၂၈ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား ကနေဒါရောက် ဒီမိုကရက်တစ်မြန်မာများကျင်းပ




၂၈ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား ကနေဒါရောက် ဒီမိုကရက်တစ်မြန်မာများကျင်းပ
(ကျော်ဟုန်း) မိုးမခ ။ သြဂုတ် ၁၈၊ ၂၀၁၆



ကနေဒါရောက် မြန်မာဒီမိုကရက်တစ်များဟာ သြဂုတ်၊ ၇  ရက်နေ့ က ၂၈ နှစ်မြောက် ၈၈၈၈ အခမ်းအနားကို ကျင်းပခဲ့ကြပါ တယ်။ ပထမအစီအစဉ်အရ ၈၈ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားရရှာသော ကျောင်းသား၊ ပြည်သူ၊ ရဟန်း ရှင်လူတို့  ကို မမေ့မလျော့ဘဲ ကောင်းမှုပြု အမျှပေးဝေခဲ့ကြပါတယ်။ ထို ကောင်းမှုပြုအမျှဝေခြင်းကို 6700 No 4rd, Richmond B.C ရှိ ဗုဒ္ဓရံသီဘုန်းကြီးကျောင်းမှ ဆရာတော်ဦးဃောသကကို အမှူးထားပြီး နေ့ ဆွမ်းကပ်ခြင်း၊ သင်္ကန်းနှင့်ဝတ္ထုငွေကပ်ခြင်းကို စုပေါင်းပြုလုပ်ကြပြီး ကျဆုံးအာဇာနည်များအတွက် အမျှပေါ်ဝေကြပါတယ်။ ဆရာတော်မှလည်း ၈၈ ကျဆုံးသူများအတွက် ရည်စူးပြီး ရရှိငွေများကို လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်ရေဘေးသင့်အတွက် အလှူပေးမည်ဟု သိရပါတယ်။ ပထမပိုင်း အစီအစဉ်ကို နံနက် ၁၀ နာရီမှာစပြီး နေ့ လည် ၁၂ နာရီမှာ ရုတ်သိမ်းပါတယ်။



ဒုတိယအစီအစဉ်ကို 5175 Dumfries st, Vancouver B.C မှာရှိတဲ့ Kensington Community Centre မှာ ဆက်လက်ပြီး ကျင်းပပြုလုပ်ကြပါတယ်။ အခမ်းအနားမှူးအဖြစ် ကိုတင်နွယ်မှဆောင်ရွက်ပြီး အစီအစဉ်များကြေညာပါတယ်။


ပထမဦးစွာ အလေးပြုခြင်း ၃ ရပ်ဖြစ်တဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ခွပ်ဒေါင်းအလံအား အလေးပြုခြင်း၊ မြန်မာ့ တော်လှန်ရေး သမိုင်းတလျှောက် ကျဆုံးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအားအလေးပြုခြင်း၊ မြန်မာ့ဒီမိုကရေစီတော်လှန် ရေးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်သား ပြည်သူအပေါင်းအား အလေးပြုခြင်းဖြင့် ဂါဝရပြုကြပါတယ်။ ဒါ့အပြင် သူရဲကောင်းတို့ အတွက် ၁ မိနစ်ငြိမ်သက် အလေးပြုကြပါတယ်။


 
ဒီနောက်မှာ အရပ်ဖက်အဖွဲ့ အစည်း၊ တိုင်းရင်းသားမဟာမိတ် အဖွဲ့ အစည်းနဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများမှ တဦးချင်း အကြံပြု ဆွေးနွေးမှုများ၊ လက်ရှိဖြစ်တည်နေသာ မြန်မာပြည်နိုင်ငံရေး အခြေအနေများနဲ့  လူမှုပြဿနာတွေကို ၀ိုင်းဝန်းအဖြေရှာပြီး ပြည်တွင်းအရပ်ဖက်အဖွဲ့ အစည်းများနဲ့ ချိတ်ဆက် အကောင်အထည်ဖော်နိုင်ဖို့ ကို တင်ပြကြပါတယ်။


ရဲဘော်ကိုဌေးအောင်၊ ကိုမြင့်ဝေ၊ ကိုထွန်းထွန်းဦး၊ ကိုစောအေးမင်း၊ ကိုမင်းနိုင်၊ မမာလာဝင်း၊ မရီစိန်တို့ မှ ပြည်တွင်းရေးရာ များကိုလည်းကောင်း၊ အရပ်ဖက်မှကိုတင်ထွန်းက ပြည်တွင်းအခွန်ကောက်ခံမှုနှင့်ပေးဆောင်မှုတာဝန်များကိုလည်းကောင်း၊
 မြန်မာတိုင်းရင်းသား လူမျိုးများ အဖွဲ့ အစည်းမှ ကိုစိုင်းအောင်နှင့် ကိုဟန်ဆမ်မွန်တို့ မှ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုရေးရာများကိုလည်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါတယ်။





အများစု အကြံပေးတင်ပြဆွေးနွေခြင်းများနဲ့ အကောင်အထည်ဖော်ဆောင်ရေး သဘောတူညီမှုကတော့ ပြည်ပရောက် ၈၈ ဒီမိုများ သိက္ခာရှိစွာ အိမ်ပြန်နိုင်ရေး၊ ပြည်တွင်းကို မိမိတို့ နိုင်သည့်ဖက်မှ ပါဝင်ကူညီပေးရေး၊ ၂၁ပင်လုံအောင်မြင်ပြီးပြည်တွင်း ငြိမ်းချမ်းရေးများရရှိရန် ပြည်တွင်းအရပ်ဖက်အဖွဲ့ များနဲ့ ချိတ်ဆက်ကူညီရေးတို့ ပဲ ဖြစ်ပါတယ်။

တိုက်ပွဲဝင်တော်လှန်တေးများသီဆိုပြီး အခမ်းအနားကို ညနေ ၅ နာရီမှာ အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။

မိုးမခပရိသတ်အတွက် ၂၈ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား(ကနေဒါ)တွင် ရွတ်ဆိုခဲ့တဲ့ ကျောင်းသားတပ်မတော်မှ ရဲဘော် စောအေးမင်းနဲ့ စိုးမြင့်မောင်တို့ ရဲ့ ကဗျာ ၂ ပုဒ်ကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။


အိမ်ပြန်ချင်တယ်အမေ
============

ပျိမြစ်နုငယ်၊ ပညာဆက်တက်
တလူလူ အညွန့် ဖူးပွင့်ချိန်
ကြမ္မာလေရိုင်း၊ တိုက်ဖျက်ချေခဲ့
၈၈ နဲ့ အတူ၊ တော်လှန်နယ်မြေ
ခြေချခဲ့ပါတယ်အမေ။

နိုင်ငံရေးအစ၊ ဘာသာသုည
စစ်မြေသင်တန်း၊ ပင်ပန်းသင်ယူ
ရောဂါစုံခံစား၊ ရက်ပေါင်းများစွာ
ငယ်ဘ၀ကိုပေးဆပ်ရင်း
ကြီးပြင်းခဲ့ရသူပါအမေ။

အမေ့သတင်းနားစွင့်ရင်း၊ သောကစိတ်ပူ
ဖန်ခါလဲမို့ ၊
ညှိးတခါ၊ သာတလှည့်နဲ့ 
အမေ့ခွန်အား၊ မှီးပါများတော့
မာထန်စိတ်ဓာတ်၊ သီးခံခြင်းတရားနဲ့ 
ပြည့်စုံကြီးပြင်းလာခဲ့ရသူပါအမေ။

ပြည်ပခွာလည်း၊ ကြုံရာနေထိုင်
အမေနဲ့ ပြည်သူ လွတ်မြောက်ဖို့ အတွက်
သံရုံးများရှေ့ ၊ သံကုန်ဟစ်ကြွေး
ငတ်တခါ၊ ပြတ်တလှည့်
သံတိုင်တွေနောက်၊ အကြိမ်ကြိမ်ရောက်လည်း
ပြန်လည်ရယူမယ့် တိုက်ပွဲဝင်ခဲ့တာ
သားတို့ ပါအမေ။

ပြည်ပရောက် ဘ၀မှာလည်း
လည်ပတ်သွေးတိုင်း၊ အမေ့ဆုံးမစကား
တသွေမတိမ်း၊ စီးဆင်းရင်းနဲ့ 
ပညာရှာခဲ့၊ ဥစ္စာစုရင်း
စစ်ဘေး သဘာဝဘေး၊ စစ်အစိုးရဘေး
ရောဂါများဘေး၊ ကြုံရလေတိုင်း
စုပေါင်းပြန်ပို့ ၊ တဖက်တလမ်းက
ပြည်တွင်းအကျိုးပြုနေဆဲသူတွေပါအမေ။

သားတို့ သိပါတယ်အမေ…
အမေဟာ အမေ့အတွက် မဟုတ်
ဗမာတမျိုးတည်းအတွက် မဟုတ်
တိုင်းတပြည်လုံး၊ မှီတင်းနေထိုင်သူ
မြန်မာပြည်သား အားလုံးအတွက်
အရာရာ အမေစွန့် လွှတ်
အနစ်နာခံလုပ်နေတာတွေ
သားတို့ သိပါတယ်အမေ။

ပင်ပန်းနွမ်းနယ် အမေ့ကိုကြည့်ရင်း
သား အိမ်ပြန်ချင်ပြီ အမေ။

သားတို့ လုပ်ခဲ့သမျှဟာ
အာဏာ ရာထူးပြန်တောင်းဖို့  မဟုတ်
စွန့် လွှတ် အနစ်နာခံခဲ့ရလို့ 
ပြန်လည်ကြွားဝါဖို့  မဟုတ်
သင်ပညာတွေ ဘယ်လိုတတ်လို့ 
ပြန်ဦးဆောင်ချင်တာလည်း မဟုတ်
တိုင်းတပါးမှာ
လိုရာအတိ ပြည့်စုံငြားလည်း
အမေတည်ဆောက်နေတဲ့
စစ်မှန်ဖယ်ဒရယ် အိမ်ကြီးအောက်
ကျရာတာဝန်
အုတ်တချပ်သဲတပွင့် ဖြစ်ဖြစ်
အမေ့မေတ္တာရိပ်အောက် ခိုရင်း
ဘ၀ဆုံးတိုင် ပေးဆပ်ချင်လို့ 
သား အိမ်ပြန်ပါရစေ အမေ။ ။

( စောအေးမင်း)

ငြိမ်းချမ်းရေး နားလုံ
===========

နားလုံရဲ့ အတ္ထုပ္ပတ္တိ ကျွန်တော်တို့ ဖတ်ကြည့်ကြမယ်။

နားလုံဆိုတာ နယ်စပ်နဲ့ မနီးမဝေး
စစ်ဘေးသင့်တဲ့ ရှမ်းကချင်ရွာလေးပေါ့၊

နားလုံနဲ့ လိုင်ဇာကြားမှာ
တချိန်က ထင်ရှားခဲ့တဲ့
လကြားရံ ၀ါးတားဂိတ်
နှစ်ကိုယ့်တစိတ်ဖြစ်ဘူးတယ်။

အိပ်မက်မဟုတ်တာ သေချာပါတယ်။
ဗမာစစ်သား၊ ကချင်စစ်သား
အတူစား၊ အတူနားတဲ့
အဲ့ဒိအရိပ်မှာ အခုတော့
ယမ်းငွေ့ တဝေေ၀၊ မိုင်းကြိုး တခွေခွေနဲ့ ပေါ့။

နားလုံ ကောက်ကြောင်း ပြန်ပြောင်းပြောမယ်။
ကချင် တခြမ်း၊ ရှမ်းတခြမ်းရွာ
ဒါပေမယ့် …
တလမ်းတည်းလာလို့ 
တလမ်းတည်း သွားခဲ့ကြတယ်။

ရှမ်းက ဗုဒ္ဓ၊ ကချင်က ခရစ်ယာန်
ငြင်းသံခုန်သံ ဘာသာရေးရန် မရှိ
မေတ္တာအတိနဲ့ နေတဲ့ ရွာကလေး။

စာသင်ကျောင်းက ဗမာကျောင်း
ခေါင်းလောင်းထိုးသံမှာ
ကလေးတွေရဲ့ အနာဂတ်
တညီတညွတ်ထဲ ရပ်တဲ့ ရွာကလေး။

ဆေးခန်းတခုမှာ
ရောဂါတွေ အတူပြ
ကျေးရွာဝါဒနဲ့ နေတဲ့ ရွာကလေး။

ခုတော့ …ခုတော့၊ အဲ့ဒိ နားလုံ
စစ်အနိဌာရုံအောက်
အိးုပစ် အိမ်ပစ်
လယ်ပစ် ယာပစ်
ဘုရားပစ်ပြီး
စစ်နဲ့ ဝေးရာ ဒုက္ခသည်ရွာတဲ့။

ကျပ်ညှပ်ပြွတ်သိပ်၊ ဒီအိပ်ဒီစား
ဒီနား မစင်၊ ဒီတင် အပေါ့
ကလေးဆော့ဆော့။ ခွေးမော့မော့နဲ့ 
အော့အန်နွမ်းခွေ၊ ဒုက္ခဂေဟာ
စစ်ပြေးရွာတွေ ဒုနဲ့ ဒေး။

ငြိမ်းချမ်းရေးလှိုင်း
ဘာနဲ့ တိုင်းမလဲ၊
ဟိုဘက်က မိုင်း၊ ဒီဘက် မိုင်းနဲ့ 
စည်းဝိုင်းအထပ်ထပ် မိုင်းနဲ့ ပတ်၏
တောင်တက်တောင်ဆင်း မိုင်းလမ်းခင်း၏
လယ်ကွင်းတောစပ် မိုင်းခြံခတ်၏
မိုင်းရှင်းလေရာ လူသားကာဒိုင်း
စစ်သင်္ချိုင်းသာဖြစ်တော့၏။

နားလုံ ဥပမာ အဖြေရှာလော့
စစ်နဲ့ ငြိမ်းချမ်းရေး ဘယ်ဟာရွေးမလဲ
အပစ်အခတ် မပြီးသတ်ဘဲ
စိမ်းဇတ်ဇတ်နဲ့ သတ်မျတ်ဆွေးနွေး
ဝေးပြီးဝေးပေါ့
ပြည့်သူ့ အရေး ပြည်သူတွေးလို့ 
ငြိမ်းချမ်းရေးဝေဒနာ
အဖြေရှာ ကု
ပြည်သူလူထု ညီစေသော်…
ပြည်သူလူထု ညီစေသော်…။ ။

(စိုးမြင့်အောင်)