တူမောင်ညို - ပဝါလေးခြုံ ဒေါက်မြင့်ဖိနပ်ကလေး စီးပြီး ပြောကြည့်ပါလား


တူမောင်ညို - ပဝါလေးခြုံ ဒေါက်မြင့်ဖိနပ်ကလေး စီးပြီး ပြောကြည့်ပါလား
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၆


ဗိုလ်ရွှေမန်းက အတိုင်ပင်ခံရဲ့ ဥရောပ- အမေရိက ခရီးစဉ်ကနေ “ အမေ/အစ်မ(စု)၊ ရွှေအိုးများ ၊ စိန်အိုးများ ရွက်သယ်ခဲ့ပါ ” တဲ့။ ရေးရဲတဲ့သတ္တိကတော့ နောက်ထပ် “သူရ” တဘွဲ့တောင်ထပ်ပေးရမယ်။

“ သားရွှေအိုးထမ်းလာတာ မြင်ချင်တယ်” ဆိုတာရဲ့ အနှစ်သာရက အကျင့်သီလနဲ့သစ္စာတရားမြဲမြံတည်ကြည်မှုကို သာဓက ဆောင်ခြင်းဖြစ်ပါတယ်။ လောက်အတိပြီးတဲ့“သဖန်းသီးပုပ်တွေ”ကသားရွှေအိုးထမ်းလာတာမြင်ချင်တယ်လို့ပြောတာကတော့ မတန်မရာ ပြောတာပါပဲ။

“ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု(Sanctions)တွေ”နဲ့ပတ်သက်ပြီး ဗိုလ်ရွှေမန်းကပြဿနာရဲ့ဇစ်မြစ်အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်ဝံ့ဘူး။ မဖော်ထုတ်တဲ့အပြင် ဝိုးတိုးဝါးတားလုပ်ထားတယ်။ ဒါဟာသဘောထားမမှန်တာပဲ။ ညစ်ပတ်တာပဲဖြစ်တယ်။

“ ခေတ်ကာလအခြေအနေတစ်ခုအတွင်းမှာ အကြောင်းကြောင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကြောင့်” တဲ့။

ဒီလို စဉ်းစားတွေးခေါ်မှုနဲ့ ဒီလိုရေးသားချက်က စစ်အုပ်စုနဲ့ စစ်အုပ်စုအုပ်စိုးမှုကို အပြည့်အဝကာကွယ်လိုက်တာပဲဖြစ်တယ်။ ဗိုလ်ရွှေမန်းတဦးချင်းအဖို့ဆိုရင်လည်း သူ့ကိုယ်သူလည်း ကာကွယ်လိုက်တာဖြစ်တယ်။ (နအဖ) စစ်ကောင်စီမှာ သူ့ကိုယ်သူ နံပတ် ၃ လုံး ပြောခဲ့ဖူးတယ်မဟုတ်လား။

“ထိုအရေးယူမှုများကြောင့် သူတို့ပစ်မှတ်ထားသူတွေကိုထိတာထက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ အများပြည်သူများ ကိုသာ ဒုက္ခမျိုးစုံကြုံတွေ့ခံစားမှုဖြစ်စေတယ်။ ထိုဒဏ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေလည်း ကြုံတွေ့နေရတယ်” တဲ့။

တကယ့် စိတ်ပျက်စရာ ပျက်လုံးပဲ။ ဗိုလ်ရွှေမန်းသာ လူပြက်လုပ်စားရင် လူရွှင်တော်တွေ ထမင်းငတ်လောက်တယ်။

ပစ်မှတ်ထားသူတွေကို မထိဘူးလို့ ယတိပြတ်မရေးဘူး။ အများပြည်သူဒုက္ခမျိုးစုံကြုံတွေခံစားနေရတယ်တဲ့။

တိုင်းပြည်နဲ့ ပြည်သူလူထုကို အဆင်းရဲဆုံးနိုင်ငံ(LDC)ဘဝ၊ ဒုက္ခဆင်းရဲနွံထဲတွန်းချခဲ့တာ ဗိုလ်ရွှေမန်းတို့အာဏာအမွေ ဆက်ခံခဲ့ကြတဲ့ ဗိုလ်နေဝင်း(မဆလ)စစ်အုပ်စုဖြစ်ပါတယ်။

ဗိုလ်ရွှေမန်းတို့ဗိုလ်လုပ်အုပ်စိုးခဲ့တဲ့ (နဝတ-နအဖ)စစ်အုပ်စု အုပ်စိုးမှုအတွင်းမှာ ပြည်သူတွေဟာ ဆင်းရဲမှုနွံအိုင်ထဲကနေ ရုန်း ထွက်နိုင်ခဲ့ပါသလား။ ပြည်သူတွေဟာ ပိုမိုဆင်းရဲကြပ်တည်းလာခဲ့ပါတယ်။ ဗိုလ်ရွှေမန်းအပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ချမ်းသာ သထက်ချမ်းသာလာခဲ့ကြတယ်မဟုတ်ပါလား။ (မဆလ)အုပ်စိုးမှုထက် (နဝတ-နအဖ) စစ်အုပ်စုအုပ်စိုးမှုဟာ အဖက်ဖက်က ပိုပြီးဆိုး သွမ်းတယ်လို့ ပြည်သူတွေက တညီတညာထဲတသံထဲ ပြောဆိုနေပါတယ်။

“ လဲရာ သူခိုးထောင်း” ဆိုတဲ့စကားလိုပါပဲ။ အဲဒီလို (မဆလ) စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစစပြိုလဲခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝဟာ(နဝတ-နအဖ)စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကထပ်မံဖိစီးနှိပ်စက်ပြန်တာကြောင့် အိမ်ခင်တဲ့ လူမျိုးဟာ အိမ်နီးချင်းတိုင်းပြည်တွေဆီကိုရော ဟိုးနယ်စိမ်းပယ်စိမ်းတွေအထိ အလုပ်လုပ်ဖို့ နည်းမျိုးစုံနဲ့ ထွက်ခွာသွားကြရပါတယ်။ အဖြစ် မျိုးစုံနဲ့ ရင်ဆိုင်တိုးကြရပါတယ်။ ဒီလို ပြည်ပနိုင်ငံတွေကိုအုံနဲ့ကျင်းနဲ့ ထွက်ခွာပြီးအလုပ်သွားလုပ်ကြတဲ့ဖြစ်ရပ်ဟာ ၊ ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်ခြင်း၊ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတွေထူထပ်များ ပြားလာခြင်းစတဲ့ (နဝတ-နအဖ) စစ်အုပ်စု ဖိနှိပ်အုပ်စိုးမှုရဲ့အမှတ် လက္ခဏာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

“မြန်မာဆိုလျင် ကမ္ဘာအရပ်ရပ်မှာ အနှိမ်ခံရတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာ အလုပ်မရှိလို့၊ ရတဲ့ အလုပ်ကလည်း လုပ်ခ နည်းလွန်းလို့၊ အခြားနိုင်ငံကို ပုံစံအမျိုးမျိုး၊နည်းအမျိုးမျိုးနှင့်သွားကြရတယ်” ဆိုတာဟာ (မဆလ) နဲ့ (နဝတ-နအဖ) စစ်အုပ်စု အုပ်စိုးမှုတွေကြောင့်ပဲဖြစ်တယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီကနေ့အထိ အဲဒီဖြစ်ရပ်တွေဟာ အတော်မသတ်ဖြစ်ပျက်နေဆဲပါ။ အခုတော့ ဒီလို အနှိမ်ခံရမှုတွေဟာ၊ ပြည်ပမှာ အလုပ်သွားလုပ်ကြရတဲ့ရွေ့ပြောင်းလုပ်သားတွေရဲ့ဒုက္ခသုက္ခမျိုးစုံဟာ ဗိုလ်ရွှေမန်းတို့အဖို့ “စုတ်သပ် စရာ၊ မဲဆွယ်စည်းရုံးစရာ၊ အမျိုးသားရေးလက်သီးလက်မောင်းတန်းစရာ” ဖြစ်လာခဲ့ပြီမဟုတ်လား။

တိုင်းပြည်နဲ့ ပြည်သူလူထု အတိဒုက္ခရောက်ကြရတာရဲ့ အဓိကအကြောင်းရင်းဟာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု(Sanctions)တွေ” ကြောင့် မဟုတ်ပါဘူး။ (မဆလ)နဲ့ (နဝတ-နအဖ) စစ်အုပ်စုအဆက်ဆက် ကာလကြာရှည် ဖိနှိပ် အုပ်စိုးမှုရဲ့ တိုက်ရိုက်အကျိုးဆက်သာဖြစ်ပါတယ်။

ဒီဇစ်မြစ်နဲ့အကြောင်းရင်းတွေကို မျက်ကွယ်ပြုပြီး ဗိုလ်ရွှေမန်းက “အကြောင်းကြောင်း ကြောင့်ဖြစ် ပေါ်ခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကြောင့်” ဆိုပြီး ဖုံးကွယ်ထားတယ်။ ဝိုးတိုးဝါးတားလုပ်ထားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု(Sanctions)တွေကြောင့်ပဲဆိုပြီး “ကျားကျား မီးယပ်” လုပ်နေတဲ့ ဗိုလ်ရွှေမန်းတို့ကို အမေရိကန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ် မဟုတ်ပါလား။ အမေရိကန်ကိုလာခွင့်ပြုခဲ့တယ်မဟုတ်လား။ ဗိုလ်အောင်သောင်းနဲ့ ဗိုလ်သိန်းဋ္ဌေး ကို သာ “စတိ”သဘော အမေရိကန်ကအရေးယူပြခဲ့တာပါ။ “မြောက်ကိုးရီးယားကိစ္စ” မှာ ဗိုလ်ရွှေမန်းနဲ့ဗိုလ်သိန်းဋ္ဌေး ဘယ်သူပိုပြီး အရေးပါ သလဲဆိုတာ ယန်းကီးတွေ ကောင်းကောင်းသိပါတယ်။

“မိမိတို့မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုက အချို့နိုင်ငံ၊ အချို့အဖွဲ့အစည်းများ၊ အချို့သူများအတွက်အခွင့်အရေးရသွားစေတယ်”

ဒီစာပိုဒ်ထဲမှာပါတဲ့ “အချို့အဖွဲ့အစည်းများ၊ အချို့သူများ” ဆိုတာကတာ့ ဘယ်သူတွေကို ရည်ရွယ်နေမှန်းမသိပါဘူး။

“အချို့နိုင်ငံ” ဆိုတာကတော့ တရုတ်နိုင်ငံကို ရည်ရွယ်တယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒီစကားဟာ ဗိုလ်ရွှေမန်းက အမေရိကန်ကို မျက်ရည်ခံထိုးတဲ့စကားဖြစ်ပါတယ်။

ခင်ဗျားတို့က ပစ်ပစ်ခါခါ ရက်ရက်စက်စက်လုပ်လို့သာ ကျုပ်တို့မှာ တရုတ်ခြေသလုံးကို မဖက်ချင်ဘဲဖက်ခဲ့ရတာပါ၊ ဖက်နေရ တာပါဆိုတဲ့ သဘောကို “မေတ္တာမွန်” နဲ့ အသနားခံလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ “ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု (Sanctions)တွေ” ရုပ်သိမ်းရေးတာဝန်ကို အတိုင်ပင်ခံရဲ့ခေါင်းပေါ် ပုံချ ပေးလိုက်တာပဲဖြစ်ပါတယ်။ အရင်းစစ်လိုက်တော့ ဗိုလ်ရွှေမန်းဟာ စစ်အုပ်စုကိုယ်စား အတိုင်ပင်ခံကို ခိုင်းနေတာပါ။

လူတွေပိုပြီး စိတ်ဝင်စားအောင် ဗိုလ်ရွှေမန်းအနေနဲ့(Facebook)ကနေ ဒေါ်စုရဲ့ပဝါလေးကိုခြုံ၊ ဒေါက်မြင့်ဖိနပ်ကလေးကို စီးပြီးပြောကြည့်ပါလား။

ညွန်း
သူရဦးရွှေမန်း - “ အမေ/အစ်မ(စု)၊ ရွှေအိုးများ ရွက်သယ်ခဲ့ပါ” (Facebook)