အမေရိကန်သမ္မတလောင်း ဟီလာရီနဲ့ ထရန့်တို့ ပထမအကြိမ် စကားစစ်ထိုးကြပုံ


အမေရိကန်သမ္မတလောင်း ဟီလာရီနဲ့ ထရန့်တို့ ပထမအကြိမ် စကားစစ်ထိုးကြပုံ
(နိုင်ငံတကာသာဂိ) မိုးမခ၊ စက်တင်ဘာ ၂၈၊ ၂၀၁၆

စက်တင်ဘာ ၂၆ ညနေခင်းက အမေရိကန်အနောက်ဖက်ကမ်း စံတော်ချိန် ၆ နာရီကနေ ၈ နာရီ ခွဲအထိ မိနစ် ၉၀ ဆက်တိုက် အမေရိကန်သမ္မတလောင်း ၂ဦးရဲ့ စကားစစ်ထိုးပွဲ ကို တီဗီများကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာက ပရိသတ် သန်း ၁၀၀ ကျော်က ကြည့်ရှုကြပါသတဲ့။ အဆိုပါ သမ္မတရွေးကောက်ပွဲ (နိုဝင်ဘာလဆန်း) မတိုင်ခင် သမ္မတလောင်းတွေက ၃ ကြိမ် စကားနိုင်လုကြမယ်။ ဒုသမ္မတလောင်းတွေက ၁ကြိမ် လုကြမယ်။ လူထုက နားထောင် ဆင်ခြင် ဆုံးဖြတ်ကြမယ်လို့ ဆိုပါတယ်။ သည် စကားရည်လုပွဲခေါ်ခေါ် စကားစစ်ထိုးပွဲ ဆိုဆို စကားနိုင်လုသည်ဟု ပြောပြော မော်ဒရိတ်တာလို့ခေါ်တဲ့ ခုံသမာဓိက အလယ်က ထိုင်ပြီး မေးခွန်းတွေ မေး၊ မေးခွန်းတွေကို သမ္မလောင်းတွေက ဖြေ၊ ဖြေရင်း တဖက်ပြိုင်သူကိုပဲ ထိုးနှက်၊ ကိုယ့်ကိုယ်ကို ချီးမွန်းခန်းဖွင့်တာတွေ အလှည့်ကျ လုပ်ရတာပါ။ ဒီ presidential debate တွေကို ပါတီနဲ့ အစိုးရကို ဘက်မလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာကော်မီတီတခုကနေ စီစဉ်တာပါ။ မေးခွန်းတွေ သူတို့တွေက စီစဉ်ကြပြီး ခုံသမာဓိတွေကိုလည်း သတင်းမီဒီယာတွေထဲက နာမည်ကြီး သတင်းသမားကြီးတွေကို ရွေးချယ်ပြီး ကြီးကြည်စေတာပါ။ ဒီဘိတ်ပြီးတော့မှ မဲဆန္ဒရှင်တွေက ဆုံးဖြတ်ကြပေါ့လေ၊ ဘယ်သူက အကောင်းဆုံး ကစားသွားသလဲဆိုတာ။

သည်လိုနဲ့ စက်တင်ဘာ ၂၆ မှာ ဒီမိုကရက်ပါတီ၏ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကန်ဘက်က ဒေါ်နယ်ထရန့်တို့ရဲ့ စကားစစ်ထိုးပွဲ ရောက်လာပါတယ်။ အများပြည်သူက ဖင်တကြွကြွနဲ့ ကြည့်ရှုခံစားကြပါတယ်။ မေးခွန်းတွေက ပြည်တွင်းစီးပွားရေး၊ အခွန်ပေါ်လစီ၊ ကုန်သွယ်ရေး ပေါ်လစီ၊ လူမျိုးဘာသာ တန်းတူညီမျှမှု နဲ့ သမ္မတတဦးမှာ ရှိရမယ့် အရည်အချင်းတွေကို အပြိုင်အဆိုင် အပြန်အလှန် ပြောကြတာဖြစ်ပြီး ပထမပွဲမှာတော့ ဟီလာရီကလင်တန်က သူမရဲ့ နိုင်ငံရေးအတွေ့အကြုံ အရည်အချင်း သက်လုံတွေနဲ့ ဒေါ်နယ်ထရန့်ကို အသာစီး ကစားပြီး အနိုင်ယူသွားတယ်လို့ ဆိုနိုင်ပါတယ်။

ဒေါ်နယ်ထရန့်ဘက်က ဟီလရီတို့ ဒီမိုကရက်တွေရဲ့ ငွေကုန်ကြေးကျများလှတဲ့ အခွန်၊ ကုန်သွယ်ရေး၊ စီးပွားရေးရာ ပေါ်လစီတွေကို အဆက်မပြတ် တိုက်ခိုက်နေပေမယ့် ဟီလာရီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ထောက်ကွက်တွေကို အချက်အလက်တွေ ထုတ်ပြီး တုန့်ပြန် ဖြေရှင်းပါတယ်။ တန်ပြန် ထောက်လက်သီးတွေအဖြစ် ထရန့်ရဲ့ လောဘဇောကြီးလှတဲ့ စီးပွားရေးလူလည်ကျမှုတွေ၊ လူပေါ်လူဇော်လုပ်တာတွေ၊ လိမ်ညာ ဖြီးဖြန်းပြောတာတွေ၊ အခွန်ဆောင်တဲ့ စာရွက်ကို ခုထိ ထုတ်မပြရဲသေးတာတွေကို တလုံးချင်း တလုံးချင်း ထုတ်တဲ့အခါ ဒေါ်နယ်ထရန့်ခင်ဗျာ ထောက်လက်သီးစာနဲ့ အောင့်အောင့်သွားတာကို ပရိသတ်က မြင်ကြရပါတယ်။ လူဖြူ လူမည်း လူညို လူဝါ ကျားမ တန်းတူရေးမှာ ဒေါ်နယ်ထရန့်တယောက် စာမေးပွဲ ကျပါတယ်။ လူဖြူ အဓိက ကျားဝါဒီ ကိုယ်ကျိုးကြည့် လက်ယာစွန်းသမား တဦးအနေနဲ့ လူပုံအလယ်မှာ ဒါတွေကို အထောက်ခံရရင် 'ထိ' ကြရတာမို့ ရီပတ်ဘလစ်ကန်တွေ လက်ယာစွန်းတွေအဖို့ သူတို့ ဒေါ်နယ်ကြီးအတွက် အားမလို အားမရ ဖြစ်ခဲ့ကြရပါတယ်။

ဒေါ်နယ်ထရန့်ဟာ ဗိုလ်ကျ အနိုင်ကျင့်တတ်သူလို့ မီဒီယာတွေက ပုံသွင်းထားတာကြောင့် ဒီစကားပွဲမှာ အဲသည်လို အမူအယာတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး တည်တည်ငြိမ်ငြိမ်ရှိအောင် ထိန်းကစားသွားပါတယ်။ ဟီလာရီကတော့ လူပါး၊ လူစွာကျယ်၊ ဆပ်ဆပ်ထိမခံသူလို့ ပုံသွင်းခံထားရတာကြောင့် တည်တည်ငြိမ်ငြိမ် ရယ်ရယ်မောမောနဲ့  အတိုက်အခိုက်တွေကို လူးကာ လိမ့်ကာ ရှောင်ကွင်းပြီး သမားစဉ်ကို ထုတ်ပြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အကဲခတ်သူတွေကတော့ ဒီပထမပွဲမှာ ဟီလာရီကို အနိုင်ပေးပါတယ်။ ပေါ်လစီရေးရာ နိုင်ငံရေးရာတွေမှာ ကျွမ်းကျင်နိုင်နင်းတဲ့ အရည်အချင်းတွေ ထုတ်ပြလို့ လူတွေက သူ့ကို နားလည်ပြီး သဘောပေါက်ကြလို့ အနိုင်ပေးတယ်ဆိုရမှာထက် စကားစစ်ထိုးပွဲမှာ ပရိယာယ်ရှိရှိ သရုပ်ဆောင်ကောင်းကောင်းနဲ့ တဖက်သားကို စကားနဲ့ အနိုင်ယူတာ၊ တဖက်သား အားနည်းချက်ကို ထိအောင် တိုက်ခိုက်နိုင်တာနဲ့ အနိုင်ယူသွားတယ်လို့ ဆိုကြပါတယ်။ ကြည့်ကောင်းတဲ့ ပွဲလို့ ဆိုရမယ် ဆိုရင် တဖက်က ဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်း အကောင်းဆုံး သရုပ်ဆောင်နဲ့ အနာခံပြီး အမူအယာမပျက်တာကို အမှတ်ပေးရမယ် ဖြစ်ပါတယ်။

ပါတီစွဲသမားတွေအတွက်ကတော့ ဘယ်လိုပဲ စကားစစ်ထိုးကြ ထိုးကြ "ဒို့ကတော့ အောင်ဆန်းစုကြည်ပဲ" ဆိုတာမျိုး ဟီလာရီဘက်တော်သားတွေ ထရန့်ဘက်တော်သားတွေအဖို့ကတော့ ထူးခြားပြီး ဘက်ပြောင်းသွားကြမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ခြံစည်းရိုးပေါ် ခွထိုင်ပြီး ဘယ်သူ့ မဲပေးရမှန်း မသိသေးသူတွေ undecided voter တွေအတွက် အခုလို စကားစစ်ထိုးပွဲတွေက အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ထရန့်ကတော့ ပြောပါတယ်။ အိမ်ဖြူတော်ကို ရွေးကောက်ပွဲနည်းနဲ့ မရောက်ရင်တောင် ငါက အိမ်ဖြူတော်နားမှာ အခမ်းနားဆုံး ဟော်တယ်ကြီး ၀ယ်ထားပြီးပြီမို့ ငါ့အတွက် အိမ်ဖြူတော်လမ်းပေါ် ရောက်နေရသလို ပါပဲ တဲ့။ ပြီးတော့ ပြောလိုက်ပါသေးတယ်။ အမေရိကန်က (ခင်ရီတို့လို) ပြည်ထဲရေးဌာနကလူတွေက တိုင်းပြည်ထဲ ခိုးဝင်လာတဲ့ တရားမ၀င်တွေကို နိုင်ငံသားကဒ်တွေ ခိုးပေးထားတဲ့ အမှု ၈၀၀ ကျော် ဗူးပေါ်သလို ပေါ်နေချိန် နိုင်ငံသားတွေက မဲပေးကြလို့ ဟီလာရီ နိုင်သွားခဲ့ရင် ငါက အငြင်းပွားနေမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံမှာပါပဲ တဲ့။ ပြောတတ်လိုက်တာနော်။

ကဲ ... နောက် ပွဲတွေ ဆက်လက် ရှုစားကြပါဦးစို့ ရဲ့။