မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၆)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၆)
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

● ဒေါ်အောင်ဆန်းစုကြည်နှင့် ညီလာခံအပိတ်
၂၀၁၆ စက်တင်ဘာလ ၃ ရက်နေ့တွင် ညီလာခံပြီးစီးသည်။ ညီလာခံအပိတ်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်စကားပြောကြားသည်။ သူမက ပြဿနာရှိတာ စိုးရိမ်စရာမရှိ။ ပြဿနာမရှိချင်ယောင်ဆောင်ခြင်းသာ စိုးရိမ်စရာဖြစ် သည်ဟု ဆိုခဲ့သည်။ ပြဿနာမရှိချင်ယောင်ဆောင်နေပါက ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။ ပြဿနာ များကို ရဲရဲဝံ့ဝံ့ဖြေရှင်းရန်သာ လိုသည်ဟုဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဤညီလာခံတွင် ပွင့်လင်းစွာပြောဆိုနေမှုများမှ မည်သူက အတိတ်ကိုဖက်တွယ်နေသည်၊ မည် သူက အနာဂါတ်ကိုရှေ့ရှု သည်ကို တွေ့မြင်နိုင်သည်ဟုဆိုခဲ့သည်။ အတိတ်၏ချည်နှောင်မှုကိုမခံဘဲ အနာဂါတ်ကို ရဲရဲဝံ့ဝံ့ရင် ဆိုင်ရန်လိုအပ်သည်ဟု ဆိုခဲ့သည်။ သို့သော်တိုင်းရင်းသားများအဖို့ကား အတိတ်သည် သမိုင်းဖြစ်သဖြင့် သမိုင်းသင်္ခန်း စာများကိုရယူကြပြီး အနာဂါတ်ကို ရှေ့ရှုကြမည်ဖြစ်သည်။ သတို့သည် အတိတ်သင်္ခန်းစာများကိုရယူပြီး အနာဂါတ်ကို ခြေ လှမ်းနေကြသည်ကို သတိပြုရန်လိုသည်။ သမိုင်း၏ ခါးသီးသောအတိတ်ကို ရင်ဝယ်ထားပါက ရှေ့မဆက်နိုင်သကဲ့သို့ အ တိတ်၏သင်္ခန်းစာများကို "မအ" အောင် သင်ယူကြမည်သာဖြစ်သည်။

လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ NLD ပါတီဝင်များသည်လည်းကောင်း၊ ပြည်ထောင်စု တွင် မည်သည့်ဖက်ဒရယ်ပုံစံကသင့်တော်သည်ဆိုသည်ကိုလည်းကောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးကိုလည်းကောင်း၊  တ လုံး တပါဒမျှ ပြောဆိုခြင်းမရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ တိုင်းရင်းသားပါတီများ၏ မတူသောအမြင်များကို စေ့စပ်ညှ်ိနှိုင်းသူအခန်းမှပါဝင်၍ ပြဿနာဖြေရှင်းရန် ကြံရွယ်ထားပုံရ သည်ဟု သုံးသပ်ရသည်။ ဤသို့ စေ့စပ်ညှိနှိုင်း၍ရရှိသောအချက်များကို အခြေခံပြီး အခြေခံဥပဒေပြင်ဆင်ကို ရှေ့ရှုရန် စဉ် စားကြံရွယ်ထားသည်ဟု သုံးသပ်ရပါသည်။

ညီလာခံအပိတ်တွင် သဘာပတိဖြစ်သူ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဟု ပြောဆိုသုံး နှုံးပြီး တင်သွင်းသည့် စာတမ်းများတွင် ဖြစ်နိုင်သည်လည်းရှိ မဖြစ်နိုင်သည်လည်းရှိကြောင်း အားလုံးညှိနှိုင်းသွားကြရန်ပြောကြားပြီး ပထမအကြိမ် ၂၁ ရာစုညီလာခံအား ပိတ်သိမ်းခဲ့ပါသည်။

● ညီလာခံအပြီး လုပ်ငန်းစဉ်များ
ညီလာခံအပြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆက် လက်လုပ်ဆောင်မည်ဖြစ်သည်။ ထိုအမျိုးသားအဆင့်ညီလာခံ များကို UPDJC ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာပြည်နယ်အလိုက် လုပ်ဆောင်မည်ဖြစ်သကဲ့သို့ အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်များကိုလည်း လုပ်ဆောင်သွားကြမည်ဖြစ်သည်။ ဤနိုင်ငံရေးဆွေးနွေးပွဲများကို UPDJC က ကွပ်ကဲသွားမည် ဖြစ်သည်။ ညီလာခံတခုနှင့်တခုကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို UPDJC က လုပ်ဆောင်သွားရမည်ဖြစ်သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့၈ ဖွဲ့နှင့် NCA သဘောတူညီချက်အတိုင်း UPDJC ကို ဖွဲ့စည်းလိုက်သကဲ့သို့UPDJC သည်လည်း နိုင်ငံရေးဆွေးနွေးမှုမူဘောင်ရေးဆွဲရန် တာဝန်ရှိသည်အားလျော်စွာ ၂၀၁၅ နိုဝင် ဘာ ၂၄ ရက်တွင်ကျင်းပသော UPDJC အစည်းအဝေးမှ အဖွဲ့ဝင် ၂၄ ဦးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုမူဘောင် မူကြမ်း ရေးဆွဲရေးကော်မတီ (Framework for Political Dialouge Drafting Committee) ကို ဖွဲ့စည်းထားခဲ့သည်။ သို့သော် NCA လက်မှတ်ထိုးရာတွင်အဖွဲ့ ၈ ဖွဲ့သာပါသေးပြီး မပါသေးသည့် အဖွဲ့ ၁၃ ဖွဲ့ကျန်နေသေးရာ ထိုအဖွဲ့များနိုင်ငံရေးလုပ် ငန်းစဉ်တွင် ပါဝင်လာပါက နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြု လွယ်ပြင်လွယ် ဖြစ်စေရန် ပုဒ်မ ၁၇ တွင် မူဘောင်ပြင်ဆင်ရေးကို ထည့်သွင်းရေးဆွဲထားသည်ဟု ဆိုပါသည်။

လက်ရှိ NCA သတ်မှတ်ချက်အရ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့ ၁၃ ဖွဲ့မှာ UPDJC တွင်ပါဝင်နိုင်ခြင်းမရှိသေးရာ ယခု ပထမအကြိမ်ညီလာခံအပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသည့်အဖွဲ့မှာ KNU နှင့် အဖွဲ့ ၈ ဖွဲ့သာဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန်အတွက် NCA လက်မှတ်မထိုးသေးသော အဖွဲ့များ စောင့်ဆိုင်းမနေဘဲ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။

သို့ဖြစ်ရာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်သူများမှာ NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် တရားဝင်နိုင်ငံရေးပါတီများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိကာလတွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့ ၁၃ ဖွဲ့သည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ခြင်းမရှိသေးရာ တနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးပြဿနာကို ဖြေရှင်းရန်အတွက် NCA လက်မှတ်ထိုးမည့်ပြဿနာကို ဖြေရှင်းရန် လိုအပ်မည်ဖြစ်သကဲ့သို့ ထိုအဖွဲ့များ နိုင်ငံရေးလုပ်ငန်းစဉ်များ မပါဝင်လာနိုင်သေးပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအပါ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်များသည် ခြေတဖက်ဆွဲနေပြီး ရှေ့ဆက်ရန် ခက်ခဲနေပေလိမ့်မည်။ ဤအချက်ကို NCA  လက်မှတ်ထိုးထားသောအဖွဲ့များက ကောင်းစွာသဘောပေါက်ကြပါသည်။

● NCA
NCA သဘောတူညီချက်သည် ၂၀၁၅ နှစ်ကုန်ပိုင်းရေးဆွဲပြီးစီးကာ၂၀၁၅ ဒီဇင်ဘာတွင် လွှတ်တော်မှအတည်ပြုခဲ့သည့် သ ဘောတူညီချက်ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များက NCA ကို ဆုပ်ကိုင်ရပ်တည်ထားပြီး NCA အခြေခံပေါ်မှ နိုင်ငံ ရေးဆွေးနွေးပွဲများ ဆက်လုပ်သွားမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၆ သြဂုတ်လ ၃၁ ရက်တွင် ၂၁ ရာစုပင်လုံ အဖွင့်မိန့်ခွန်းတွင် NCA ထီးရိပ်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများဆက်လုပ်သွားမည်ဟု ပြောခဲ့ပေရာ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် တသဘောတည်း ဖြစ်သွားပြီဟု ဆိုရမည်။

လက်ရှိ NCA လက်မှတ်မထိုးသေးသောအဖွဲ့များအား ခွဲခြားသုံးသပ်ပါက အစု ၄ စုရှိသည်ဟု ဆိုရမည်။ ၎င်းတို့မှာ UNFC ကတစု UWSA နှင့်NDAA မိုင်းလားအဖွဲ့တို့ကတစု၊ MNDAA/TNLA/AA တို့ကတစုနှင့် NSCN (K) နာဂအဖွဲ့ကတစု ဟူ၍ ဖြစ်သည်။

● NCA နှင့် UNFC
UNFC ကား NCA နှင့် မစိမ်းပေ။ NCA ဆွေးနွေးပွဲတလျောက် ပါဝင်ခဲ့သော အဖွဲ့များဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက် မှတ်ထိုးရာတွင် မပါဝင်ခဲ့ခြင်းမှာ NCA တွင် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား၍ဖြစ်သည်။ ဆိုရသော် MNDAA/TNLA/AA တို့အား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရေးကို အစိုးရကငြင်းပယ်ခဲ့၍ ဖြစ်သည်။ UNFC ခေါင်း ဆောင်များနှင့် သမတဟောင်းဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီမှုမရခဲ့ပေ။

လက်ရှိ ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးသေးသောအဖွဲ့များအား ဖိတ်ခေါ်ပါဝင်စေရာ၌ ၎င်းတို့အား UPDJC ပူးတွဲကော်မတီအဖြစ်ပါဝင်ခွင့်ပေးခဲ့သော်လည်း NCA လက်မှတ်မထိုးသေးသဖြင့် UPDJC အမြဲတမ်းအဖွဲ့ဝင်မဖြစ် ကြသေးပေ။ သို့ဖြစ်ရာ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် UNFC တို့အဖို့ NCA လက်မှတ်ထိုးရေးပြဿနာ ဆက် လက်ဆွေးနွေးကြရမည်ဖြစ်သည်။

သြဂုတ်လအတွင်း UNFC ၏ DPN နှင့် NCA လက်မှတ်ထိုးရေဆွေးနွေးကြရာတွင် DPN အနေနှင့် အတွေ့အကြုံများအရ NCA လက်မှတ်ထိုးရေးနှင့် အောက်ပါအချက်များကို ထည့်သွင်းရန်စဉ်းစားသည်ဟု ဆိုပါသည်။ စစ်ရေးအရ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖက်အားလုံးကကြေညာရန် နိုင်ငံရေးမူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေး လမ်းညွှန်တို့ကို ကြိုတင်သဘောတူညီမှုရရှိရန်၊ JMC တွင် နိုင်ငံတကာ အစိုးရကိုယ်စားလည်များ ပါဝင်ခွင့်ပြုရန်၊ NCA သဘောတူညီချက်များကို မလိုက်နာလျှင် သဘောတူညီချက်ပါ ယန္တယားများအတိုင်း မဖြေရှင်းလျှင် ပြည်တွင်းပြည်ပက ပညာရှင် တရားသူကြီးများပါဝင်သော လွတ်လပ်သေကော်မရှင် တရပ်ဖွဲ့စည်းရန်၊ နိုင်ငံရေးအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု ထည့်သွင်းဖေါ်ပြရန်၊ နိုင်ငံရေးဆွေး နွေးပွဲများကို ၃ ပွင့်ဆိုင်ကျင်းပရန်၊ ၂၁ ရာစုပင်လုံကရရှိလာသောသဘောတူညီချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါ ဥပဒေများရေးဆွဲပြဌာန်းရန်တို့အား ထပ်မံဖြည့်စွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။

UNFC အနေနှင့် ပြီးခဲ့သောကာလ အတွေ့အကြုံ များအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်ပမှသူများဖိတ်ခေါ်၍ သမာဓိဒိုင်အဖြစ်ထားလိုသည့်သဘောထားကို တွေ့ရသည်။ သို့သော် တပ်မတော်အနေနှင့် ပြည်ပနိုင်ငံများမှ ပါဝင်ခြင်းကို လက် ခံရန် ခက်ခဲပေလိမ့်မည်ဟု ယူဆပါသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက အချက် ၂ ချက်ကို သဘောတူလျှင် NCA လက်မှတ် ထိုးမည်ဟု ဆိုခဲ့သည်။ ပထမအချက်မှာ NCA သဘောတူညီချက်အရပေါ်ပေါက်လာသော နိုင်ငံရေးမူဘောင်ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးရာတွင် ၇ ပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ တရားဝင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလည်၊ ပါဝင်သင့်ပါဝင်ထိုက်သူများ) မဟုတ်ဘဲ NCA သဘောတူစာချုပ် ပါအတိုင်း အစိုးရ/ လွှတ်တော်/တပ်မတော် တပွင့်၊ တိုင်းရင်းသားလက်ကိုင် တပွင့်၊ တရားဝင်နိုင်ငံရေးပါတီ တပွင့် စသည့် ၃ ပွင့်ဆိုင်ဖြစ်စေလိုကြောင်း ဆိုခဲ့ပါသည်။

နိုင်ငံရေးဆွေးနွေးမှုမူဘောင်သည် NCA ကိုအခြေခံပြီး ၃ ပွင့်ဆိုင်ဖြစ်ရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ၇ ပွင့်ဆိုင်ဖြစ်နေ၍ နိုင်ငံရေးမူဘောင်အား ညှိနှိုင်းရန်လိုကြောင်း နိုင်ဟံသာက ဆိုပါသည်။

ဒုတိယအချက်မှာ အစိုးရနှင့် တပ်မတော်က NCA လက်မှတ်ထိုးရန် လက်မခံသေးသည့် ညီလာခံသို့ဖိတ်ကြားခြင်းမပြု သေး သည့် MNDAA ကိုးကန့်/ TNLA  တအန်းပလောင်/ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCA လက်မှတ်ထိုးရာတွင် ပါဝင်လာရေးဖြစ်သည်။

သို့ဖြစ်ရာ UNFC အဖွဲ့ဝင် ၇ ဖွဲ့လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင်ပြဿနာကား နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် နှိုင်း ယှဉ်မှုအရ လွယ်ကူပါသည်။ သို့သော် MNDAA/TNL/AA တို့နှင့်ပတ်သက်၍ကား ပါဝင်သောဖက်အားလုံးမှ အားစိုက်ဖြေ ရှင်းရန် လိုအပ်ပေသည်။

● NCA နှင့် PSC/NDAA မိုင်းလား
PSC (Peace and Solidarity Council) ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကောင်စီကို မိုင်းလားဒေသ၏ နိုင်ငံရေး ဦးဆောင်ပါတီအဖွဲ့ အစည်းအဖြစ်ဖွဲ့စည်းထားပြီး NDAA အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ကတော့ PSC လက် အောက်ခံတပ်ဖြစ်သည်။ ဒေသအကျယ်အဝန်းအရလည်းကောင်း၊ တပ်အင်အားအရလည်းကောင်း၊ NDAA ဒေသနှင့် တပ် သည် ကြီးမားလှသည်မဟုတ်ပေ။ သို့သော် NDAA နယ်မြေနှင့် UWSA နယ်မြေသည်ဆက်စပ်နေသည့်အပြင် မိုင်းဆတ် ခရိုင်အတွင်းရှိ UWSA ၁၇၁ စစ်ဒေသနှင့် မြောက်ပိုင်း ပန်ဆန်းရှိ ဝ ဒေသဆက်စပ်ရာတွင် မိုင်းလားဒေသသည် အရေးပါ သောနေရာမှ ပါနေသည်။ သို့ဖြစ်ရာ NDAA အနေနှင့် UWSA နှင့်ကင်းကွာ၍ မရသည့်သဘာဝမဟာမိတ်ဟု ဆိုရပေလိမ့်မည်။

ထို့ပြင် ပြီးခဲ့သော ၄ နှစ်ခန့်ကာလအတွင်း NCA လက်မှတ်ရေးထိုးရာတွင် UWSA ရော NDAA ပါ မပါဝင်ခဲ့ပေ။ UNFC အဖွဲ့ ဝင်များနှင့် အစိုးရညှိနှိုင်းဆွေးနွေးမှုရလဒ်ဖြစ်သော NCA တွင်လည်းကောင်း၊ ၂ ဖွဲ့အား လက်မှတ်ထိုးရန်အစိုးရဖက်က တောင်းဆိုသောအခါ ၂ ဖွဲ့လုံးက ငြင်းပယ်ခဲ့သည်။ NDAA အနေနှင့် ၁၉၈၉ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ယနေ့ထိ ၂၇ နှစ်ကြာသည့်တိုင်အောင် မည်သည့်တိုက်ပွဲမှ မဖြစ်ခဲ့ပေ။

ထို့ပြင် သမတဟောင်းဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက် ၃ ကြိမ် ရေးထိုးပြီးဖြစ်သည်။

၁။ အစိုးရက ကမ်းလှမ်းလာသော မိုင်းလား အထူးဒေသ ၄ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ရှမ်းပြည်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့နှင့် အထူးဒေသ ၄ မှဖွဲ့စည်းသော ငြိမ်းချမ်းရေးဖေါ်ဆောင် မှုအဖွဲ့တို့သည် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ပဏာမသဘောတူညီချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့၌ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် မိုင်းလား အထူးဒေသ ၄ ဒုဥက္က ဌ ဦးစံပေ့တို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

၂။ ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကျိုင်းတုံမြို့၌ အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့တို့ ၂၀၁၁ ခုနှစ် စက်တေင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့ကြသော ပဏမသဘောတူညီချက်ကို အတည်ပြုရန် သဘောတူကြောင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးတို့နှင့် မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဌများဖြစ်ကြသော ဦးစံပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်းတို့ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။

၃။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေး နွေးသည့်အဖွဲ့တိုသည် မိုင်းလားမြို့တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်အား ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသည်။ အစိုးရဖက်မှ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ဦးအောက်သောင်း၊ ဒုခေါင်းဆောင် ဦးသိန်းဇော် တို့လက်မှတ်ရေးထိုးပြီး အထူးဒေသ ၄ မိုင်းလားအဖွဲ့မှ ဥက္ကဌ ဦးစိုင်းလင်းနှင့် ဒုဥက္ကဌ၃ ဦး ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဤသို့အဆင့်ဆင့် လက်မှတ်ထိုးပြီး၍ NCA တွင် လက်မှတ်ထိုးရန်မလိုဟု ဆိုကြသည်။ သို့သော် တပ်မတော်သည်လည်း ကောင်း၊  ယခု ညီလာခံတွင် အစိုးရသည်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်ရန် NCA လက်မှတ် ရေးထိုးရန် လိုအပ်သည်ဟုဆိုကြရာ NDAA အတွက် NCA လက်မှတ်ထိုးရေးသည် ဆက်လက်ဆွေးနွေးရမည့်ပြဿနာတရပ် ဖြစ်လာသည်။

NDAA ခေါင်းဆောင်များသည် ၂၀၁၆ ဇူလိုင်လကုန်တွင် နေပြည်တော်သို့လာရောက်ပြီး အစိုးရခေါင်းဆောင်များ တပ်မ တော်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံတွင်တက်ရန် ကတိပြုခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၁၁ မှစသော UPDJC ပူးတွဲအစည်းအဝေးများတွင် ကိုယ်စားလှယ် စေလွှတ်ခဲ့သည်။ ၂၁ ရာစုပင်လုံဖွင့်ပွဲနေ့၌ ဥက္ကဌ၊ ဒုဥက္ကဌ ၃ ဦး နှင့် အ တွင်းရေးမှူးအပါ ထိပ်သီးခေါင်းဆောင်အားလုံး တက်ရောက်ခဲ့သည်။

သို့သော် NDAA သည် ပျော့ပြောင်းသောသဘောထားရှိပေရာ NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်းသည် သူ့အတွက် အရေး မကြီးလှပေ။ သူ၏နယ်မြေအနေအထား တပ်အင်အားအနေအထားအရ UWSA ဝ အဖွဲ့ လက်မှတ်မထိုးဘဲ NDAA တဖွဲ့ တည်း ချွန်ထွက်၍ လက်မှတ်ထိုးပါက ၎င်းဒေသမတည်မငြိမ်ဖြစ်လာနိုင်ပေရာ NDAA မိုင်းလားအဖွဲ့ လက်မှတ်ထိုးရေး မှာ အဓိက UWSA လက်မှတ်ထိုးခြင်းအပေါ် မူတည်သည်ဟု ဆိုရပေမည်။

ထို့ပြင် အခြားအကြောင်းအချက်တခုမှာ NDAA သည်လည်း အားလုံးပါဝင်ရေးအပေါ်ရပ်ခံ၍ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လာရေးအတွက် ကြားခံညှိနှိုင်းပေးလျှက်ရှိပေသည်။

ဆက်လက်ဖေါ် ပြပါမည်
Mg Mg Soe( မောင်မောင်စိုး )