မင်းကိုနိုင် ● ဆက်ရက် ခြေပြတ်ကလေး


မင်းကိုနိုင် ● ဆက်ရက် ခြေပြတ်ကလေး
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သမီးနှင့်သား -
ဒီတစ်ပတ်တော့ သမီးနှင့်သား မေးထားတဲ့ မေးခွန်းကိုသတိရလို့ ဆက်ရက်ကလေးတွေအကြောင်း ပြောပြပါမယ်။ ဦးဦးဟာ တတ်နိုင်သရွေ့ ထောင်ထဲမှာ နေခဲ့တဲ့အကြောင်းတွေ သားတို့ကို ပြောလေ့မရှိဘူး။ ဒါပေမယ့် ဒီအကြောင်းကတော့ ထောင် ထဲဖြစ်စဉ်ပါမှ ဖြစ်မှာမို့ သည်းခံကြပါ။

ဦးဦးတစ်ယောက်ထဲ ထောင်ထဲအကြာကြီးနေလာတော့အခန်းရဲ့နောက် လေ၀င်ပေါက် (အမြင့်ကြီးကွ။ အိမ်သာဘောင်က ကုပ်တွယ်တက်ရတယ်)ကနေ အပြင်ကိုချောင်းကြည့်လေ့ရှိတယ်။ အဲဒီပေါ် ငှက်ကလေးတွေရံဖန်ရံခါ လာနားလေ့ရှိတော့ စပ်စုချင်တာပေါ့။ အခန်းအပြင်ဘက်မှာ အုတ်တံတိုင်းနံရံကြား မြေကွက်လပ်ကျဉ်းကျဉ်းရှိတယ်။ အဲဒီမှာ ရာဇ၀တ်မှုနဲ့ကျသူအချို့ဟာငှက်တွေကို ဖမ်းစားနေကြတာ။ ရာဇ၀တ်မှုဆိုတာခိုးဆိုးလုယက်တွေ ပြောပါတော့။ သူတို့က သားရေပင်ကြိုးကြီး ရှာပြီး နှစ်ဖက်ဖြတ်၊ အလယ်မှာ ကြေးနန်းကြိုးအပြားကြီးကြီးတခုကို ကျောက်နဲ့မြအောင် သွေးထားပြီး နှစ်ဖက်ချည်တယ်။ မြင်ယောင်ရဲ့လား..။ လေးခွပစ်သလိုလေ.။ ကြေးနန်းကြိုးက လောက်စားလုံးအိမ်လိုနေရာမှာ တပ်တာပေါ့။ ပြီးတော့မှ သူတို့က အပင်ကြီးကွယ်ရာမှာပုန်းနေပြီး သားရေးကြိုးအလယ်ကိုဆွဲထားတာ။ ကြေးနန်းကြိုးကလည်း အလိုက်သင့်ညွတ်ပြီး သူတို့လက်ထဲ ပါနေတာပေါ့။

သူတို့က မြေကွက်လပ်မှာ ထမင်းလုံးတွေ ကြဲလိုက်တယ်။ ကျီးတွေ ဆက်ရက်တွေ လာစားတာ စောင့်နေကြတာလေ။ ကြောက်တတ်တဲ့ သမီးကတော့ စာဖတ်ရင်း အသည်းတုန်နေမှာပဲ။ မတတ်နိုင်ဖူးကွာ.. ဒီလိုလူတွေ တကယ်ရှိနေတော၊ပြောချင်တဲ့အကြောင်းကလည်း ဒါပါမှ ဆိုတော့ ခက်သားပဲ။

ဒါနဲ့ ငှက်ကလေးတွေ လာစားကြလို့ အများကြီးဖြစ်လာတဲ့အခါ သူတို့က၀ှက်ပြီး ဆွဲဆန့်ထားတဲ့ သားရေကြိုးကို လွှတ် လိုက်တယ်။ ကြိုးအလယ်က ကြေးနန်းကြိုးက ဖြန်းခနဲ ပြေးရိုက်လိုက်တာပေါ့။ ငှက်ကလေးတွေ လည်ပင်းတွေပြတ်ပြီး သေ ကြရရှာတယ်။

အဲဒီမှာ သူတို့က ပြေးကောက်ပြီး၊ နောက်တစ်ခါ ထမင်းလုံးတွေကြဲ သားရေကြိုးကို ပြန်ဆွဲပြီး ပုန်းစောင့်နေကြပြန်ရော။ နောက်တခါ လာစားတဲ့ ငှက်ကလေးတွေ ခေါင်းပြတ်ပြီးသေကြရပြန်ရောပေါ့ကွာ။

ဦးဦးလည်း ငှက်ကလေးတွေအတွက် ထမင်းလုံးတွေဦးဦးအခန်းရဲ့ လေ၀င်ပေါက် ဘောင်ပေါ်တင်ပြီး ကျွေးထားလိုက်တယ်။ လာစားကြပါစေ ဆုတောင်းရတာပေါ့။ ဆုတောင်းပြည့်တဲ့အခါလည်းရှိ၊ မပြည့်တဲ့အခါလည်း ရှိပါပဲကွာ။

တစ်ခါတော့ဖြင့် ဆက်ရက်ကလေးတကောင်ဟာ အများနည်းတူ မြေပေါ်ကြဲထားတဲ့ထောင်ချောက်ထဲ ၀င်စားရင်းသားရေ ကြိုးဖြန်းခနဲ ထွက်လာတော့ လန့်ပြီးခုန်လိုက်တာတခြားငှက်တွေလို ခေါင်းမပြတ်ပဲ (သူက နည်းနည်းပိုမြင့်သွားတော့) ဖြေ တဖက်ပဲ ပြတ်သွားရှာတယ်။ နာနာကျင်ကျင်အော်ပြီး ပျံပြေးတော့တာပေါ့။ ဘယ်ကိုပြေးရမလဲ။ သူတို့အိမ်ပေါ့… သူတို့ အသိုက်ရှိတဲ့ အပင်ကြီးဆီပေါ့။

ဦးဦးလည်း တွယ်ကြည့်ရတာ ညောင်းလှပေမယ့် စိတ်ဇောဆောင်နေတော့ ဆက်ကြည့်နေမိတယ်။ ဆက်ရက်ခြေပြတ်ကလေး သွေးရူးသွေးတန်းပြန်လာတာ တွေ့ပေမယ့် သူ့အဖော်တွေဟာ .. သူဒီလို ခြေပြတ် ခဲ့တာတခုခုကြောင့်လို့ သဘောပေါက်နိုင် ပေမယ့် ဘာကြောင့်ဆိုတာတော့ တိတိကျကျ မသိကြဘူး။ ဒါကြောင့်လည်းနောက်ထပ် ဆက်ရက်လေးတွေ အများကြီး အခုနသတ်ကွင်းထဲ ထပ်ရောက်လာ ၊ ထပ်သေကြရပြန်တာပါပဲ။

သမီးနဲ့သားကတော့ အသည်းယားနေမှာပဲ။ ခြေပြတ်ကလေးက နောက်ငှက်တွေကို ပြောပြလိုက်ပါလားလို့ မချင့်မရဲ ဖြစ်နေ မှာပဲ။ သူလည်း ပြောချင်မှာပေါ့။ ခက်တာက ဆက်ရက်ကလေးတွေမှာ ဒီကိစ္စမျိုးပြောပြဖို့ ဘာသာစကားမပြည့်စုံရှာဖူးလေ။ သူတို့ဘာသာဘာဝ ခေါ်တာ ထူးတာ နှုတ်ဆက်တာ လောက်ပဲရှိမှာကိုး။

လူသားတွေမှာတော့ ဘာသာစကားရှိတော့ ပြောပြလို့ရတယ် တားမြစ်လို့ရတယ် မဟုတ်လား။ စာနဲ့ရေးပြလို့ရတယ်၊ ဖတ် တဲ့လူက သိသွားပြီး ဆင်ခြင်လို့ရတယ် မဟုတ်လား။
*-*-*

သမီးနဲ့သားရေ -
လူဖြစ်လာရတာ တိရစ္ဆာန်လေးတွေထက် သာတယ်ဆိုတာ ဒီတစ်ချက်ထဲကြည့်ရုံ အများကြီး မြင်သာမယ်လို့ထင်ပါတယ်။ တခြားအချက်တွေ များစွာရှိပေမယ့် ဦးဦးကတိုက်ဆိုင်နေတဲ့ ဒီတချက်ကိုပဲ ပြောပါရစေ။

ဒီလောက်ဆိုရင် တစ်ခါက သမီးနဲ့သား မေးခဲ့တဲ့ မေးခွန်းကိုဖြေပြီးပြီလို့ ယူဆပါတယ်။ တစ်ခါက မေးဖူးတယ် မဟုတ်လား ဘာလို့စာတွေ သင်ရတာလဲ။ ဘာလို့ ဟောပြောပွဲတွေ လုပ်ကြတာလဲဆိုတာ မေးဖူး တယ်လေ။

အတန်းပညာတွေ အများကြီး တတ်တာ၊ မတတ်တာ ခဏနေပါဦး။ စားရေးတတ်၊ ဖတ်တတ်ရင်၊ ဟောပြောတတ် နားထောင် တတ်ရင် ဘယ်လောက်ကျေးဇူးဖြစ်သလဲဆိုတာတွေးကြည့်ကြစေချင်တယ်။

ဦးဦးကတော့ လူတွေ အကျိုးရှိမည့် စာတွေ ရေးကြ ဖတ်ကြတာ မြင်တိုင်း ကောင်းကျိုးရှိရာ ဟော ပြောကြ၊ နားထောင်ကြတာ မြင်တိုင်း ဦးဦးနဲ့ဝေးခဲ့ရတဲ့ ဆက်ရက်ခြေပြတ်လေးကိုပဲ မြင်ယောင် သတိရနေဆဲပါ။

စာကြွင်း ။ ။ အဲဒီဆက်ရက်ခြေပြတ်လေးဟာ အများနည်းတူလုယက်အစာမရှာနိုင်တော့ သူ့ဘာဝကို ဘယ်လို ရုန်းကုန် ခဲ့ရ တယ်ဆိုတာ သမီးနဲ့သား သိချင်ရင် နောင်အလျဉ်းသင့်တဲ့အခါပြောပြပါဦးမယ်။

ချစ်တဲ့ ဦးဦး

- #မင်းကိုနိုင်
[ ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးမှ ]