ကိုသန်းလွင် ● ရက် ၁၀၀ စီမံချက်

ကိုသန်းလွင် ● ရက် ၁၀၀ စီမံချက်
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

(၁)
အစိုးရ၏ ရက်၁၀၀ စီမံချက် ရှင်းလင်းပွဲသတင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်းအကြောင်း ဝေဖန်သံများ ကိုလည်း ကြားကြရပါသည်၊ စားသောက်ကုန်ပစ္စည်းဈေးများတက်လာခြင်း၊ ငွေကြေးဖေါင်းပွမှုနှုန်း ၁၀%မျှ ရှိ လာခြင်း၊ အစိုးရရုံးများ၏လုပ်နည်းလုပ်ဟန်ပြောင်းလဲတိုးတက်မှုမရှိခြင်းအကြောင်းများကိုလည်း ကြားကြရပါ သည်။

(၂)
ဖွံ့ဖြိုးတိုးတက်မှုမရှိသော နိုင်ငံတနိုင်ငံ၏ စီးပွားရေးစနစ်ကို ရေယိုနေသောသင်္ဘောကြီးနှင့် တင်စားကြပါသည်၊ သင်္ဘောကြီးကိုရေလယ်မှာ ရပ်၍မရပါ၊ ယိုနေသောအပေါက်တွေကို သင်္ဘောခုတ်မောင်းနေစဉ်၌သာ ဖါထေး ကြရပါသည်၊ မပြုပြင်လျင် သင်္ဘောနစ်သွားနိုင်ပါသည်၊ ကမ်းခြေရောက်ပြီ ဆိုသည်ကို အဓိပ္ပါယ်မသတ်မှတ်နိုင် သော်လည်း သင်္ဘောကြီးကိုရေယိုခြင်းမရှိဘဲ ဆက်လက်ခုတ်မောင်းနိုင်ရန်အရေးကြီးပါသည်။

ယိုယွင်းနေသော စနစ်တခုကို ပြင်ဆင်ရန်အတွက် ဦးစွာအရေးကြီးဆုံးပြင်ဆင်ရန်မှာ Structural Change ခေါ်အာဏာပိုင် အသင်း၊ အဖွဲ့အစည်းများ၏အမြင်၊ အလုပ်လုပ်ပုံ၊ တို့ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် ဗဟိုမှအမိန့်ကိုစောင့်ရသည့်စနစ်နှင့် ကြိုးနီစနစ်ကို အစိုးရယန္တယားကြီးမှ ဖယ်ရှားပေး ရန် လိုပါသည်၊ ၀န်ကြီးဌာနအလိုက် ၀န်ကြီးမှစ၍ အောက်ခြေအထိ အဆင့်ဆင့်တိုင်းမှာ လုပ်ပိုင်ခွင့်များ ရှိရပါ မည်၊ ဥပမာ မန်နေဂျာတယောက်သည် မိမိ၏ရုံးတွင် ဘာတွေပိုကောင်းအောင် လုပ်နိုင်မလဲဆိုသော မေးခွန်းကို အစဉ်အမြဲမေး၍၊ လုပ်နည်း၊ လုပ်ထုံး၊ ကို ပိုကောင်းအောင် ပြုပြင်နိုင်စွမ်းရှိရပါမည်။

ထင်ရှားသော ဥပမာတခုကိုပြရလျင် ဘဏ်တခု၏ အလုပ်လုပ်ပုံကို စဉ်းစားကြည့်စေချင်ပါသည်၊ ဘဏ်ဆိုသည် မှာ စားသုံးသူအများပြည်သူ၏လိုအပ်ချက်ကို ဆောင်ရွက်ရသည့် ၀န်ဆောင်မှုကို ပေးနေခြင်းဖြစ်သည်၊ ဘဏ် ၀န်ထမ်းများက ပြည်သူနှင့် ဆက်ဆံရာတွင် မိမိက တစုံတရာကျေးဇူးပြုနေသူကဲ့သို့ မယူဆနိုင်ပါ၊ စားသုံးသူ ပြည်သူလူထုသည် မိမိပိုင်ငွေကိုဘဏ်သို့ ထိမ်းသိမ်းရန်ပေးအပ်ထားပြီး၊  မိမိပိုင်ငွေကို မိမိဖါသာ စီမံခန့်ခွဲပိုင်ခွင့် ရှိနေကြရပါမည်။

စီးပွားရေးပြုပြင်ပြောင်းလဲရေးကို မျှော်လင့်နေကြသော ပြည်သူလူထုအတွက်ဘဏ်လုပ်ငန်းများတွင် အပြောင်း အလဲများကိုမမြင်ကြရသေးပါ၊ ဘဏ်ခွဲပေါင်း ၃၀၀ ကျော်နှင့်ဝန်ထမ်းပေါင်း ၉၀၀၀ ကျော်ရှိသော မြန်မာ့ စီးပွားရေးဘဏ်ကြီးတွင်ငွေစာရင်းများကို လယ်ဂျာစာအုပ်၊ ဖေါင်တိန်နှင့်ရေးမှတ်ရသောစနစ်ကို ပြစ်ပယ်နိုင် သေးဟန်မတူပါ၊ မြန်မာနိုင်ငံတွင်အကြီးဆုံး ဂေါ်ဇီလာဘဏ်ကြီးဖြစ်နေပြီးလုပ်ငန်းဆောင်ရွက်မှုတွင် ရှေ့ဆောင် လမ်းပြပြုရ မည့်ဘဏ်ကြီး သည် မိမိအကောင့်ရှိ ငွေပမာဏကိုဖတ်ယူခြင်း၊ အကောင့်လွှဲပြောင်းခြင်း တို့ကိုပင် ဒီဂျစ်တယ် နည်းဖြင့်မလုပ်ဆောင်နိုင် သေးပေ၊ ငွေသွင်းငွေထုတ်ကို စက်များ၌ ပလပ်စတိတ်ကဒ်များဖြင့်လုပ်နိုင် အောင် လည်းမဆောင်ရွက်နိုင်သေးပေ။

မြန်မာ့စီးပွားရေးဘဏ်ကြီးတွင် ဒီဂျစ်တယ်စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရပါမည်၊ အနဲဆုံး အင်တာနက်မှ အကောင့်တွင်ရှိငွေကို စစ်ဆေးနိုင်ကြရပါမည်၊ နိုင်ငံနှင့်အ၀ှမ်း ဘဏ်ခွဲများအားလုံးနှင့် နက်ဝပ်ချိတ်ဆွဲ အသုံး ပြုနိုင်သင့်နေပါပြီ၊ မြန်မာပြည် အရပ်ရပ်နေရာအားလုံးသို့ အီလက်ထရောနစ်နည်းဖြင့် ငွေပို့ငွေယူ လုပ်နိုင်သင့်ပါ ပြီ၊ နိုင်ငံခြားဘဏ်ကြီးများနှင့် နိုင်ငံကိုယ်စားပြု ဆက်သွယ်ရာတွင် စာအုပ်လယ်ဂျာ ပေါ်တွင် ဖေါင်တိန်၊ ခဲတံ နှင့် ရေးမှတ်နေရဆဲဖြစ်ပါကလွန်စွာအရုပ်ဆိုးပါသည်။

ဝန်ဆောင်မှုညံ့ဖျင်းခြင်းကိစ္စကို မန်နေဂျာအဆင့်ဆင့် Training ပေးခြင်း၊ ၀န်ထမ်းလစာကို လုံလုံ လောက် လောက်ပေးခြင်းဖြင့် ပြုပြင်ယူရပါမည်၊ ဘဏ်လုပ်ငန်းကို Reform မလုပ်ဘဲ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မျှော်လင့်၍မရနိုင်ပါ။

Structural Change ဆိုသည်၏နောက်ထပ်ပြုပြင်ရန် တခုမှာ ပိုင်ဆိုင်မှု (Property Right) နှင့် စာချုပ်စာတမ်း များအတည်ပြုရေးကိစ္စ ( Contract Enforcement) များဖြစ်ပါသည်၊ မြန်မာနိုင်ငံတွင် အိမ်၊ မြေ ပိုင်ဆိုင်မှုများမှာ ရှုပ်ထွေးပွေလီပြီး ယခင်ကအာဏာရှိသူများ၏ အမိန့်အာဏာဖြင့် စီမံမှုများကြောင့် တရားနည်းလမ်းမကျခြင်း များရှိခဲ့ကြပါသည်၊ နိုင်ငံခြားသားများပြည်တွင်းတွင် အလုပ်လုပ်နိုင်ရန်အတွက် ပိုင်ဆိုင်မှုနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းများကို ဥပဒေကြောင်း အတိုင်း အတည်ပြုပေးနိုင်စွမ်းရှိရပါမည်၊ ဤနေရာတွင်လည်း ဒီဂျစ်တယ် နည်းလမ်းများမပါဘဲ အိုးအိမ်ဦးစီး မြေစာရင်းဌာနတို့၏ လုပ်ထုံးလုပ်နည်းများကို စည်းကမ်းတကျဖြစ်အောင် ဘယ်လိုလုပ်ရမည်ဟု ကျွန်တော်မသိပါ၊ စနစ်အပေါ်တွင် ပြည်သူလူထုက ယုံကြည်မှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်နိုင်ပါသည်။

အိမ်ငှား၊ရောင်းဝယ်ခြင်းကိစ္စများ နှင့် သဘောတူ ချုပ်ဆိုထားသောစာချုပ်များသည်၊ နိုင်ငံသား နိုင်ငံခြားသား မဟူ၊ အတူတူ ထိရောက်မှု အကျိုးသက်ရောက်မှုများရှိရပါမည်၊ ပြည်သူ့ရဲနှင့် တရားရေးဝန်ထမ်းတိုင်းသည် စာချုပ်များ၏အရေးပါအရာရောက်ပုံတို့ကို သဘောပေါက်ထားကြရပါမည်။

ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်သူ၊ ကူးသန်းရောင်းဝယ်သူ၊ ၀န်ဆောင်မှုပေးသူစသည်ဖြင့် လုပ်ငန်း အမျိုးမျိုးရှိကြရာ ထိုစီးပွားရေး လုပ်ငန်းများသည် အမြတ်ရသည့်လုပ်ငန်းများဖြစ်ရန်လိုပါသည်၊ ထိုသို့ ငွေကြေး အမြတ်အစွန်းရသည့် စီးပွားရေးလုပ်ငန်းများ အရေအတွက် များပြားလာလေလေ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာ လေလေ ဖြစ်ပါသည်၊ စီးပွားရေးသမားများသည် ဘူဇွာများဖြစ်သည်၊ အလုပ်သမား လူတန်းစားကို ခေါင်းပုံဖြတ် သူများ ဖြစ်သည်ဟူသောခေတ်မှာကျန်ခဲ့ပါပြီ၊ စီးပွားရေးလုပ်ငန်းလုပ်သူတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သူများဖြစ်ပါသည်၊ ပြည်သူများအကြားတွင်စွန့်စားအလုပ်လုပ်လိုခြင်း Entrepreneurship အလေ့အထကို ပြုစုပျိုးထောင်ပေးရပါမည်၊ စီးပွားရေးလုပ်ငန်းများတွင် စွန့်စားတီထွင် ရှာဖွေနိုင်မှုကို အစိုးရက အသိအမှတ်ပြု မြေတောင်မြှောက်ပေးရပါမည်၊ လူမှုအဆင့်အတန်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ နေရာကို မြှင့်တင်ပေးပြီး အချင်းချင်းနက်ဝပ်များဖြင့် အလုပ်လုပ်သူ ဦးရေများပြားလာဘို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ပညာတတ်လူငယ်ဦးရေ များပြားပြီး လုပ်ငန်းပေါင်းစုံတို့၌ အသုံးပြုနိုင်သည့် လုပ်သားထု အများအပြားရှိသည့် နိုင်ငံဖြစ်ပါသည်၊ ထိုလုပ်သားထုကို အသုံးချနိုင်ရန် ပရိုက်ဗိတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ပါသည်၊ အစိုးရ၏ တာဝန်မှာ စီးပွားရေးလုပ်ငန်းများအောင်မြင်ရေး အတွက် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးခြင်းပင် ဖြစ်ပါသည်။

ချိတ်ဆက်ထားသော ကမ္ဘာကြီးတွင် (Connected World) စီးပွားရေးပြုပြင်ပြောင်းလဲမှု(Economic Reform) များမှာ မလုပ်မဖြစ် လုပ်ကြရပါလိမ့်မည်၊ ဤပြုပြင်ရေးလုပ်ငန်းများဖြင့် တရုတ်နိုင်ငံသည် မိမိ၏သန်းပေါင်း ၆၀၀ မျှသော ပြည်သူလူထုကို ဆင်းရဲတွင်းမှ လွတ်စေခဲ့ပါပြီ၊ သူတို့နိုင်ငံတွင်းမှာပင် ပါစင်ဂျာ လူစီးလေယာဉ်တွေ ထုတ်လုပ် နေပါပြီ၊ အိန္ဒိယနိုင်ငံတွင် လယ်ယာလုပ်သမားများ၏ စိုက်ပျိုးသီးနှံကိုမှီခိုနေကြရာမှ တကမ္ဘာလုံးက အားထားနေရသော ၀န်ဆောင်မှုပေးသည့် နိုင်ငံကြီးအဖြစ် စီးပွားရေးလုပ်ငန်းများ၏ အသီးအပွင့်ကို ခံစားနေကြ ပါပြီ၊ အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများကို အသာထား၍ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား စင်ကာပူ စသည်ဖြင့် ယခင်ကဆင်းရဲခဲ့သော အရှေ့တောင်အာရှနိုင်ငံ အများအပြားမှာ စီးပွားရေးပြုပြင်ပြောင်း လဲမှုများ ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း ၏ အသီးအပွင့်များကို စားသုံးနေကြပါပြီ။

အဘယ့်ကြောင့် ကျွန်တော်တို့ နောက်ချန်နေကြရပါမည်နည်း ကျွန်တော်တို့သည် ပြောင်းလဲနေသော ကမ္ဘာကြီး နှင့်အတူ အမှီလိုက်ရပါမည်။ကိုလိုနီခေတ်က ရေးဆွဲထားသော ဥပဒေများနှင့် စစ်အစိုးရအဆက်ဆက် အာဏာ ဖြင့် ပြုပြင်လာခဲ့ကြရသော လုပ်ထုံး လုပ်နည်းများသည် မည်သည့်နည်းနှင့်မျှ ယနေ့ကမ္ဘာ့ အခြေအနေနှင့် မကိုက်ညီနိုင်ပါ၊ Economic Liberalization ခေါ်သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆိုသည်မှာ ထိုဥပဒေများ ကိုပြင်ဆင်ပေးရာမှ စရပါသည်၊
စက်မှုကုန်ထုတ်နိုင်ငံတခုဖြစ်နိုင်ရန် လျှပ်စစ်ဓါတ်သည်မရှိမဖြစ်လိုအပ်ပါသည်၊ လျှပ်စစ်လုံလောက်မှု မရှိဘဲ စက်မှုကုန်ထုတ် နိုင်ငံအကြောင်း ပြောဆိုနေကြခြင်းမှာ ဆန်မရှိဘဲ ထမင်းဆိုင်ဖွင့်ချင်သူလို ဖြစ်နေပါသည်၊ လျှပ်စစ်ကိုဖူလုံအောင် လုပ်ပေးနိုင်လျှင် စက်မှုလုပ်ငန်းများဆိုသည်မှာ အလွယ်တကူ ပွင့်လင်း ပေါ်ပေါက်လာ မည်သာ ဖြစ်ပါသည်၊ အမေရိကန်နိုင်ငံ၏တနှစ်လုံးလျှပ်စစ်သုံးစွဲမှုကို တဲရာဝပ် (TWh/a) နှင့်တိုင်းတာပြီး ၂၀၁၂ ခုနှစ်တိုင်းတာမှုများတွင် ၄၀၇၀ မျှရှိသည်၊ မလေးရှားမှာ ၁၂၆ တဲရာဝပ်အားရှိနေချိန်တွင် မြန်မာတို့၏ ထုတ်လုပ်မှုမှာ ဆယ်ဂဏန်းအောက်မှာသာရှိနေပုံရသည်။

ကမ္ဘာကြီးတွင် စက်မှုလုပ်ငန်းများ Information Technology, Artificial Intelligence စသည်ဖြင့် တနေ့ တခြား တိုးတက်လျက်ရှိပါသည်၊ ထိုအဆင့်မြင့် စက်ကိရိယာနည်းလမ်း (Technology) များကို ပြည်တွင်းသို့ ရောက်အောင် ယူဆောင်နိုင်ကြရပါမည်၊ နိုင်ငံခြားမှ အတတ်ပညာမပါဘဲနှင့် ပြည်တွင်းတွင် တိုးတက်မှု ရရန် မဖြစ်နိုင်ပါ၊ ကျွန်တော်တို့၏တာဝန်မှာ ထိုလုပ်ငန်းများအတွက် လိုအပ်သော Infrastructure ကို တည်ဆောက် ပေးထားရန်ဖြစ်ပါသည်၊
ထိုနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အကူအညီများဖြင့်သာ ပညာတတ်လူငယ်များကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမား များအဖြစ် ပြောင်းလဲပေးနိုင်ကြပါလိမ့်မည်၊ မိမိထုတ်ကုန် မိမိနိုင်ငံသား စားသုံးသူများ အကြား ဖြန့်ချီခြင်းဖြင့် ဆင်းရဲမှုကို ပပျောက်စေပါလိမ့်မည်၊ ထိုထုတ်ကုန်များကို နိုင်ငံရပ်ခြားသို့ တင်ပို့ခြင်းဖြင့် စည်းစိမ်ဥစ္စာများကို ဖန်တီးလာနိုင်ပါလိမ့်မည်၊ ပြည်သူပြည်သားများ အကြား လူနေမှု အဆင့်မြင့်မားလာပြီဆိုလျင် ၀န်ဆောင်မှုနှင့် ထုတ်ကုန်တို့၏ အရည်အသွေးလည်း တိုးမြင့်လာပါလိမ့်မည်။

(၃)
ဒီမိုကရေစီအစိုးရသစ်၏ ပဌမရက်၁၀၀အတွင်းတွင်ထို ပြုပြင်ပြောင်းလဲမှုများကို ကျွန်တော်တို့မမြင်ကြရပါ၊ ပြည်သူအများခံစားရသကဲ့သို့ ထို Reform လုပ်ငန်းများမှာ လစ်လျူရှုခံရခြင်း မဖြစ်စေရန်သာဆုတောင်းရပါ တော့သည်။

ကိုသန်းလွင်
၂၀၁၆ စက်တင်ဘာ ၂ ရက်
စံတော်ချိန်သတင်းစာ