စီစီသွယ် (S/OKA -089818) - အမေ၏ ရက်ပေါင်း တသောင်းကျော်

ဓာတ်ပုံ - မအတာ

စီစီသွယ် (S/OKA -089818) - အမေ၏ ရက်ပေါင်း တသောင်းကျော်
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၆

အမေ ၊ အမေ့အိမ် ၊ ၈ ရက်အတွင်း အထင်ကရ အဖြစ်အပျက် ၂ ခု၊ ဆန့်ကျင်ဘက် ဖြစ်ရပ် ၂ ခု၊ အင်အားပြင်းသော ငလျင်ဒဏ်နှင့် အင်အားကြီးမားသော စုစည်းမှု၊ (မနက်ဖြန်တွင် ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံ) ၊

အသက်ဆုံးရှုံးမှုများနဲ့ အတူ ပြိုကျပျက်စီးသွားခဲ့ရသော ပုဂံဘုရားများ၊ ကျမတို့ ဖူးချင်သော ပုဂံဘုရားများ၊ ကျမတို့လည်း ပုဂံမြေကို ခြေချခွင့် မရရှိသေး၊ က၀ိအိုလည်း အမေ့အိမ်ကို ခြေချခွင့် မရရှိသေး၊

အမေ၏ ရက်ပေါင်း တသောင်းကျော် … ဤစာစုကို စနစ်တခုကြောင့် စနစ်တခုအတွက် အသက် ၁၇ နှစ် အရွယ်တွင် မိခင်ရင်ခွင်မှ ထွက်ခွာခဲ့ရသော မအတာ (နိုင်ငံ့အရေးအတွက် နှစ် အတော်ကြာ တောဖြတ်ခဲ့ရသော ၈၈ ကျောင်းသူ) ရိုက်ကူးသော ဓာတ်ပုံဖြင့် အားဖြည့်ထားပါသည်။

အမေ၏ ရက်ပေါင်း တသောင်းကျော်

ပြီးပြည့်စုံခြင်းမရှိသေးတဲ့ စနစ်တခုအရောက်မှာပါဝင်ပတ်သက်ပေးဆပ်နေဆဲသူတွေလည်း ဒုတိယအရွယ်၊ ဒုတိယအရွယ်လွန် တတိယအရွယ်ရောက်ကုန်ပြီပေါ့။ လျှောက်ခဲ့တဲ့ခရီးက "၈.၈.၈၈" ကရေတွက်ရင်တောင် လပေါင်းသုံးရာသုံးဆယ့်ခြောက်။ ရက်ပေါင်းတသောင်းကျော်။ အမေ၏ ညနေခင်းများလည်း ပြီးပြည့်စုံခြင်း မရှိသေး။

သားပြန်လာရာလမ်းကိုမျှော်နေတဲ့ အမေရဲ့ ညနေခင်းများ (၈.၈.၈၈မှ ၈.၈.၂၀၁၆) ထိ ရက်ပေါင်း တသောင်းနှစ်ရာနှစ်ဆယ့်ခုနှစ်ရက်) လည်းမရပ်တံ့သေး။ အမေကတော့ ပြန်မလာနိုင်တဲ့ သားကိုရော၊ ပြန်လာနိုင်တဲ့သားကိုရော မျှော်နေဆဲ။

စံနစ်တခုကြောင့် ၊ စံနစ်တခုအတွက် အမေ့အိမ်မှ ပြန့်ကျဲစွာထွက်ခွာခဲ့ရတဲ့ သားတွေလည်း ဂုဏ်သိက္ခာရှိစွာ အိမ်မရောက်နိုင်သေး။

ကမ္ဘာအနှံ့ပြန့်ကျဲနေတဲ့အမေ့သားတွေ (က၀ိအိုတွေ၊ နိုင်ငံ့အရေးအတွက် နှစ်ပေါင်းများစွာ "တောဖြတ်၊ ထောင်ဖြတ်"ခဲ့ရသူတွေ ၊ အတွေးရောအလုပ်ရောအမိမြေအတွက်ပေးဆပ်နေသူတွေ) စံနစ်တခုကိုရောက်ဖို့ရောက်ရာအရပ်မှာ (တချို့လဲ ခံယူချက်နဲ့အမိမြေနယ်စပ်ကမခွာပဲ) ကျရာတာဝန်ကို ဆယ်စုနှစ်သုံးစုနီးပါး ("၈၈"က စတွက်ရင် ၂၈နှစ်ကြာ) ထမ်းဆောင်ခဲ့တဲ့ အမေ့သားတွေရဲ့ အိမ်ပြန်လမ်းဟာ ချောမွေ့ခြင်းမရှိသေး။

ကျမတို့ရဲ့ "၈၈ ကျောင်းသား" ထဲကတယောက်၊ အမြဲ ပိုက်ဆံမရှိသော(အများ၏ တူညီသော မှတ်ချက်)၊ ကဗျာက၀ိအို(ဆရာကြီး ဦးတင်မိုး) ကို ကာလ ရှည်စွာပြုစုခဲ့သော၊ အကြောင်းအရာတခုကိုစိတ်ဝင်တစား၊ စီကာပတ်ကုံးပြောတတ်သော၊ အမြဲတက်ကြွလန်းဆန်းနေသော ကိုမိုးသီး တယောက်လည်း အမေ့အိမ်ရောက်ဖို့ သံရုံး ၊ တရုံးဝင် တရုံးထွက် ပြည်ဝင်ခွင့်လျှောက်လို့ပေါ့။

အမေကတော့ သားလာမယ့်လမ်းကိုကြည့်ပြီး မျှော်နေလေရဲ့။ တွေ့တဲ့လူတိုင်းကိုလည်း သူ့သားနဲ့တူလို့တဲ့။ ၂၀၁၃အိမ်ပြန်တုန်းကသတင်းသမားတွေက "ကိုမိုးသီး နိုင်ငံရေးဆက်လုပ်မလား " မေးရင် အမေက " နိုင်ငံရေးမလုပ်ခိုင်းတော့ဘူး ၊ အိမ်အလုပ်တွေ ခိုင်းစရာရှိသေးတယ်" တဲ့။

အပြင်လမ်းလျှောက်ထွက်လို့ နှုတ်ဆက်သူတွေများလာရင် "နင့်အသိတွေများလိုက်တာ၊ ပြန်ကြမယ်" တဲ့။

"နင့်မိုးသီးဇွန် နာမည်ကိုပြောင်းလိုက်၊ မျိုးသန်းထွဋ်ပဲကောင်းတယ်" တဲ့။

အိပ်ခန်းတံခါးပိတ်အိပ်ရင်လဲ တံခါးကိုတဒုံးဒုံးထုပြီး "နင်တခုခုဖြစ်ရင် ငါတို့လုပ်ပေးလို့ မရဘူး ၊ တံခါးဖွင့်အိပ်" တဲ့။ တစ်ညတော့ ချွေးတွေနဲ့ ရွှဲပြီး နိုးလာတာ (သူ့အပေါ်မှာ စောင်အထပ်ထပ် ခြုံပေးထားတာတဲ့)

"အမေသနားပါတယ်ဗျာ၊ တချိန်က သိပ်ထက်ခဲ့တာ "

အမေ၊ အမေပီသတဲ့အမေ၊ သူ့ရင်ခွင်ထဲက သား မျိုးသန်းထွဋ်ကို တချိန်လုံးသတိရနေတဲ့အမေ။

(မိုးသီးဇွန်နာမည်နဲ့ နိုင်ငံ့အရေးလုပ်တဲ့၊ ကမ္ဘာကျော်တက္ကသိုလ်က မဟာဘွဲ့ယူထားတဲ့ သားအတွက် ဂုဏ်ယူမှာပါ)

ရက်ပေါင်းတသောင်းနီးပါး၊ လပေါင်း သုံးရာနှစ်ဆယ်ကျော် သားကိုမျှော်ခဲ့၊ စိုးရိမ်စိတ်တွေနဲ့နေခဲ့ရတဲ့အမေ၊

၂၀၁၃ အိမ်ပြန်အရောက်မှာ သားရဲ့နောက်ကိုအရိပ်လိုလိုက်ရင်း ပျော်ခဲ့တဲ့အမေ ( ထမင်းစားရင်လဲ ထမင်းထပ်ထည့်ပေးဖို့ အဆင်သင့်၊ ရေချိုးရင်လဲ မျက်နှာသုတ်ပုဝါကိုင်ပြီး စောင့်နေ)

သားအသိတွေနဲ့ စည်ကားနေတဲ့အိမ်ကို သဘောကျပျော်နေခဲ့တဲ့အမေ၊ အခုတော့ တွေ့တဲ့လူတိုင်းဟာ သူ့သားနဲ့ တူလို့ပေါ့။

သားကိုစောင်ခြုံပေးဖို့အထမှာ ဟင်းလင်းဖြစ်နေတဲ့ သားရဲ့အခန်းကိုကြည့်ပြီး ပြန်အိပ်မရတဲ့ညတွေ ဘယ်လောက်များနေပြီလဲ။ တိတ်ဆိတ်နေတဲ့အိမ်ထဲကနေ သားအိမ်ပြန်လမ်းကို ကြည့်နေတဲ့အမေ။

သားအိမ်ပြန်လမ်းကိုကြည့်ရင်း မျှော်နေရှာတဲ့အမေရဲ့ ညနေခင်းတွေ ဘယ်တော့ပြီးပြည့်စုံပါ့မလဲ။

မြန်မာပြည်သူတွေက အမေလို့ခေါ်နေပြီဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၈.၈.၈၈) မှာရလိုက်တဲ့ ကျမတို့ရဲ့ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေက လေးစား နေရာပေးရလောက်အောင် ထိုက်တန်စွာဘဲ ကမ္ဘာ့အလည်မှာ ထည်ဝါ နေသော၊ လက်မလည်အောင် အလုပ်များနေသော၊ ကျမတို့ရဲ့ခေါင်းဆောင်လည်း သားတွေ ဂုဏ်သိက္ခာရှိစွာ အိမ်ရောက်ရေးကို မျှော်နေမှာပါ။

၈၈ မှသည် ရက်ပေါင်း တသောင်းကျော် ၊ အမေဆန္ဒများ ပြီးပြည့်စုံခြင်း မရှိသေး၊ တက်ညီလက်ညီဖြင့် ၀ိုင်းဝန်း ရိုင်းပင်းကြရင်ဖြင့် အမြန်ဆုံး အမေ၏ ညနေခင်းများ ပြီးပြည့်စုံမှာပါ။

စနစ်တခုအတွက် ပေးဆပ်ခဲ့ရသူများ၊ ပေးဆပ်နေဆဲဖြစ်သူများကို ဦးညွှတ်အလေးပြုရင်း အမြန်ဆုံး အမေ့အိမ်ကို ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ကျိုးစားလျှက်။

စီစီသွယ် (S/OKA -089818)
ခေတ္တ-အမေရိကန်ပြည်ထောင်စု

စာကြွင်း။ ။ ပြည်ပမှာ တရားဝင်နေထိုင်ခွင့်ရှိသူများက အမေ့အိမ်ပြန်ချိန်တွင် ခံဝန်ချက်မထိုးရရေး ကြိုးစားနေချိန်တွင် မိမိတို့၏ ခံယူချက်ကြောင့် အမိမြေ၏ နယ်စပ်များမှ မခွာသူများတွင် မည်သည့် တရားဝင်နေထိုင်ခွင့်ကဒ်များ မရှိ၍ မပြန်နိုင်ကြပါ။

ကဗျာက၀ိအိုအား လအတန်ကြာ တွေ့ခွင့်ရခဲ့ပါသည် (မုန့်ဝေစားတတ်သော ကိုမိုးသီးဇွန် (တခါတခါ ထင်ရာမြင်ရာ ထရေးတတ်သော) နှင့် ဆရာကြီးအား ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ဧည့်ခံခဲ့သော အနစ်နာခံစိတ်ရှိသော ကိုအောင်သူငြိမ်းတို့ကြောင့်)။