လှကျော်ဇော - ၁၉၄၂-မြောင်းမြ ကရင် - ဗမာ အရေးအခင်း (နောက်ဆက်တွဲ)





လှကျော်ဇော - ၁၉၄၂-မြောင်းမြ ကရင် - ဗမာ အရေးအခင်း (နောက်ဆက်တွဲ)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ ဆောင်းပါးအမှတ်(၃၇)

ဖေဖေနဲ့ရွေးကောက်ပွဲဆိုတဲ့ဆောင်းပါးမှာ ကျွန်မကဖေဖေ ၁၉၆၀ ခုနှစ်က ရွေးကောက်ပွဲဝင် စဉ်ကဝင်ရောက်ပါဝင်ကူညီခဲ့တဲ့အလုံရပ်ကွက်က ကရင်ခေါင်းဆောင်များအကြောင်းရေးရင်း မြောင်းမြ ကရင်-ဗမာအရေးအခင်းအကြောင်း အစအနလေး ပါသွားပါတယ်။ အဲဒီဆောင်းပါးမိုးမခမှာ ဖေဖေ ကွယ်လွန်ခြင်း (၃)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၁၁-၁၀-၂၀၁၅ မှာ တင်လိုက်ပါတယ်။ စာဖတ်သူ မှတ်ချက်မှာ မန္တလေးက ရဲကျော်သူဆိုသူက အဲဒီမြောင်းမြကိစ္စကို သီးခြားဆောင်းပါးတပုဒ် ပြည့်ပြည့် စုံစုံရေးဖို့ တောင်းဆိုထားပါတယ်။ သူ့စာမှာ-ဒီလိုရေးထားပါတယ်။ ဘီ-အိုင်-အေကာလက မြောင်းမြ မှာ ကရင်လူမျိုးများအစုလိုက် အပြုံလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး အစိုးရအဆက်ဆက်က ဖုံးဖိ ထားရုံမျှမက အထိမ်းအမှတ်ကျောက်တိုင်တောင် ထားခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် သိသလောက် ရေးပါ ဦး….တဲ့။

ဒီမြောင်းမြကိစ္စကို ဖေဖေက သူ့တွေ့ဆုံမေးမြန်းခန်းတွေမှာရော၊ သူကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ မှာရော အတော်ပြည့်ပြည့်စုံစုံ ရေးပြီးပါပြီ။ မဖတ်မိတာ ဖြစ်နိုင်ပါတယ်။ အဲဒါတွေရေးပြီးမှ နောက်ဆက် တွဲရေးမယ့်ဖြစ်ရပ်ကလေးများကလည်း ရှိလို့ အခုတခါတည်း ဖြစ်ရပ်အကျဉ်းကလေးကိုရော-နောက် ဆက်တွဲဖြစ်ရပ်ကိုရော ရေးရပါဦးမယ်။

အဲဒီဖြစ်ရပ်အပြည့်အစုံကိုတော့….

၁။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်။

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော။ (ဖြိုးမောက်သာစာပေ)။၂၀၁၂။နှာ(၇၉)။

၂။ တရားခံအစစ် ဘယ်သူလဲ။

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော-သတင်းဌာနများနဲ့အင်တာဗျူး။ (နေရီရီစာအုပ်တိုက်)နှာ(၁၆)၊(၇၅) တွေမှာ ဖတ်ရှုနိုင်ပါတယ်။

အဲဒီစာအုပ်တွေနဲ့လက်လှမ်းမမီနိုင်သူများအတွက် အဖြစ်အပျက်အကျဉ်းကတော့….

….  ၁၉၄၂ ခုနှစ်ဧပြီလ-မေလတွင်း-ဘီ-အိုင်-အေကာလ မြောင်းမြခရိုင်အတွင်း ဖြစ်ပွားခဲ့တာ ပါ။ အဲဒီဒေသက အင်္ဂလိပ်တပ်က အိန္ဒိယသို့မဆုတ်ခွာခင်- သူတို့ကိုလိုလားတဲ့ ကရင်အမျိုးသားများ ကို လက်နက်တပ်ဆင်ပေးပြီး တို့ (၃)လအတွင်း ပြန်လာမယ်။ မင်းတို့ ဂျပန်ကို တတ်နိုင်သမျှတိုက်ကြ လို့ လှုံ့ဆော်ထားခဲ့ပါတယ်။ ရွှေထွန်းကြာဆိုသူခေါင်းဆောင်ပြီး မြစ်ဝကျွန်းပေါ်မှာ ကရင်ပုန်ကန်မှု စတင်ခဲ့ပါတယ်။

အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေါင်းဆောင်အားလုံးနီးပါး ဂျပန်တပ်နဲ့အတူ ဆုတ်သွားတဲ့ ဗြိတိသျှတပ်များကို လိုက်တိုက်နေပါတယ်။ ဖေဖေကို အောက်ဗမာပြည်-ဘီ-အိုင်-အေ တာဝန်ခံတပ်မှူးအဖြစ်တာဝန်ပေးပြီး ရန်ကုန်မှာချန်ထားခဲ့ပါတယ်။ ကရင်တွေ တိုက်ခိုက်တာ ပြင်းထန် လာတော့ ဖေဖေ့ကို မြောင်းမြက အကူအညီတောင်းလာပါတယ်။ ဖေဖေက (သူ့ကိုမကြာခဏလာ အကြံပေးနေတဲ့ သခင်ဗိုလ်အကူအညီနဲ့) ကရင်ဘုန်းကြီး ဦးပဏ္ဍ၀ဆိုသူကို အစာင့်နည်းနည်းနဲ့ ငြိမ်း ချမ်းရေးတရားဟောဖို့ လွှတ်လိုက်ပါတယ်။ အခြေအနေလည်း တစုံတရာတည်ငြိမ်လာပါတယ်။

ဒါကို ဂျပန်ကသိသွားပြီး ဒီငြိမ်းချမ်းရေးကိစ္စ သူတို့ဘာသာသူတို့လုပ်မယ်ဆိုပြီး ဂျပန်စစ်ဗိုလ် တယောက်ဦးစီးပြီး အဲဒီဒေသတွေကို လှည့်လည်သွားလာပါတော့တယ်။ အဲဒီစစ်ဗိုလ်ကို ကရင်တွေက သတ်လိုက်တဲ့အခါ ဗိုလ်မိုးကြိုး (စစ်သေနာပတိချုပ်) က အကြီးအကျယ်ဒေါပွပြီး သူကိုယ်တိုင် ဦးစီးပြီး ကရင်တွေကို လက်စားချေသတ်ဖြတ်မှုတွေ ရွာလုံးကျွတ် မီးရှို့မှုတွေ ၂ ပတ်တိတိ အဲဒီဒေသတလွှား လုပ်ဆောင်ခဲ့ပါတယ်။

ဖေဖေလည်း သူ့တပ်နဲ့အတူ ပါသွားခဲ့ပါတယ်။

အဲဒီတုန်းက အဖြစ်အပျက်တွေကို ဖေဖေကပြန်ပြောထားတာတွေက ဒီလိုပါ။

…. ထိုသို့ဖြစ်ရသည်မှာ ဗိုလ်မိုးကြိုးအမိန့်ကြောင့်ဖြစ်ရသော်လည်း ထိုစဉ်က ကျွန်တော့်တပ် အားလုံးနီးပါး မြန်မာစကားမတတ်ကြတဲ့၊ အတွေ့အကြုံအလေ့အကျင့်လည်း သိပ်မရှိသေးတဲ့ ကျွန် တော့်တပ်ကြောင့် ပိုဆိုးရတယ်ထင်ပါတယ်။ (မှတ်ချက်။ ဖေဖေရဲ့အဲဒီတပ်ဟာ ထိုင်းနယ်စပ်က စု ဆောင်းလာတဲ့တပ်ပါ။)

….. ထိုစဉ်က ဗိုလ်မိုးကြိုးက တပ်မှူးကြီးဖြစ်ပြီး ကျွန်တော်က သူ့ရဲ့စစ်ဦးစီးအဖြစ်မျိုး ဆောင် ရွက်ခဲ့ရတာဖြစ်ပါတယ်။ သူဟာ ထိုစဉ်က ဘီ-အိုင်-အေတပ်ရဲ့စစ်သေနာပတိချုပ်ကြီးလည်း ဖြစ်တယ်။ ကျွန်တော်ဟာ ထိုနှစ်(၅၀) ကျော်ကာလက အသက်၂၃ နှစ်အရွယ် ကျောင်းသားမျိုးချစ်တော်လှန်ရေး စစ်သားတဦးသာ ဖြစ်တယ်။ စစ်သားအဖြစ် အမိန့်နာခံရေးသာ အဓိကထားခဲ့ပါတယ်။….

…. သို့သော် ကျွန်တော့် တာဝန် မကင်းပါ။ ထိုစဉ်က ကျွန်တော်သာ နိုင်ငံရေးအသိတစုံတရာ ရှိနေပါက ထိုကိစ္စကို ရှောင်နိုင်မယ်ဖြစ်ပါတယ်။ ခုခံတဲ့ရွာသားတွေကို သတ်ဖြတ်တဲ့အထိ မရောက်စေဘဲ ဗိုလ်မိုးကြိုးကိုကျေနပ်အောင် ရွာအချို့ မီးရှို့ဖျက်ဆီးတာတွေ လုပ်လိုက်ရင် ပြီးနိုင်မယ်ဖြစ်တယ်။ ….

ဒါတွေဟာ ဖေဖေရဲ့၁၉၉၈ (လွတ်လပ်ရေးနှစ်-၅၀-ပြည့်-ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းခန်း) မှာ ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဦးကျော်ဇံသာ (ဘီဘီစီ)နဲ့-မြန်မာနိုင်ငံမှာ ဒီိမိုကရေစီကျဆုံးမှုနဲ့ ပတ်သက်တဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ အထက်ပါ အကြောင်းအရာတွေအပြင် ထပ်ဖြည့်ပြောလိုက် တာကတော့ ….

…. ကျွန်တော် ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ကရင်အမျိုးသားများကို တောင်းပန် လိုပါတယ်။….တဲ့။

ဒါကို ဘီဘီစီက-ဦးကျော်ဇံသာတင်ဆက်တဲ့ မြန်မာ့အရေး-ကမ္ဘာ့အရေးအခန်းက ၂၅-၂-၂၀၀၄ မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ပြီးကတည်းက ဖေဖေဆီ နေရာအတော်များများကစာတွေ (အထူးသဖြင့် ပြည်ပရောက် ကရင်အမျိုးသားများ-ကရင်အဖွဲ့အစည်းများက) ရောက်လာကြပါတယ်။ စာအတော်များများကတော့ …. ဖေဖေရဲ့ဒီတာဝန်ယူတဲ့ပြောဆိုမှုအပေါ် ထောက်ခံပြီး ကျေးဇူးတင် ကြောင်းတွေပါ။

အဲဒီကာလကလည်း နအဖဟာ တချို့လူမျိုးစုအဖွဲ့များနဲ့ ငြိမ်းချမ်းရေးယူထားပြီး တောင်ပိုင်းက ကေ-အဲန်-ယူဒေသတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့အချိန်နဲ့လည်း တိုးနေပါတယ်။

ဒီအထဲမှာ ထူးထူးခြားခြား ပြည်တွင်းကစာတစောင် ပါလာပါတယ်။ ကျွန်မတို့နဲ့အရင်က ပန်း ဆန်းမှာအတူနေခဲ့ဖူးတဲ့သူတချို့ ဗမာပြည်ဆွေမျိုးတွေဆီပြန်လယ်ရာက အပြန်မှာယူလာတဲ့စာပါ။ သူတို့က ဗမာပြည်ပေါက် တရုတ်လူမျိုးတွေပါ။ (ဟွာချောင်လို့ တရုတ်လိုခေါ်ပါတယ်။) ပါတီကထွက် ပြီး သူတို့နိုင်ငံသူတို့ပြန်နေကြပြီး နအဖခေတ်မှာ စီးပွားရေးအရလည်း တစုံတရာပွင့်လင်းလာတဲ့ ဗမာ ပြည်ကို အလည်အပတ်ပြန်ကြ၊ စီးပွားရေးအကွက်အကွင်းလေး သွားရှာကြနဲ့ ဗမာပြည်နဲ့အိမ်ဦးနဲ့ ကြမ်းပြင်သဖွယ်သွားနေကြသူများပါ။ အဲသလိုသွားလာနေတဲ့သူတဦး တနေ့ကျွန်မတို့ဆီ ရောက်လာ ပြီး ဖေဖေကိုလိပ်တပ်ထားတဲ့ စာတစောင် ပေးပါတယ်။

အဲဒီစာရဲ့အတွင်းသဘောကတော့….

စာရေးသူဟာ ၁၉၄၂ ခုနှစ် ဖေဖေတပ်များ မီးရှို့ခဲ့တဲ့ရွာကဖြစ်ပြီး သူက အဲဒီတုန်းက ၇-၈ နှစ်သားတဲ့။ မိဖများနဲ့အတူ လက်လွှတ်ထွက်ပြေးကြရသတဲ့။ ရွာရှိလူအတော်များများလည်း အသတ်ခံ ရ-ဆိုပဲ။ သူတို့မိသားစုကတော့ ရန်ကုန်အင်းစိန်ဘက်ရောက်ပြီး ခရစ်ယာန်သာသနာပြုအဖွဲ့တဖွဲ့ရဲ့ စောင့်ရှောက်ပညာသင်ပေးတာ ခံရပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း တကျောင်းမှာ သင်းအုပ်ဆရာ တပါး ဖြစ်လာသတဲ့။ ဖေဖေရဲ့တွေ့ဆုံမေးမြန်းခန်းတွေ (အထူးသဖြင့် ကရင်အမျိုးသားတွေကို တောင်း ပန်စကားဆိုမှု) ကြားရပြီးနောက် သူက နောင် ဒီလို ကရင်-ဗမာပဋိပက္ခများ မပေါ်ပေါက်ရေးအတွက် ဒီလိုလုပ်ချင်ပါတယ်….တဲ့။

အဲဒီ ကရင်ရွာမှာ ကျောက်စာတိုင်တတိုင်ထူပြီး ဖေဖေရဲ့အဲဒီပြောကြားချက်ကို ထွင်းထုထား ချင်ပါတယ်။ ဒါကြောင့် ဖေဖေ့ကိုလက်ရေးနဲ့ အဲဒီစာတန်းရေးပေးပြီး လက်မှတ်လေးထိုးပြီး ပို့ပေးစေ လိုပါတယ်….တဲ့။

ဖေဖေက အဲဒီစာဖတ်ပြီး အတော်စိတ်မကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတောင်းဆိုသလို လုပ် ပေးလို့ မဖြစ်ပါဘူး။ နအဖခေတ်မို့ သိပ်လည်းတင်းကျပ်ပါတယ်။ တော်ကြာ ကိုယ့်စာကြောင့် သူပဲ ဒုက္ခရောက်မှာ စိုးရပါတယ်။ ဒါကြောင့် ဘယ်နေ့ဘယ်ရက်က ဘယ်သတင်းဌာနက မေးမြန်းခန်းမှာ ဒီလိုဒီလိုပြောသွားတယ်….ဆိုတာလောက်ကိုပဲ ရေးဖို့အကြံပေး တိုက်တွန်းလိုက်ရပါတယ်။ သဘော ကတော့ - ဖေဖေနဲ့တိုက်ရိုက်ဆက်သွယ်တာမဟုတ်ဘဲ၊ တဆင့်ကြားရတယ် …. ဆိုတဲ့ပုံ ဖြစ်အောင်ပါ။ အခုကြည့်ရတာကတော့ ကျောက်တိုင်ထူခွင့်လည်း ရခဲ့ဟန်မတူပါဘူး။

ဒီလို ဖေဖေ့ထံရေးကြတဲ့စာတွေအနက် “ ဗိုလ်ချုပ်ကျော်ဇောရဲ့အခုလို ရိုးရိုးသားသားဝန်ခံမှု အပေါ် ဖောက်ပြန်ရေးသမားတွေက ဗိုလ်ချုပ်ရဲ့ရိုးသားမှုကိုအသုံးချပြီး အပုပ်ချထိုးနှက်လာမှာ စိုးရိမ်မိ တယ်” လို့ ပြောဆိုတဲ့စာတွေလည်း ပါဝင်ပါတယ်။ တကယ်တော့ ဖေဖေဟာ ရဲဘော်သုံးကျိပ် ဂျပန် စစ်ပညာသင်ယူနေစဉ်ကတည်းက ဗိုလ်ရန်အောင်က ဗမာပြည်ရောက်ရင် ဗမာပြည်ကွန်မြူနစ်ကပို့ချ တဲ့ နိုင်ငံရေးသင်တန်းကို တက်ဖြစ်အောင်တက်ပါလို့တိုက်တွန်းထားလို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးသင်တန်းကို စိတ်ဝင်စားနေခဲ့သူပါ။ ဒီလိုနဲ့ သခင်စိုးရဲ့နိုင်ငံရေးသင်တန်းကိုတက်ဖို့ အခွင့်ရ လိုက်ပြီး ၁၉၄၄-ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပါတီဝင်တဦးဖြစ်ခဲ့တာပါ။ ကွန်မြူနစ်ဆိုတာ မျိုးက ဝေဖန်ရေး မိမိကိုယ်ကိုယ်ဝေဖန်ရေးလုပ်ဟန်ကို အစဉ်အမြဲ ကိုင်စွဲကျင့်သုံးသူများဖြစ်တော့ မိမိ ဘဝအတွင်းမှာရှိနေတဲ့ဒီအမှားကိုဝေဖန်ရေးပေးပြီး ကရင်လူထုကိုတောင်းပန်းခွင့်ရလိုက်တာကို ဖေဖေ က သူ့ဘဝအတွက် ကျေနပ်ပြီး ကွယ်လွန်သွားသူဖြစ်ပါတယ်။

သြော်….နအဖအစိုးရအနေနဲ့ကလည်း ကရင်-ဗမာချစ်ကြည်ရေးရသွားမှာ စိုးထင်ပါရဲ့။

လူမျိုးစုပဋိပက္ခပဲဖြစ်ဖြစ် ဘာသာရေးပဋိပက္ခပဲဖြစ်ဖြစ်၊ အစိုးရကတာဝန်ရှိရှိ၊ လက်ဦးမှုရှိရှိ ဖြေ ရှင်းပေးနိုင်ရင် အများအားဖြင့် ပြေလည်အေးချမ်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးပဋိပက္ခတွေကို မိမိတို့ရဲ့ထွက်ပေါက်အဖြစ် အသုံးချတတ်တဲ့ အစိုးရမျိုးလက်အောက်မှာဆိုရင်တော့ ဘယ်တော့မှ ပြေ လည်အောင် ဖြေရှင်းမှာမဟုတ်သလို ဒီလိုမျိုးမီးတွေကိုလည်း တငွေ့ငွေ့လောင်နေအောင်မွေးထားတာ တွေ့နိုင်ပါတယ်။ တခါတရံ စတင်မီးမွှေးသူများဟာ အစိုးရကိုယ်တိုင်တောင် ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် တိုင်းပြည်တွင်းပေါ်ပေါက်တဲ့ ပြည်သူတွင်းပြသာနာတွေ ပဋိပက္ခတွေကိုဖြေရှင်းပုံဖြေ ရှင်းနည်းတွေကိုကြည့်ရုံနဲ့ အစိုးရတရပ်ရဲ့ရပ်တည်မှုကို တွေ့နိုင်ပါတယ်။

စစ်အာဏာရှင်စနစ်အတွက်ကတော့ ဒီလိုပဋိပက္ခတွေဟာ သည်းခြေကြိုက် အစာတွေပါပဲ။

ဒါကြောင့်… ပြည်သူလူထုကြီးတရပ်လုံး နိုးနိုးကြားကြားရှိကြပါ။

လှကျော်ဇော။ ၂၅-၅-၂၀၁၆။

မှတ်ချက်။ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ။ဆောင်းပါးအမှတ်(၄၀)။

အရေးတော်ပုံဂျာနယ်။။အတွဲ(၂)။အမှတ်(၆)။မှ။