ဆောင်းယွန်းလ ● မီးတောက်လောင်ခြင်း သတင်း



ဆောင်းယွန်းလ ● မီးတောက်လောင်ခြင်း သတင်း
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

မီးဟာ
တောက်ပြီးရင် လောင်ဖို့ပဲ
ဘယ်တော့မှ ဖုန်းကြိုဆက်မထားဘူး
တံခါးမခေါက်ဘူး
အချက်ပေးခေါင်းလောင်းမတီးဘူး
လေအခံမရှိလည်း လောင်ဖို့ ထတောက်တာပဲ
လေအခံကောင်းလို့ကတော့
လေယာဉ်ပျံမောင်းလာတာထက်တောင် မြန်တယ်

မီးဟာ
မြင့်မြင့်ကပျံလာရင်း ခေါင်ထိပ်မှာ တဟုန်းဟုန်း
ငယ်ထိပ်ကို တရိပ်ရိပ်နဲ့တက်လာရင်း တဟုန်းဟုန်း
အရှိန်တက်နေတဲ့ မီးထဲမှာ ကိုယ့်ကိုယ်ကိုပြန်ရှာလို့မရ

မီးဟာ
တဟုန်းဟုန်း တောက်တုန်း လောင်တုန်း
လောင်ရင်း တောက်နေတဲ့
မီးထဲမှာ
ရှေ့ကအဆောက်အအုံဟာ အာမခံကြေး ဘယ်လောက်လဲ
ကိုယ့် အသက်အာမခံကြေးက ဘယ်လောက်လဲ
မောင်းနေတဲ့ ကားရဲ့ အာမခံကြေးက ဘယ်လောက်လဲ
ဘာဆို ဘာမှမသိဘူး တောက်ခြင်းမှာ ဆက်လောင်တယ်
ဘာဆို ဘာမှမတွေးဘူး လောင်ခြင်းနဲ့ ဆက်တောက်တယ်
တောက်ရင်း လောင်ရင်း လောင်ရင်း တောက်ရင်းနဲ့
မီးတောက်ဖို့ ပျိုးတဲ့ တန်ခိုးနဲ့
မီးလောင်ဖို့ ထိုးတဲ့ တန်ခိုးဟာ ကိုယ့်ကိုယ်တွင်း တနေရာမှာ…

မီးစွယ် မီးညွန့်တွေကျိုးဖို့
ရေချိုးသလိုမျိုး ...
ကိုယ့်စိတ်ကိုယ်ပြန်ချိုးထားခဲ့ရတဲ့ ညနေ..။

ဆောင်းယွန်းလ (သြဂုတ် ၁ရက်၊ ၂၀၁၆)