဒီပုဂ္ဂိုလ်များကို မဖွယ်မရာ ပြောဆိုသူများမှာ အပြစ်ဖြစ်နိုင်ပါသလား? ဆိုတဲ့ကိစ္စကို ပထမဆုံး ပြောချင်ပါတယ်။
ဒီပြဿနာမျိုး ဦးစောမောင်လက်ထက်တုန်းကလဲ စစ်အစိုးရကို အကောင်းပြောခဲ့တဲ့ မင်းကွန်းဆရာတော်ဘုရားကြီးအပေါ် စော်ကား ,ပြစ်မှားပြောကြတဲ့ ဒကာရင်းအချို့ကို ပြောခဲ့ဖူးပါတယ်၊
လူတော်တော်များများက စစ်အာဏာရှင်စနစ်ကိုမုန်းတီးခြင်း၊ဒီမိုကရေစီကို မွတ်သိပ်လွန်းခြင်းကိုအကြောင်းပြုပြီး သူတို့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ဆရာတော် သံဃာတော်များအပေါ် နင်ပဲ ငဆ ဆဲရေးတိုင်းထွာပြုနေကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထေရဝါဒတက္ကသိုလ် ပါချုပ်ဆရာတော်ကြီးလဲ မိန်ကြားသွားပါပြီ၊ "သံဃံသရဏံ" ပျက်ယွင်းတဲ့အတွက် မဂ်ဖိုလ်အန္တရာယ်အထိ အပြစ်ကြီးမားတယ် ဆိုတဲ့ အကြောင်းပါ။
ဒီကိစ္စမှာ ဆရာဒကာတာဝန်အရ အကြိုက်ကိုအဓိကမထားဘဲ အကျိုးကိုသာ အဓိကထားပြီး ဓမ္မဓိဋ္ဌာန်ကျကျပဲ ပြောချင်ပါတယ်။ လူတစ်ဦးချင်းစီအရ ပြောကြမယ်ဆိုရင်.. ဒီမိုကရေစီက တစ်ဘဝ ဆင်းရဲကင်းရေးကိစ္စပါ၊ သရဏဂုံက သံသရာတစ်လျှောက်လုံး ဆင်းရဲကင်းရေး ဖြစ်ပါတယ်။ "တစ်ဘဝစာအတွက် သံသရာကြွေး အတင်မခံသင့်ဘူး" ဆိုတာလောက်တော့ ဗုဒ္ဓဘာသာဝင်တိုင်း ခံယူကြရမှာပါ။
အဲဒီတော့ ရဟန်းတော်တို့ကို ရဟန်းစစ် ဟုတ်,မဟုတ်ဆိုတာ (၂၂၇)သွယ်သိက္ခာပုဒ်အားလုံးနဲ့ တိုင်းတာရမှာမဟုတ်ပါဘူး၊ အဲဒီသိက္ခာပုဒ်တွေထဲက-
၁။ မာတုဂါမနဲ့ ကျူးလွန်ခြင်း၊
၂။ အနည်းဆုံး ရွှေစင် တစ်မတ်တန်ပစ္စည်းကိုခိုးယူခြင်း၊
၃။ လူဇာတ်ရှိသူရဲ့အသက်ကို သေစေခြင်း၊
၎။ ဈာန်မဂ်ဖိုလ်တရားကို မရဘဲ ရတယ်ပြောဆိုခြင်း၊
ဒီလေးချက် တစ်ချက်ချက်နဲ့ ငြိစွန်းရင် ရဟန်းမဟုတ်တော့ဘူး၊ မငြိစွန်းသေးသမျှ ရဟန်းစစ် ရဟန်းမှန်ပါပဲ။
ကျန်သိက္ခာပုဒ်တွေကတော့ ကျူးလွန်တဲ့ပုဂ္ဂိုလ်မှာ ဖြေရင် အပြစ်လွတ်တယ်၊ မဖြေရင် သူ့အပြစ်သူခံပဲ။
(ကိုယ့်မှာ ငါးပါးတည်းရှိတာတောင် တစ်ဝက်တင်အောင် မစောင့်နိုင်ကြဘဲနဲ့ (၂၂၇)လုံး လုံခြုံရဲ့လား ဆိုတာကတော့ စဉ်းစားသာ ပြောကြပေါ့ဗျာ..။
နှိုင်းယှဉ်စဉ်းစား သတိထားစရာ တစ်ခုကတော့- ၂၀၀၇-စက်တင်ဘာအရေးအခင်းမှာ မေတ္တာပို့ကြတဲ့ သံဃာများကို ဖမ်းဆီးနှိပ်စက်သူတွေကလဲ (ခုပြစ်မှားသူတွေလိုပဲ)
"(၂၂၇) မလုံခြုံတဲ့အတွက် ရဟန်းစစ်မဟုတ်ဘူး၊ ဒါကြောင့် ဒီရဟန်းတွေကို နှိပ်ကွပ်ထာ အပြစ်မရှိဘူး"လို့
ဦးအံ့မောင်စကား အထောက်အထားပြုပြီး ပြောခဲ့ဖူးတယ်။
အဲဒီတုန်းကသံဃာတွေနဲ့ ခုသံဃာတွေ.. ပြည်သူ့ဘက်ကရပ်တည်မှုအရ ကြည့်ရင်တော့ လုံးဝမတူပါဘူး။ ဒါက ပုဂ္ဂလဓိဋ္ဌာန်သဘောအရပြောတာပေါ့။ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစာရင်တော့- "သမုတိသံဃာရဲ့ အတွင်းစည်းဖြစ်တဲ့ 'ပါရာဇိက လေးပါး' နဲ့ တိုင်းကြည့်ရင် ရဟန်းတုရဟန်းယောင်လို့ မဆိုနိုင်ကြတာချင်းအတူတူပါ။
(ဒါဟာ ကျုပ်ကိုယ်တိုင်ရဲ့ ပုဂ္ဂလဓိဋ္ဌာန်ခံစားချက်ကို လုံးဝ ဘေးဖယ်ထားပြီး ဓမ္မဓိဋ္ဌာန်သန့်သန့်နဲ့ ပြောတဲ့ စကားပါပဲ)
ရဟန်းမဟုတ်တော့ဘူး လို့သတ်မှတ်နိုင်တဲ့ပြစ်မှုကြီးလေးခု မကျူးလွန်သေးသမျှ ရဟန်းအစစ်ပဲဖြစ်လို့..
ဆဲရေးတိုင်းထွာပြုမယ်၊ ခြိမ်းခြောက် ကြိမ်းမောင်းမယ်၊ သူများတွေ မလှူချင် မတန်းချင်အောင် ပြောဆိုဝါဒဖြန့်မယ် ဆိုရင် ...
"ဘိက္ခူ အက္ကောသတိ,ပရိဘာသတိ, ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ"စတဲ့
ပြစ်မှုတွေကို ကျူးလွန်တာပဲဖြစ်လို့ ပါချုပ်ဆရာတော်ကြီးပြောသလို သံသရာအပြစ် ကြီးပါတယ်။
တိပိဋကဓရ(ယော)ဆရာတော်ကလဲ ...
လူတွေက ရှင်ဒေဝဒတ်ကို"ဒေဝဒတ်ကြီး"လို့ခေါ်, ပြောနေတာနဲ့ ပတ်သက်လို့ အမိန့်ရှိဖူးတယ်၊
"ရှင်ဒေဝဒတ်ဆိုတာလဲ ရဟန်းတစ်ပါးပဲဖြစ်လို့ တခြားရဟန်းတော်များကိုခေါ်သလို 'ရှင်' ဆိုတာလေး
ထည့်ပြီး 'ရှင်ဒေဝဒတ်'လို့ပဲ ခေါ်ဆိုပါ" လို့ ဆုံးမဖူးပါတယ်။
ဟုတ်ပါတယ်၊ သူလို ဘုရားကိုသွေးစိမ်းတည်အောင်လုပ်တာ၊ သံဃာသင်းခွဲတာတွေနဲ့ အနန္တရိယကံကြီးတွေ ထိုက်နေသူကိုတောင် ရဟန်းကောင်းဘဝနဲ့ နေခဲ့ချိန်တွေကိုပါ သိမ်းကျုံးပြီး မပြစ်မှားသင့်ပါဘူး။ ဒီနေ့မြန်မာပြည်မှာ ကိုယ်ပြစ်မှားနေမိတဲ့ ရဟန်းတွေထဲမှာ ရှင်ဒေဝဒတ်လောက် အပြစ်ကြီးသူ တစ်ဦးမှ မပါတာတော့ သေချာပါတယ်နော်..။
အထူးသတိပေးချင်တာကတော့-
"ရဟန်းကောင်း ဟုတ်,မဟုတ်ကို ဒီမိုကရေစီ ထောက်ခံ, မထောက်ခံ" ဆိုတဲ့ 'စံ' နဲ့သာ မတိုင်းတာ, မပြစ်မှားမိကြဖို့ပါ။
"ကျောက်ကြီးရာ မခိုတဲ့ငါး ကွန်ချက်မိတတ်တယ်၊
ကျောက်ကြီးရာ ငါးခိုမှ ကွန်ချက်ကလွတ်မယ်"ဆိုတဲ့
ရှေးသူဟောင်း ဆုံးမစကားလဲ ရှိတယ်လေ..။
မင်းကွန်းဆရာတော်ကြီးကို ပြစ်မှားကြသူများတုန်းကတော့ ကန်တော့တောင်းပန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်၊
မျက်မှောက်အထိမသွားရောက်နိုင်ရင်လဲ အဝေးကပဲ ပြစ်မှားကြတာဖြစ်လို့ အဝေးကပဲ ကန်တော့ပါ၊
အဓိက ကတော့- "ဖူးမျော်, မာန်လျှော့, ကန်တော့ပါ၏"ဆိုတဲ့အတိုင်း ကိုယ့်စိတ်ထဲမှာ အမှန်တကယ် "မာန်လျှော့" ဖို့ပါပဲ။
အပြစ်ကို အပြစ်လို့ အမှန်အကန်မြင်၊ ကန်တော့တောင်းပန်၊ နောက်နောင် ဒီအပြစ်မျိုးမကျူးလွန်တော့ပါ"လို့
အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်မှ မာန်လျှော့ရာ ကျပါတယ် ဆိုတဲ့အကြောင်း ရှင်းပြခဲ့လို့ သူတို့ လိုက်နာကြပါတယ်။
"မာန် မချရင်တော့ သံသရာ့ဝန်ထုတ်ဖြစ်မယ်၊ မာန်ချရင် သံသရာ့ဝန်ကင်းမယ်" ရောဂါပျောက်ကင်းချင်ရင် ဆေးမငြင်းကြနဲ့ လို့ အကြံပေးချင်ပါတယ် ။
ပစ္စုပ္ပန်,သံသရာ နှစ်ဖြာအကျိုး ပြည့်စုံကြပါစေ။
အပ္ပမာဒေန သမ္ပာဒေထ...!!!
၂၁.၈.၁၆၊လော့စ်အိန်ဂျလီ