မင်းကိုနိုင် ● ချစ်တယ်, မုန်းတယ် ဆိုရာဝယ်


မင်းကိုနိုင် ● ချစ်တယ်, မုန်းတယ် ဆိုရာဝယ်
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“အဘိုးမှတ်မိသလောက်တော့ ဒါဟာ ဟိုတုန်းက ဗဟိုပုံနှိပ်တိုက်ပဲကွ။ အစိုးရ သတင်းစာတွေ ဒီမှာပဲရိုက်တာ ထင်တယ်။”

အသက် (၉၀)အရွယ် အဘိုးအို၏ စကားကို လူရွယ်တစ်ဦးက “အခုလည်း ပြန်ကြားရေးအောက်မှာပဲလေ။ ပုံနှိပ်ရေးနဲ့ ထုတ ဝေရေးပဲ။ ဒီကြားထဲ ဘာများပြောင်း တာရှိခဲ့လို့လဲ” ဟု မေးသည်။

“တရားဝင်တော့မသိဘူး၊ ရွှေဝါရောင်ကာလတုန်းကတော့ သိတဲ့အတိုင်းပဲ ဟိုအဖွဲ့တွေ ဒီမှာရုံးထိုင်သတင်း ယူကြ၊ ဝင်ထွက် ကြ ခြေရှုပ်နေတာ။ အဲဒီတုန်းကများ ... ပြောရင်းနဲ့ ကျောချမ်းလာတယ်” ဟု လူလတ်တစ်ဦးက စကားသံတိုးတိုးဖြင့် ပြော သည်။

သာမန်အချိန်များ၌ လူတွေအမှတ်တမဲ့ ကျော်သွားတတ်သည့် ထိုနေရာ၊ ရန်ကုန်မြို့လယ် တွင်ရှိပါလျက် မည်သည့်ရုံးမှန်း ဌာနမှန်းတောင်မသိခဲ့ကြသည့် ထိုအဆောက်အအုံ၊ ယနေ့တော့ အရောင်စုံ၊ အသွေးစုံ၊ အရွယ်စုံကားတွေ အလုအယက် ရပ်ရန်နေရာရှာကြ၊ လူတွေခြေလှမ်းသွက်သွက် ဝင်လာကြ။

နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲရာ အုတ်တိုက်နီ အဆောက်အအုံ သည် ကိုလိုနီခေတ် လက်ရာမှန်း ထင်ရှားစွ။ အဝေးမှကြည့်လျှင် လမ်းတစ်ဖက်ရှိ အတွင်းဝန် ရုံးဟောင်းနှင့် ယှဉ်တွဲလျက် ညီအစ်ကိုနှစ်ဦး ရပ်နေသလို။

“ဆက်ပြောဦးလေ၊ ဘာလို့ စကားသံတိုးသွားရတာလဲ။ ဒီခေတ်ကြီးမှာ ဘာကိုကြောက်နေသေးတာလဲ” ဟုလူငယ်က မချင့် မရဲ မေးသည်။

“အင်းစိန်ဂျီတီအိုင်ကျောင်းကြီးကိုလည်း သတိရလိုက်တာ။ ဘာတွေတူနေလဲ သိလား။ ကိုလိုနီခေတ် အဆောက်အအုံ အုတ်တိုက်နီကြီး ဖြစ်တာရော၊ ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေ၊ ပြည်သူတွေကို အကုန်သိမ်း ကျုံးဆွဲခေါ်လာ။ ပိတ်လှောင် ထားပြီးတော့ စစ်ကြောရေးတောင် ဝင်သေးတယ်”ဟု လူလတ်ပိုင်းက ပြောသည်။

အဘိုးအိုက ကားလမ်းကူးလျက် အဆောက်အအုံထဲမဝင်ခင် “ဒါဆိုရင် ဟယ်ပင်လမ်းက ဒီလိုအဆောက်အအုံ နီနီထဲ ကျွန်းဆွယ်အရေးအခင်းတုန်းက ကျောင်းသားတွေကို မျက်နှာအဝတ်စည်းပြီးခေါ်လာ။ တစ်သက်မမေ့နိုင်အောင် ပြုစုလိုက် ခဲ့ကြပုံများ ၁၉၆၉ ဝန်းကျင်က တက္ကသိုလ်တက်ခဲ့တဲ့ ကျောင်းသားတွေ မေးလိုက်ပါဦး”ဟု စကားဆက်ပေးသည်။

လူငယ်ကလေးကတော့ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ နီနီများစွာထဲက အတွင်းဝန်ရုံးကြီးကို မြင် သည်နှင့် “ပင်နီတိုက်ပုံများ ဝိုင်းထားခဲ့ရာ တဖြောင်းဖြောင်းနှင့် မြင်းခွာသံ နံပါတ်တုတ်များဝင်လာပုံ၊ ပြီးတော့ အတွင်းထဲ လှမ်းမျှော်ကြည့်ပြန်တော့ သေနတ်သံယမ်းခိုးများကြား လဲကျသွားသည့် အာဇာနည်တွေ၊ သမိုင်းကို ကိုယ်စီပြောပြနေကြ ပါလား” ဟု တစ်ကိုယ်ရေ တွေးလိုက်သည်။



အဆောက်အအုံဝင်းထဲကို ဝင်မိသည်နှင့် ကိုယ်လိုစာချစ်သူတွေ၊ နိုင်ငံရေးစာပေ ရှာဖွေဖတ်ချင်သူတွေ၊ စာတမ်းဖတ်ပွဲ နားထောင်ချင်သူတွေ ပန်းခင်းထဲရောက်နေတဲ့ လိပ်ပြာ၊ ပျားပိတုန်းတွေလို၊ ပထမထပ်၊ ဒုတိယထပ်၊ ကော် ရီဒါတွေမှာ မျက်နှာသိတွေ လှမ်းမြင်ရ၊ လက်ပြနှုတ်ဆက်ကြ။ တော်ကြာ ထောင့် ချိုးကွေ့တွေမှာ မိတ်ဆွေသူငယ်ချင်းကို လှမ်းမြင်လို့ ဝမ်းပန်းတသာ နှုတ်ဆက်ဖို့ အသွား လမ်းကစာအုပ်ဆိုင်တွေရဲ့ ဖမ်းစားညှို့ယူခြင်းကို ခံလိုက်ရပြီး လိုရင်းမေ့သွား။ သတိရလို့ တွေ့ချင်လှတဲ့ မိတ်ဆွေကို ပြန်ရှာမိပြန်တော့ ဟိုကလည်း သူ့လို စာအုပ်ပုံထဲ ခေါင်းထိုးနေ။ မထင်မှတ်ဘဲ ကျောဘက်က တစ်ယောက်က ပခုံးကိုပုတ်၊ စာအုပ်တစ်ပွေ့ တစ်ပိုက်နဲ့ဆိုတော့ မိတ်ဆွေချင်းလက်ဆွဲနှုတ်ဆက်လို့ မရကြ။ သူပွေ့လာတဲ့ စာအုပ်အထပ်၊ ကိုယ်ချီလာတဲ့ စာအုပ်အပုံခေါင်းစဉ်တွေ အလုအယက်ဖတ်။ “ခင်ဗျားဒါကို ဘယ်ဆိုင်ကရသလဲ အလုအယက်မေး။ သမီးသားရေး၊ စီးပွားရေးနဲ့ ရည်းစားရေးတောင် ဖလှယ်ဖို့မေ့။ သူတော်ချင်း သတင်းလွေ့လွေ့များ ပင်တည်း။

စာတမ်းဖတ်ပွဲမှာ တမေ့တမောမျော ပါပြီး ပြန်ထွက်လာမှ သက်ကြီး၊ သက်လတ်၊ သက်ငယ်တစ်စု စကားစပြန်ဆက်ဖို့ ကြိုးစားသည်။

“ကိုလိုနီခေတ် အဆောက်အအုံတွေရဲ့ ဖြတ်သန်းမှုခေါ်မလား၊ အဲဒါကိုပဲ စာတမ်းတစ်စောင်ရေးသူရှိရင် ဖတ်ချင် နားထောင် ချင်လိုက်တာ” ဟု အငယ်ဆုံးလူ ကတောင့်တသည်။

အဘိုးအိုက “ကိုယ်မီတဲ့ခေတ် ကိုယ်သိသလောက် ဝိုင်းစုကြရင် ရမယ်ထင်တယ်” ဟု မှန်းဆသည်။

“ငါတို့အတွက်ဂုဏ်ယူစရာ ဘာတွေ ပြန်ပြောနိုင်သလဲ။ နာကျင်စရာ ဘာတွေ ရှိခဲ့လဲ။ အဲဒီနားရောက်ရင် မျက်စိတောင် စွေမကြည့်ရဲဘဲ ကျောကော့ပြီး ခပ်သုတ်သုတ် လစ်ရတဲ့ နေရာတွေလည်းရှိခဲ့တာပဲ” ဟု လူလတ်က မှတ်ချက်ပြုသည်။

“ဒါပေမယ့် ဘေးက စိတ်ချရတဲ့လူပါရင်တော့ လက်ကုတ်ပြီး တိုးတိုးပြောချင်တာပဲ မဟုတ်လား” ဟု မေးသည်။

သိမ်ဖြူလမ်းဝင်ပေါက်မှ အဖြူ၊အစိမ်းများ ဝေါခနဲဝင်ချလာသည်။ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေကို ဆရာမ များဦးဆောင်ခေါ်လာ၊ ကျောင်း သားတွေမှာလည်း စပ်စုချင်စရာများစွာ ကြုံနေသည့် အဝန်းအဝိုင်းထဲ စိတ်အားထက်သန် ခြေလှမ်းတွေနှင့်။

“မနေ့တစ်နေ့က ခေတ်ဆိုရင်ကွာ..။ နိုင်ငံရေးဆိုတဲ့ ဝေါဟာရ ပွိုင့်သေးသေးလေးနဲ့ ရိုက်ထားတဲ့ စာမြင်ရင်တောင် အထိတ် တလန့် လွှတ်ချပြီး ရှောင်ကွင်းသွားကြတာ။

အခုကြည့်စမ်း..လမ်းထောင့်မှာ ဆန်ကောလောက်ကြီးတဲ့ စာလုံးကြီးတွေနဲ့ နိုင်ငံရေးစာပေဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက် တသောသော ဝင်လာကြတာ ငါဖြင့်စိတ်ထဲ..” ဟု ဆိုကာ အဘိုးအိုက စကားမဆက်နိုင်ရှာ၊ သူ့လက်က တုတ်ကောက်ကို အားပြု၍ ခြေလှမ်းကိုသာ ဆက်လျှောက်လာ၏။ အဘိုးအို အတွက်ကတော့ အပြန်လမ်း၊ မျိုးဆက်သစ်များအတွက်ကား အဝင်လမ်း၊ လူငယ်၊ လူလတ်များ အတွက်တော့ မပြန်နိုင်သေး၊ ရှိနေသေး၊ လျှောက်နေသေးသည့် လမ်း။

အဆောက်အအုံတွင် ဆေးသုတ်ထားကြောင်း မထိမိအောင်၊ မတိုက်မိအောင် သတိပေးထားသည့်စာကို မြင်သည့် အချိန် တွင် ကိုယ်စီအဝတ်များတွင် ဆေးနီမှုန့်များ ပေကျံပြီးနှင့်ကြပြီ။ အမျိုးသားများ အင်္ကျီအဖြူများ ဖြစ်သည့်အလျောက် ထင်းခနဲ ပေစွန်းကုန်ကြသည်။ “ဟေ့လူ ခင်ဗျားကျောမှာပေကုန်ပြီ” ဟု သတိပေး သူကိုယ်တိုင်ရဲ့ အင်္ကျီလက်တွေမှာလည်း စွန်း ထင်းနီရဲလျက်။

အဝတ်အစားသစ်များ၌ ညစ်ပေသွားခြင်းအပေါ် စိတ်ထဲ စနိုးစနောင့်ဖြစ်မိကြသော်လည်း ခေတ္တမျှသာ။ ခါတော်မီဆေးနီ မှုန့်များ ကိုယ်စီပေကျံလျက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အရယ်အမော မပျက်ကြ၊ တစ်စုံတစ်ရာအပေါ် ကျေနပ်သလိုတောင် မျက်နှာတွေမှာ တွေ့နေရသေး။

“တချို့ အခမ်းအနားတွေဆိုရင်ဗျာ တက်ရောက်ကြောင်း သင်္ကေတ စတစ်ကာလေးတွေ ကပ်ပေးပါရောလား။ ကိုယ်တက်ခဲ့ တဲ့ပွဲက ဂုဏ်ယူစရာဆိုရင် အဲဒီစတစ်ကာလေး အပြင်ရောက်တောင် မခွာချင်သေးဘူးလေ။ အခုလည်း ဒီလိုပေါ့” ဟု တစ်ဦးက လက်မောင်းမှဆေးနီများကို ပြရင်းပြောရာ ကျန်သူများက ကျေနပ်စွာ ရယ်လိုက်ကြသည်။

အဝတ်အစားကောင်းတွေပေါ်မှာ စွန်းထင်းပေကျံသွားတာ စိတ်ငြိုငြင်ရမယ့်အစား အရယ်အပြုံးမပျက် ပြန်ထွက် လာကြတာ ဘာကြောင့်လဲဟု မေးစရာလိုမည်မထင်ပါ။ သူတို့လက်ထဲ တစ်ပွေ့ တစ်ပိုက်ပါလာကြသော စာအုပ်များက ကိုယ်စားဖြေပါ လိမ့်မည်။

“လူတွေဖန်တီးခဲ့တဲ့ အဆောက်အအုံတွေကို လူတွေ ဘယ်လိုသဘောထား ကြသလဲ ဆိုတာ အခွင့်အာဏာရှိ သူတွေက အဲဒီအဆောက်အအုံကို ဘယ်လို အသုံးချခဲ့ကြသလဲ ဆိုတဲ့အပေါ် မူတည်တာပါပဲလား။ နေရာဌာန အဝန်းအဝိုင်းတစ်ခုကို လူတွေချစ်ကြတယ်၊ ရွံမုန်းကြတယ်၊ ပတ်သက်ချင်ကြတယ်၊ ရှောင်ရှားချင်ကြတယ်ဆိုတဲ့ ခံစားချက်တွေကလည်း သဘာဝ ကျတဲ့ တုံ့ပြန်မှုတွေပဲ” ဟူသော စကားကို အဘိုးအိုမဆိုဖြစ်သေး။

ဝယ်လာသည့်စာအုပ်များ ကိုယ်စီပွေ့ပိုက်ကာ ထိုအဆောက်အအုံ နောက်ခံနှင့် အမှတ်တရ ဓာတ်ပုံရိုက်ယူနေသော ကျောင်းသားငယ်များကို ငေးလျက်...။

#‎မင်းကိုနိုင်‬
[ ယနေ့ထုတ်၊ ကြေးမုံသတင်းစာမှ]