ကျော်ကျော်(မြရည်စမ်း) - သမီး ဖြူ သို့



ကျော်ကျော်(မြရည်စမ်း) - သမီး ဖြူ သို့
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၆

ဖေဖေငယ်ငယ်တုန်းက 'ချစ်သမီးသို့ပေးစာများ' ဆိုတဲ့စာအုပ်လေးကို နှစ်နှစ်ခြိုက်ခြိုက်ဖတ်ခဲ့ရ ဖူးတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နေရူးက၊ နောင်အခါမှာသူ့နေရာကို သူ့ခြေရာထပ်ပြီးလိုက်လာနိုင်ခဲ့တဲ့ သမီးဖြစ်သူ အင်ဒီရာဂန္ဒီငယ်ဘဝမှာ ရေးပေးခဲ့တဲ့စာလေးတွေပေါ့။

ဖေဖေအထက်တန်းကျောင်းသားဘဝရောက်တော့လည်း စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှ ထောင်ထဲကနေ သားသမီးတွေဆီရေးပို့တဲ့ပေးစာလေးတွေ ဖတ်ရပြန်တယ်။ ဦးနှောက်နဲ့နှလုံး သားကို အချိုးကျကျရောတွေးပြီးရေးထားတဲ့စာတွေမို့ ခေတ်အဆက်ဆက်စံထားစရာတွေပေါ့သမီးဖြူရေ။

 ဖေဖေကတော့ သာမန်အညတရပါ။

ဒါပေမဲ့ သမီးလေးရင်ထဲမှာ အမှတ်တရ

တခုခု ကျန်နေခဲ့ရင်ပဲ ရေးရကျိုးနပ်ပါတယ်။

သမီးလေးမွေးနေ့နီးလာတိုင်းသမီးလေးဆီစာရေးချင်တဲ့စိတ်ဖြစ်လာတတ်တာကြာပြီလေ။ ဖုန်းဆက်ပြောရင် ရပါတယ်။ ပြောချင်တဲ့စကားတွေမပြောလိုက်ဖြစ်ပဲကျန်နေမှာစိုးလို့ပါ။

ရှေ့လဆိုရင် စက်တင်ဘာ ၂၁ ရက်မှာ သမီး ၁၉ နှစ်ပြည့်ပြီနော်။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ဟာ ကမ္ဘာငြိမ်းချမ်းရေးနေ့ပေါ့။ အဲ့ဒီနေ့ကျရင် သမီးမေမေကိုစိတ် နဲ့ရည်ပြီး ကန်တော့ဖြစ်အောင်ကန်တော့လိုက်ဖို့ ဖေဖေပြောချင်တယ်။ "သက်ရှိ၊သက်မဲ့ အရာခပ်သိမ်း အတွက် အရေးကြီးဆုံးဖြစ်တဲ့ငြိမ်းချမ်းရေးနေ့မှာ မွေးဖွားပေးခဲ့တဲ့မေမေ့ကျေးဇူးကိုသတိရနေတဲ့သမီး

ဘဝတစ်သက်တာလုံး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး ငြိမ်းချမ်းပါရစေ" လို့ ဆုတောင်းပါသမီးဖြူ။

သမီးဖြူ...ငြိမ်းချမ်းရေးဆိုတာအားလုံးအတွက် တကယ့်ကို အရေးကြီးပါတယ်။

လူတယောက်အတွက်ဆိုရင်တောင်မှ ကိုယ်စိတ်နှလုံးသုံးပါးထဲက တခုတလေမငြိမ်းချမ်းရင် အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ မလွယ်ကူသေးတာ။ တိုင်းပြည်တခုအတွက်ဆို ဘယ်လွယ်ပါ့မလဲ နော် သမီးဖြူ။

ဒါပေမဲ့လည်း ဖေဖေတို့နိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်ကို အခုအချိန်ထိညှိနှိုင်းရ တုန်းပဲသမီးလေးရေ။ သမီးဖြူရဲ့အဘိုးအဘွားတွေလက်ထက်ကတည်းကရှိခဲ့တဲ့ ပြည်တွင်းစစ်မီးကြီး ဟာ အခုအချိန်ထိ အတောမသတ်နိုင်သေးဘူး။

အဲ့ဒီတော့ နိုင်ငံတိုးတက်ဖို့ ဘယ်လိုလွယ်ကူမှာလည်း သမီးလေး။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူနေမှုဘဝအထွေထွေဟာ စစ်မက်ရေးကြောင့် နလံထဖို့ခက်ရ တုန်း။

အခု တက္ကသိုလ်ပညာသင်နေတဲ့သမီးလေးတို့လည်း၊ တကယ့် တက္ကသိုလ်ကျောင်းသူတွေရရှိ ရမယ့်အခွင့်အရေးတွေဆုံးရှုံးနေရသလို၊ ဆေးရုံတွေမှာလည်း ပြည့်ဝတဲ့ကျန်းမာရေးဝန်ဆောင်မှုမပေး နိုင်သေးလို့ လူနာတွေဟာ လူနာအခွင့်အရေး ဆုံးရှုံးနေကြရတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆို ရင်လည်းလူတစုကလွဲရင် ကျန်တဲ့သူတွေဟာ ရရစားစား၊ ဝါးဝါးမျိုမျိုနဲ့ လူဆိုမကင်း၊ ထမင်းမဝ ဘဝက မလွတ်နိုင်ကြဘူး။

နေရာတိုင်းနေရာတိုင်းမှာ အချိန်နဲ့အမျှဆုံးရှုံးနေကြရတယ်သမီးဖြူ။ မိဘမဲ့ကလေးတွေ တနေ့ထက်တနေ့ များပြားလာသလို သားသေလင်ဆုံးနဲ့ မုဆိုးမဖြစ်ရရှာတဲ့အမျိုးသမီးတွေလည်း အများကြီး။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာဆို ကျန်းမာရေးချို့တဲ့နေသူတွေ၊ အာဟာရမပြည့်ဝသူတွေအပြင် အရွယ်ရောက် ပေမယ့် စာသင်ခန်းထဲမရောက်နိုင်ကြဘဲ ခေတ်နဲ့စံနစ်ဒဏ်ကို ခံနေကြရသေးတဲ့ကလေးငယ်တွေ ဒုနဲ့ဒေး။

သူတို့တွေအနာဂတ်ဟာ အခုထိမည်းလို့မှောင်လို့ပါ သမီးဖြူရေ။

လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်အဖြစ်ပါလာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံဟာ ဘယ်သူဘယ်ဝါက စရှိခဲ့

တာပါလို့ပြောနေရုံနဲ့လည်း သံသရာရှည်ရုံပဲရှိမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် စောဘဦးကြီးတို့၊ ဦးနေဝင်းတို့၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်တို့ ဦးကျော်ငြိမ်း၊ ဦးနုတို့အကြောင်းတွေကိုသမီးကို သမီး အလယ်တန်းကျောင်းသူဘဝထဲက လေ့လာခဲ့ဖူးပြီးသားပဲ။ သမီးစဉ်းစားဆင်ခြင်ခဲ့ဖူးမှာပါ။ ကမ္ဘာမှာ လည်း နယ်ချဲ့လက်အောက် ကျရောက်ဖူးတဲ့နိုင်ငံတိုင်းလိုလိုဟာ ပြည်တွင်းစစ်ကိုအမွေရခဲ့ကြရတယ် သမီးဖြူ။

ဒီကြားထဲမှာမှ ဖေဖေတို့နိုင်ငံဟာ ပြည်တွင်းစစ်ကိုအကြောင်းပြုပြီး ခေါင်းစဉ်လှလှဆောင်ပုဒ် လှလှလေးတွေရေးပြီးကုပ်သွေးစုပ်တပါတီအာဏာရှင်အစိုးရရဲ့ဒဏ်ကို ပြည်သူတွေခါးစီးခံခဲ့ကြရသလို နောက်ပိုင်းမှာ စစ်အာဏာရှင်ကပေးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုတော့ နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဆိုသလို ကျောကော့နေအောင် ခံခဲ့ကြရတယ်။ ခေတ်ဆိုးကြီးထဲမှာအရာရာဟာ အမှောင်လွှမ်းခံထားရတယ်။

လူတစုရဲ့သားသမီးတွေသာ လွတ်လွတ်လပ်လပ်၊ တွေးတောပြောဆိုရေသားလုပ် ကိုင်နိုင်ကြတဲ့အခါ အခါသမယပေါ့သမီးဖြူရယ်။

ဖေဖေလည်း ငြိမ်းချမ်းရေးအကြောင်းလေးတွေ သမီးဖြူကိုပြောပြဖို့ရည်ရွယ်ရင်း စကား လမ်းချော်ချင်သွားတယ်။ တခုတော့ကောင်းပါတယ်။ သမီး ပြန်ဆက်စပ်မိတာပေါ့နော်။

ခေတ်အဆက်ဆက်မှာ စာပေအနုပညာရှင်တိုင်းလိုလိုဟာ စစ်ကိုမလိုလားခဲ့ကြဘူး။

ကျူးကျော်စစ်ပဲ ဖြစ်ဖြစ်၊ ပြည်တွင်း စစ်ပဲဖြစ်ဖြစ်၊ စစ်ပွဲမှန်သမျှကို ဆန့်ကျင်ခဲ့ကြတာ ချည်းပါပဲ။

ဖေဖေတို့နိုင်ငံမှာလည်း အဘိုးသခင်ကိုယ်တော်မှိုင်းတို့၊ ဆရာကြီးဒဂုန်တာရာတို့ဟာ တကယ့် ကို ငြိမ်းချမ်းရေးကိုမြတ်နိုးသူတွေပဲသမီးရေ။

ဖေဖေတအားလေးစားတဲ့စာရေးဆရာ သတင်းစာဆရာကြီးတယောက်အကြောင်း သမီးကိုပြောပြခဲ့ဖူးတယ် နော်။ အခုတော့ ကွယ်လွန်ခဲ့ပြီးပါပြီ။ ဆရာလူထုစိန်ဝင်းလေ သမီးဖြူ။ မှတ်မိပြီမဟုတ်လား။

ဆရာရေးတဲ့ စာအုပ်လေးတစ်အုပ် သမီး ၉ တန်းနှစ်က ဖေဖေပေးဖတ်ဖူးတယ်လေ။

"စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့နိုင်ငံရေးသမားလေ သမီးဖြူ။

စာရေးဆရာတွေဆိုတာမှန်တဲ့ဘက်ကလိုက်ရမယ်။ နှောင်ကြိုးအတည်းမခံရဘူးလို့ဆရာကခံယူထားတယ်။

ဆရာလူထုစိန်ဝင်းဆိုရင် ဗီယက်နမ်မှာ ဟိုချီမင်းရဲ့တပ်တွေကိုသွားတိုက်နေတဲ့အမေရိကန်တွေရဲ့လုပ်ရပ် ကို ကောင်းကောင်းကြီး ရှုတ်ချခဲ့ဖူးတယ်။ ဆရာလူထုစိန်ဝင်းက အဲ့ဒီတုန်းက 'ဝင်းဇော်'ကလောင် နာမည် နဲ့ရေးခဲ့တယ်။ ဆရာကငြိမ်းချမ်းရေးကိုမြတ်နိုးသလို၊ သူတပါးအရေးကိစ္စမှာ အာဏာဝင်ပြချင်တဲ့ အမေရိ ကန်ကိုလည်း ကြည့်လို့ရပုံမပေါ်ဘူး။ ဆရာဘာသာပြန်ခဲ့တဲ့ တောင်ဗီယက်နမ်မှငရဲခန်းများဆိုရင် ဘယ် လောက် ကြေကွဲနာကျင်ရသလဲ။

စကားစပ်မိလို့ပြောပြရဦးမယ်...

သမီးဖြူရဲ့အဘိုး၊ ဖေဖေ့ရဲ့အဖေတို့ခေတ်ကာလတုန်းက မြန်မာကဗျာဆရာတွေဟာ နယ်ချဲ့ ဆန့် ကျင်ရေးကဗျာတွေ ရေးကြတယ်။ ဗီယက်နမ်မှာ အမေရိကန်က ကျူးကျော်စစ်ဆင်နေတာ ကို မြန်မာပြည် ကနေ ကဗျာတွေရေးပြီး ဆန္ဒထုတ်ဖော်ကြတယ်။ အခုခေတ် ကဗျာဆရာတွေ ပြည်တွင်း စစ်ကြီးကိုရွံမုန်း လာလို့ ကဗျာတွေ ရေး၊ စာတွေရေးပြီးဆန္ဒထုတ်ဖော်ကြသလိုပေါ့သမီးရယ်...။

အဲ့ဒီအချိန်မှာ ဗီယက်နမ်သူရဲကောင်း ငုရင်ဗန်ထရိုင်းကိုဂုဏ်ပြုတဲ့ဗီယက်နမ်နဲ့ သွေးစည်းညီညွတ်ရေး ဆန္ဒ တင်ပြပွဲကို ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)နဲ့ အာရှအာဖရိက သွေးစည်းညီညွတ်ရေးကော်မတီ (မြန်မာနိုင်ငံ)တို့ကဦးဆောင်ပြီးလုပ်ကြတော့ မြန်မာပြည်ကကဗျာဆရာတွေ ကဗျာတွေပို့ပြီး ငုရင်ဗန်ထရိုင်း ကို ဂုဏ်ပြကြတယ်။ ငုရင်ဗန်ထရိုင်းဆိုတာ ဘယ်လိုလူမျိုးလဲဆိုတော့ ဖေဖေတို့မြန်မာနိုင်ငံက ဆလိုင်း တင် မောင်ဦးလို သတ္တခဲပေါ့သမီးဖြူ။

နယ်ချဲ့ကို ချဲလင့်စ်လုပ်တာနဲ့အာဏာရှင်ကိုချဲလင့်စ်လုပ်တာပဲကွာတာပေါ့...။

ဆက်မယ်နော်သမီး၊ အဲ့ဒီမှာ မန္တလေးက ကဗျာဆရာမောင်ငြိမ်းအေးရဲ့ကဗျာလေး ရွေးချယ် ဂုဏ်ပြု ခံရတယ်။ သူ့လိုပဲတခြားကဗျာဆရာတွေ၊ ဆောင်းပါးရှင်တွေလည်း အရွေးချယ်ခံရပါတယ်။

အဲ့ဒါကို အမြင်မကြည်လင်တဲ့အစိုးရက ဖမ်းမယ်ဆီးမယ်လုပ်တော့ ဆရာမောင်ငြိမ်းအေးဟာ ငြိမ်ငြိမ်အေး အေးမနေရရှာဘဲ ငြိမ်းချမ်းရေးကွန်ဂရက်က ချီးမြှင့်တဲ့ဂုဏ်ပြုလွှာလေးကို ရင်ဘတ်ထဲထည့်ပြီး ရှောင်ပြေး ရတယ်။ အဲ့ဒီတုန်းက ဆရာမောင်ငြိမ်းအေးဆိုတာ အခု အသက် ၇၀ ကျော်တဲ့အထိ ကဗျာ တွေရေးနေတဲ့၊ ကိုငြိမ်း (မန္တလေး) ဆိုတဲ့ကောင်းဘွိုင်နဲ့တူတဲ့ဆရာကြီးလေ။ ဒီလိုပဲ ....သမီးဖြူ

ကောင်းတာတွေလုပ်၊ ကောင်းတာတွေရေးပေမယ့် ငါနဲ့မတူ ငါ့ရန်သူလို့သဘောထားတတ်တဲ့ အစိုးရမျိုးနဲ့ တွေ့တော့ကဗျာဆရာကြီးဟာ ကလောင်နာမည်ပါ ပြောင်းခဲ့ရရှာတယ်။

ငြိမ်းချမ်းရေးကိုလူတိုင်းလိုလိုကလိုလားပေမယ့် မလိုလားတဲ့လူမျိုးတွေကလည်း ခေတ်အဆက်ဆက်ရှိခဲ့ တာပဲ။ ကမ္ဘာမှာရော မြန်မာမှာရောပေါ့။

စစ်ပွဲတွေကို ခုတုံးကာဗာလုပ်ပြီး'ဘယ်သူသေသေ ငတေဆိုတဲ့ကောင်မာရင်ပြီးရော'ဆိုတဲ့ဝိသမလောဘသားတွေပေါ့။ ကမ္ဘာမှာဆိုလက်နက်ကုန်သည်ကြီးတချို့ဟာစစ်ပွဲတွေဖြစ်အောင် စေ့ဆော်ဖန်တီးပြီးလက်နက်ရောင်းဖို့ ဂွင်ဖန်နေကြတာအခုထိပဲသမီးဖြူ။ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်၊ အသက်စွန့်ကြိုးစားနေကြသူတွေက သူတို့ရဲ့ခြေလှမ်းကိုမျက်ခြေ မပြတ် ကြည့်နေတာကိုမှ မကြာခဏဆိုသလို သူ တို့ခြေထိုးတာ ခံကြရရှာတယ်။

မကြာခင်မှာ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပမယ်လို့ဖေဖေကြားတယ်သမီးရေ။ ကျဆုံးသွားခဲ့တဲ့ ဖေဖေ တို့နိုင်ငံရဲ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပထမပင်လုံညီလာခံမှာ တိုင်းရင်းသား ပေါင်းစုံကိုစုစည်းနိုင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီးဖြစ်ခဲ့တယ်။ အခု ဒုတိယပင်လုံကိုလည်း၊ ငြိမ်းချမ်း ရေး ကိုမြတ်နိုးသူအားလုံးက အောင်မြင်ပါစေလို့မျှော်လင့်နေကြပါတယ်။

အများကြီးဆက်ရေးချင်သေးတယ်သမီးဖြူ။ သမီးရဲ့အချိန်လေးတွေ ဖေဖေခိုးယူလိုက်သလိုများဖြစ်သွား မလား။

လိုရင်းပဲ ပြောတော့မယ် သမီးရယ်...။

သမီးလေးငယ်ငယ်တုန်းက ဖေဖေနဲ့မေမေစကားများကြရင် သမီးကဖေဖေနဲ့မေမေပြန်အဆင်ပြေအောင် အမြဲလုပ်ပေးခဲ့တယ်။

ဖေဖေ့ကိုလည်း ဘီယာတွေမသောက်ပါနဲ့...ပြောသလို၊ မေမေ့ကိုလည်း ဖေဖေက ပင်ပန်းရှာတော့  တခါ တလေပါမေမေရယ်..လို့ပြောခဲ့ဖူးတာမှတ်မိလားသမီးဖြူ။ ဖေဖေနဲ့မေမေနှစ်ယောက်စလုံးက သမီးလေးကို ချစ်ကြတော့ မကြာခင် ပြန်အဆင်ပြေကြရတယ်။ သမီးက ဖေဖေနဲ့မေမေအတွက်ချိုးဖြူ ငှက်လေးပေါ့။ ဥပမာပြောပြတာပါ။ ငြိမ်းချမ်းရေးအတွက် ရင်ကြားစေ့ပေးမယ့်သူဟာ ချစ်ခြင်းခံရတဲ့သူဆိုရင်.. အဆင်ပြေ ဖို့များတဲ့အကြောင်းသမီးဖြူကိုသိစေချင်လို့ပါ။

အဓိကအရေးကြီးတာကတော့ ငြိမ်းချမ်းရေးအတွက်ဦးတည်ပြီး မသင့်မြတ်မှုတွေကိုသင့်မြတ်အောင် ရင်ကြားစေ့ပေးမယ့်သူကိုယ်တိုင်က ကိုယ်ကျိုးစွန့်ထားတဲ့ဖြူစင်မြင့်မြတ်သူတယောက်ဖြစ်ဖို့ အရေးအကြီးဆုံး ပါပဲသမီးဖြူ...။

ဖေဖေတို့နိုင်ငံက ထမင်းအိုးတစ်လုံးချက်၊ နှစ်လုံးချက်အချိန်ပဲခံတဲ့ ခဏငြိမ်းချမ်းရေးမဟုတ်ပဲ၊ သား စဉ်မြေးဆက်ရေရှည်ခံမယ့် ထာဝရငြိမ်းချမ်းရေးရမှနလံထနိုင်တော့မှာလေ။

သမီးဖြူရေ... မကြာခင်ရက်တွေမှာ ဆောင်းရာသီဝင်လာတော့မယ်။ ဆောင်းရာသီဆိုရင် သမီးတို့ ဖေဖေတို့ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်အိပ်ခန်းထဲ အနွေးထည်ထူထူဝတ်၊ စောင်ထူထူခြုံထားကြရင်ကိုမှ ညဥ့် နက်ရင် စိမ့်ခနဲအအေးဓာတ်ဝင်လာတယ်။ သမီးဖြူ...စဉ်းစားကြည့်လိုက်စမ်း၊ ဟိုး..တောင်တန်းတွေထက် မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက လူတွေ ဘယ်လောက်ဒုက္ခရောက်လိုက်ကြမလဲ။

နှစ်ဖက်ရင်ဆိုင်ထားတဲ့ဒေသတွေက နှစ်ဖက်စစ်သည်လေးတွေဆိုရင်လည်း ကတုတ်ကျင်းထဲမှာ မီးမဖိုရ၊ ဆေးလိပ်မသောက်ရ ချမ်းနေရှာကြမှာပေါ့။

ဆောင်းဝင်ပြီဆိုရင် ဖေဖေတို့မြို့လေးကို မြောက်ဖက်တောင်တန်းတွေပေါ်က လေနုအေးတွေ တိုက်ခတ်လာကြတယ်နော်။ ဒီနှစ်တိုက်ခတ်လာမယ့်လေနုအေးတွေထဲမှာ စိတ်ကိုညစ်၊ လူကိုနွမ်းစေ

တဲ့ယမ်းနံ့တွေပါမလာပါစေနဲ့လို့ ဖေဖေဆုတောင်းမိတယ်။ စိတ်လန်း၊ လူလန်းစေတဲ့ ငြိမ်းချမ်းရေးပန်း ရနံ့ တွေပဲ မျှော်လင့်မိပါတယ်သမီးဖြူ။

သမီးဖြူ....စက်တင်ဘာ ၂၁ မှာ အပြည့်အဝဆုံးငြိမ်းချမ်းရေးနဲ့ပျော်နိုင်ပါစေ။ ။

ချစ်တဲ့ဖေဖေ

ကျော်စိုးမိုး


ကျော်ကျော်(မြရည်စမ်း)

၂၇.၈.၂၀၁၆
ညနေ ၅နာရီ ၃၀ မိနစ်
ကိုးကား...ကဗျာမဂ္ဂဇင်း အမှတ် ၃ ၊၂၀၁၄