မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၃



မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၃
(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၆
သင်တန်းများနှင့်မိမိ

အင်းယားကန်သည်မိမိနှင့်မစိမ်းလှပေ။ တက္ကသိုလ်မရောက်မီကထဲက အကျွမ်းဝင်ခဲ့ရသောနေရာတခု ဖြစ်သည်။ ယနေ့ခေတ်ကာလလူငယ်များကဲသို့ပင် မိမိလည်း ဆယ်တန်း ဒုတိယနှစ်ဖြေဆိုပြီးနောက် ရန်ကုန်သို့လာပြီး သင်တန်းပေါင်းစုံတက်သည်။ ထိုခေတ်က တီဗီပင်မရှိသေးသည့်ခေတ်ဆိုတော့ ကွန်ပြူတာသင်တန်းတော့ တက်ခွင့်မကြုံနိုင်သေးခဲ့။ နယ်မြို့လေးမှ ရန်ကုန်သို့တက်လာပြီးသကာလ မျက်စေ့သူငယ်နားသူငယ်နှင့် သင်တန်းပေါင်းစုံတက်ရပါသေးသည်။

တက်ရသောသင်တန်းတခုကတော့ ကရာတေးသင်တန်းဖြစ်သည်။
ရှမ်းလမ်း (ဗဟိုလမ်း) နှင့် ဟုမ်းလမ်း(ပန်းလှိုင်လမ်း) ထောင့်ရှိ ယူနိုက်တက်ကရာတေးကလပ်တွင် ဖြစ်သည်။ သင်တန်းဆရာကြီးကတော့ ဦးသောင်းဒန်ဖြစ်သည်။ လိုင်းကားမရှိ၍ ရှမ်းလမ်းဓာတ်ဆီဆိုင် မှ ဟုမ်းလမ်းထောင့်ရှိ လမ်းလျှောက်ရသည်။ ယခု အာရှတော်ဝင်ဆေးရုံရှေ့ဟုဆိုရမည်။ ထိုစဉ်ကတော့ ရှမ်းလမ်းတလျှောက် ယခုကဲ့သို့အထပ်မြင့်တိုက်များ မရှိသေး။ ရေနံချေးဝနေသော လုံချင်းပျဉ်ထောင်အိမ်မဲလေးများသာတန်းစီနေသည်။ ဟုမ်းလမ်းတွင်းကရာတေးကလပ်နှင့် ကပ်ရက် ဝင်းခြံကျယ်ကြီးက ဖဆပလခေတ်က ဝန်ကြီးချုပ်တို့ ကာကွယ်ရေးဝန်ကြီးတို့လုပ်ခဲ့သော ဦးဗဆွေ၏ အိမ်ဖြစ်သည်။ ယခုတော့ ပိုင်ရှင်တွေပြောင်းသွားကြပေပြီ။ အထပ်မြင့်တိုက်တွေဖြစ်သွားချေပြီ။ တပတ် ၃ ရက်ခန့်တက်ခဲ့သော နွေရာသီသင်တန်းတွင် မိမိအနေနှင့် ကိုယ်ခံပညာဘာမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့ပါ။ ကိုယ်လက်လှုပ်ရှားအားကစားမျှသာ ဖြစ်ခဲ့သည်။ ကိုယ်ခံပညာကတော့ ဝါးတားတားဟု ဆိုရပါမည်။

နောက်သင်တန်းတခုကတော့ အင်္ဂလိပ်စာသင်တန်းဖြစ်သည်။ အင်္ဂလိပ်စာကို အခြေခံမှစ၍ သေသေချာချာသင်ပေးသော သင်တန်းဖြစ်သည်။ သင်တန်းဆရာတဦးက ဆရာကြီးဦးခင်မောင်လတ်ဖြစ်သည်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ခင်ပွန်းဖြစ်ပြီး ယခုအမေရိကအခြေစိုက် မိုးမခမီဒီယာစီစဉ်နေသူ မောင်ရစ်၏အဘိုးဖြစ်သည်။ နောက်ဆရာတစ်ဦးက တောင်တွင်းဦးကိုကိုကြီး ဖြစ်သည်။ ဆရာ့အား ဂေါ်ကီ ဘာသာပြန်စာအုပ်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့ပြင် ဆရာဦးကိုကိုကြီးသည် ရှင်ဥက္ကဋ္ဌ ( လူသေလူဖြစ်)နှင့်တွဲ၍ နံမည်ကြီးခဲ့သည်။ နောင်ကာလများတွင် သူ့သားနှင့်မိမိတို့ရဲဘော် ရဲဘက်များဖြစ်ခဲ့သည်။ ယခုလည်း ဆရာဦးခင်မောင်လတ် မြေးစီစဉ်သည့် မိုးမခမီဒီယာတွင် စာရေးဖြစ်သည်။ ထိုဆရာနှစ်ဦးနှင့်မိမိ ပဋ္ဌာန်းဆက်ရှိ သည်ဟု ဆိုကြဖွယ်ရှိသည်။ ထိုစဉ် သင်တန်းနေရာက လှည်းတန်းတွင်ဖြစ်သည်။ လှည်းတန်မီးပွို င့်နှင့် အာတီးယားလမ်းကြားရှိလမ်းသွယ်လေးထဲတွင် ဖြစ်သည်။ ယခုတော့ လှည်းတန်း စင်တာကြီးက ဝါးမြိုသွားချေပြီ။ ဆရာကြီးနှစ်ဦးကအခြေခံမှစ၍ ဂရုတစိုက်သင်ကြားပေးသော်လည်း မိမိ၏အာရုံစိုက်မှုနည်းပါး၍ မတောက်တခေါက်သာ တတ်ခဲ့သည် ဟု ဆိုရမည်။

နောက်သင်တန်းတခုကတော့ ရေကူးသင်တန်းဖြစ်သည်။ သင်တန်းတည်ရှိရာကတော့ အင်းယားကန် တွင် ဖြစ်သည်။ ဘွဲ့နှင်းသဘင်နောက်ဖက်ကဆင်းသွားလျှင် ရောက်သည့် အင်းယားကန်စပ်တွင် ဖြစ် သည်။ ထိုစဉ်က အင်းယားကန်ပတ်ခြားလည်အများစုမှာ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။ ယနေ့ကာလကဲ့သို့ ခရိုနီ ခရိုနက် ခရိုပြာ ခရိုဝါ သံတိုင်ခတ်၍ မောင်ပိုင် မစီးကြ သေးပေ။ အင်းယားကန်စပ်ရေတိမ်ပိုင်းတွင် ဖော့များဖြင့် ကြိုးတားစည်းခတ်ပြီး ရေကူး သင်သည်။ သင်တန်းဆရာကတော့ ကျွန်းဆွယ်ရေကူးချန်ပီယံ ရွှေတံဆိပ်ဆုရှင် မောင်ကြည်ဖြစ်သည်။ ထိုကျွန်းဆွယ်ရေကူးပြို င်ပွဲတွင် အလားတူရွှေတံဆိပ်ဆုရသော စင်ကာပူမှ ပက်ထရစ်ရှာချန်းကို အနမ်းနှင့် ဂုဏ်ပြုလိုက်၍ နံမည်ကြီးနေသူဖြစ်သည်။

သင်တန်းသူသင်တန်းသားများတွင် ထူးထူးခြားခြားသတိပြုမိကြသော သင်တန်းသူ တစ်ဦးရှိသည်။ အသက် ၁၈ နှစ်ခန့်ရှိ အသားဖြူ ဖြူ ကိုယ်လုံးကိုယ်ပေါက် လှလှ ကောင်မလေးတယောက်ပါသည်။ ရေကူးဝတ်စုံအပြာလေးနှင့်သူမက သင်တန်းတခုလုံးကို ထိန်းထားသည်။ ရေတွေစိုရွဲနေသည့်
ရေကူးဝတ်စုံအပြာလေးက သူမ၏ ကိုယ်ကာယအလှကို အထင်သားပေါ်လွင်စေပါသည်။ သူမကိုယ်ပေါ်စီးဆင်းနေသည့် ရေစက်ပေါက်ကလေးများကဆွဲဆောင်မှု ပေးသည်။ ဒါတောင် ဘီကီနီမဟုတ်သေး။ သူမ၏ကိုယ်လုံးကိုယ်ပေါက်အလှကား သင်တန်းသားမျက်စေ့စားပွဲထိုင်ရာ ဖြစ်သည်။ ခိုးကြည့်သူကြည့်၊ မသိမသာကြည့်သူကြည့်၊ ဗြောင်ကြည့်သူကြည့်နှင့် မကြည့်သူမရှိ
လောက်ဟု ဆိုရမည်။ သူမကတော့ ခပ်တည်တည်ပင် ရှက်ရွံ့ဟန်မပြ။ သူမအလှတွင် ယောက်ျားသားများ မိန်းမောနေသည်ကို ကျေနပ်ပီတိဖြစ်နေပုံရသည်။

ရေကူးသင်တန်းတွင် ကူးနည်းပေါင်းစုံ သင်ပေးပါသည်။ လက်ပစ်ကူး၊ ဖားကူး၊ လိပ်ပြာကူး စသဖြင့် ရေကူးနည်း ရေကူးစဉ်အသက်ရှု နည်းများသင်ပေးပါသည်။ ထိုသင်တန်းဆင်းပြီး အပြင်မှာ ရေကူးကြ တော့ မိမိကူးပြသည်ကြည့်၍ သူငယ်ချင်းတယောက်ပြောသည်။ " မင်းဟာက ခွေးကူးပဲကွ " မှတ်ချက်ချဖူးသည်။ ဆရာနံမည်ဖျက်မည့်တပည့်ထဲ ထိပ်ဆုံးက ပါပုံရသည်။

ဤသို့ဖြင့် နွေရာသီသင်တန်းပေါင်းစုံတက်ပြီး ဝါးတားတား မတောက်တခေါက်တို့ဖြင့် ကျော်ဖြတ်ခဲ့ရသော်လည်း ကျွမ်းကျင်သွားသည်ကတော့တခုရှိသည်။ ထိုစဉ်က ကျောက်မြောင်းရှိ ဆွေမျိုးသားချင်းတယောက်အိမ်မှာနေ၍ သင်တန်းများလာတက်သည်ဖြစ်ရာ ရန်ကုန်ရောက် တောသားတယောက်အနေနှင့် ရန်ကုန်မြို့ကိုကျွမ်းကျင်စွာ သွားလာတတ်သွားသည်တော့ အဖတ်တင်သည်ဟုဆိုရမည်။ ထိုစဉ်က ရန်ကုန်တွင်ရှိနေသာ ဘတ်စကားလိုင်း ၁၇ လိုင်းအား စီးတတ်သွားသည်။ ရန်ကုန်သင်္ကြန်ကို ပထမဆုံးဂျစ်ကားနှင့် လည်ဖူးသွားသည်။ အမြတ်တခုတော့ထွက်ခဲ့ပါသည်။

မိမိနှင့်ပင်မတက္ကသိုလ်


မိမိတက်ရသည့် ဆေးကျောင်းရှိရာ မင်္ဂလာဒုံက ထိုစဉ်က ချောင်ကျပြီး ချောက်ကပ် ပျင်းရိဖွယ်ကောင်း သည်ဖြစ်ရာ မိမိ၏ ပျော်မွေ့ရာကား မိန်းထဲတွင်သာဖြစ်သည်။ ရာဇူး ကရော အီကိုကပါ ကျောင်းသူ ကျောင်းသား ထောင်သောင်းချီ၍ စည်ကားသည်။ ညဘက်တွင်လည်း အဆောင်နေကျောင်းသားများဖြင့် စည်ကားပေရာ မိမိတက္ကသိုလ်ကျောင်းသားဘဝ အချိန်ထက်ဝက်
ကျော်က မိန်းထဲမှာ ဖြစ်သည်။ ပျော်မွေ့စရာကောင်း၍ " အီကိုမှာ အချောတွေပေါတယ်၊ အီကိုမှာ အလှပေါတယ် " ဟု တက္ကသိုလ်အေးမောင်က သီချင်းပင်ဆိုခဲ့သေးသည်။

ဤသို့ဖြင့် မိန်းထဲမှ မိမိနှင့် စာပေရော နိုင်ငံရေးပါ ဝါသနာတူကျောင်းသားများနှင့် စတင်တွဲဖြစ်တော့ သည်။ တစ်ဦးကတော့ ပြည်က ဝင်းဟန် ဖြစ်သည်။ စိတ်ပညာအဓိကတက်နေပြီး ဒဂုံဆောင်တွင် နေသည်။ အနေအေးသည်။ ဝတ်စားဆင်ယဉ်မှုလည်း ရိုးသည်။ သူနှင့်ခင်မင်သွားပြီးနောက်
ဒဂုံဆောင် သူ့အခန်းတွင် စတည်းချ ဖြစ်သည်။ ညအိပ်ဖြစ်သည်။ ဝင်းဟန်တစ်ယောက်အခုတော့ ပြည်ဘက်တွင် ကျောင်းဆရာလုပ်နေသည်ဟု ကြားရသော် မတွေ့တာအတော်ကြာသွားပေပြီ။ ဝင်းဟန်နှင့်တခန်းနည်းသူက မော်လမြို င်က အိန္ဒိယနွယ်ဖွားတယောက်ဖြစ်သည်။ သူကား စာပေတို့ နိုင်ငံရေးတို့စိတ်မဝင်စားသော်လည်း မိမိတို့ကို အနှောင့်အယှက်မပေးပေ။ သူကိုမှတ်မိနေသည် မှာ သူ့စကားတခွန်းကြောင့်ဖြစ်သည်။ " အသားဖြူ ရင် ကမ္ဘာတခြမ်းပိုင်တယ် " ဟုဆိုတတ်သည်။ သူကအသားအလွန်မဲသူဖြစ်သည်။ မဲပြောင်နေသည်ဟုဆိုရမည့်သူဖြစ်သည်။ ထို့ကြောင့်လည်းဆိုပုံရသည်။ သို့သော် သူသည် သူ့စကားတည်အောင်ထိန်းနိုင်သူဟုဆိုရမည်။ ကျောင်းပြီး၍ မော်လမြို င် ပြန်အလုပ်လုပ်ပြီး တရုတ်မတဦးရအောင်ယူလိုက်နိုင်သည်ဟု သိရသည်။ သူ့သားသမီးတွေတော့ ဖြူ သဘား မဲသလား မကြားမိခဲ့ပါ။

ဝင်းဟန်နှင့်အတူပြည်က ဝါသနာတူ သူငယ်ချင်းများလည်းရခဲ့သည်။ တယောက်ကတော့ ဥပဒေကဖြစ်သည်။ မြင့်အေးဟုခေါ်သည်။ လူကခပ်ပိန် ပိန် ခပ်နွဲ့နွဲ့ကြီးလာတော့လည်း ပုံကသိပ်မပြောင်းပေ။ ရွှတ်ရွှတ်နောက်နောက် နေတတ်သည်။ ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွသူဖြစ်သည်။ ယခုလည်း ပြည်တွင် ရှေ့နေလုပ်နေသည်။ ၂၀၁၅ ကျောင်းသားသပိတ်မှ အဖမ်းခံကျောင်းသားများကို ရှေ့နေလိုက်ပေးနေသည်ကို တွေ့လိုက်ရသည်။ ပြည်မြို့တွင် တကိုယ်တော်ဆန္ဒပြပွဲဆင်နွဲနေခဲ့သည်ကို ပြီးခဲ့သော နှစ်ပိုင်းများက တွေ့ရသည်။

နောက်တယောက်ကတော့ RIT ခေါ်စက်မှုတက္ကသိုလ်ကျောင်းသားဝင်းစိန်ဖြစ်သည်။ သူအား ကုလားဟုလည်းခေါ်ကြသည်။ လူကဗမာဖြစ်သော်လည်း အသားမဲ၍ ကုလားဟု ခေါ်ကြပုံရသည်။ သူလည်းပြည်က ဖြစ်သည်။ ပင်နီတိုက်ပုံ မချွတ်တမ်းဝတ်ပြီး ပုဆိုးတိုတိုနှင့် ခုံဖိနပ်စီးလေ့ရှိသည်။
ထိုစဉ်ကတော့ ပြင်းထန်သောစိတ်ဓာတ်ရှိသည့် လက်ဝဲကျောင်းသားပုံစံ အပြည့်ရှိသည်။ ထိုစဉ်ကာလ ကျောင်းသားလှုပ်ရှားများတွင် တက်ကြွသူဖြစ်သည်။ ယခုတော့ ပြည်နှင့်ဝက်ထီးကန်တွင် ကျူရှင် ဆရာအဖြစ် ရပ်တည်နေသည်ဟုကြားရသည်။

နောက် စိတ်ပညာအဓိကမှ ကရင်ကျောင်းသား ၂ ယောက်နှင့်လည်းခင်ခဲ့သည်။ တယောက်က စလှမောင် ခေါ် စောလှဦး ဖြစ်သည်။ သူက မိမိထက်အသက် ၄ နှစ်ကျော်ခန့်ကြီးသည်။ ဆယ်တန်းအောင်တော့ အတူတူဖြစ်သည်။ ဆယ်တန်းကို ၄ နှစ်ခန့်ဖြေခဲ့သည်ဟု ဆိုသည်။ ညောင်တုန်းဇာတိ ဗုဒ္ဓဘာသာကရင်များ ဖြစ်သည်။ ပိုးကရင်ဖြစ်ပုံရသည်။ သူကတော့ အဆောင်နေကျောင်းသားမဟုတ်၊ ဒေးကျောင်းသား ဖြစ်သည်။ အဆောင်မနေဘဲ ရန်ကုန်ရှိအိမ်များတွင်နေ၍ တက်သော နေ့ကျောင်းသားဖြစ်သည်။ ဆယ်တန်းဖြေရင်း အလုပ် လုပ်နေသူဖြစ်သည်။ အရပ်မမြင့်သော်လည်း ကိုယ်လုံးကိုယ်ထည်တုတ်ခိုင်
သည်။ သူသဘောကျစရာတွေ့လျှင် အားရပါးရ ရီမောတတ်သည်။ မိမိနှင့် သိကျွမ်းသည့် မိန်းထဲမှ ကျောင်းသားများထဲမှ ရေရှည်ပေါင်း သင်းဆက်ဆံရင်းနှီးခဲ့ရသူဖြစ်သည်။ ယခုတော့ ကွယ်လွန်သွားရှာပြီ ဖြစ်သည်။

နောက်တဦးကလည်း စိတ်ပညာကပင် ဖြစ်သည်။ သူကမိမိထက်အသက်လည်းကြီး၊ အတန်းလည်းကြီးသည်။ သူ့အမည်က စလှငွေဖြစ်သည်။
သူလည်း ညောင်တုန်းဖက်မှဖြစ်ပြီး မြစ်ဝကျွန်းပေါ်က ကရင်များဖြစ်သည်။
သူကတော့ လူကောင်သေးသေး နဖူးပြောင်ပြောင်နှင့် အလွန်သွက်ဖြတ်လတ်သူဟု ဆိုရမည်။ ထိုကာလအရေးအခင်းများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ယခုတော့ KNU တွင်ရောက်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ အစောပိုင်းသူသတင်းများမကြားရသော်လည်း ၂၀၁၀ နောက်ပိုင်းတွင် KNU တွဲဖက်အတွင်းရေးမှူး စောလှငွေအဖြစ်ကြားလိုက်ရသည်။ သူ့လက်မှတ်ထိုး၍
ဆွေးနွေးပွဲလာနေသော စောမူတူးစေးဖောတို့အား ဖယ်ရှားသည့်သတင်းထွက်လာသေးသည်။ သို့သော် နောက်ပိုင်း စောမူတူးစေးဖောတို့မပြု တ်ဘဲစလှငွေတယောက်သာ တွဲဖက်အတွင်းရေးမှူး မှ ဖယ်ရှားခံလိုက်ရသည်။ KNU ၏ အတွင်းပိုင်းသဘောထားကွဲလွဲမှုများတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေပုံရသည်။ သို့သော်လည်း KNU တွင် တာဝန်တခုယူ၍ လှုပ်ရှားနေဆဲဟူသည့် သတင်းသဲ့သဲ့တော့ ကြားနေ ရသေးသည်။

အဆိုပါမိမိနှင့်တွဲခဲ့သည့် မိန်းထဲမှ ကျောင်းသားများအနက် ဝင်းဟန်မှအပ ကျန်သူအားလုံး အနည်းနှင့် အများထောင်ကျခဲ့သည်ဟု ကြားသိရသည်။  မိမိနှင့်သူတို့ဆုံလေ့ရှိသော နေရာများမှာ ဒဂုံဆောင်နှင့် ဦးချစ်ဆိုင်ဟုဆိုရ မည်။ ထိုသို့တွေ့ဆုံပြောကြဆွေးနွေးကြ လှုပ်ရှားခဲ့ကြပြီး မိမိ၏မိန်းထဲမှ ဘဝအစိတ်အပိုင်းတခု ဖြစ်ခဲ့သည်။

မိမိတို့/သည် လက်ဖက်ရည်ပုဂံများထဲတွင် တော်လှန်ရေးမုန်တိုင်းများ စာပေအယူအဆ မုန်တိုင်းများထန်စေခဲ့ကြသည်။ အာဘောင်အာရင်းသန်သန်ငြင်းခုံခဲ့ကြသည်။ လက်တွေ့တွင်လည်း ၁၉၇၄/၇၅ ကာလ၌ တက္ကသိုလ်နယ်မြေတွင် ပေါက်ကွဲပွင့်အန်ပြခဲ့သည်။ မိမိတို့အတွေးများ အိပ်မက် များသည် လက်တွေ့အကောင်ထည် ပေါ်လာခဲ့သည်လည်းရှိသည်။ ပျောက်ပျက်လွင့်ပျယ်သွား သည်များလည်းရှိသည်။ လမ်းဆုံးလျောက်သူများလည်းရှိသည်။ လမ်းဆုံးမရောက်သူ များလည်း ရှိသည်။ လမ်းတဝက်နှင့်ကြွေလွင့်သွားသူများလည်း ရှိသည်။ ဤသို့ဖြင့် စိန်ပန်းများ ငုဝါများလှိုင်လှိုင် ပွင့်သော တက္ကသိုလ်နယ်မြေတွင် စိန်ပန်းပွင့်ကြွေ ငုပန်းပွင့်ကြွေများပေါ် လျှောက်လှမ်းကြရင်း
မိမိတို့၏ စိတ်ကူးအိပ်မက်များကို ရွက်ကုန် လွှင့်ခဲ့ကြပေတော့သည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )