မင်းကိုနိုင် ● ဥသြတွန်တဲ့ လရာသီ


မင်းကိုနိုင် ● ဥသြတွန်တဲ့ လရာသီ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သမီးနဲ့သား..
ဒီတစ်ပတ်တော့ စကားတွေ အတူပြောပြီး မငြင်းနိုင်တော့ဘူး။ စာရေးပြီးပြောပြတာပဲ တတ်နိုင်တော့မယ်။ အဝေးကြီး ရောက်နေလို့ပါ။ ဘယ်ရောက်နေလဲဆိုတာနောက်ပြီးမှ ပြောပြမယ်။ ဒီရောက်ရောက်ချင်း သမီးနဲ့သားကို သတိရစရာတွေ့ တာပဲ။ ဘာလဲဆိုတော့ သမီးနဲ့သားတို့ စိတ်ဝင်စားတဲ့အကြောင်းပေါ့။ ကိုယ်သိထားတာ အမြဲမှန်တယ်လို့ ထင်နေရာက နောက်ထပ်အမျိုးမျိုးလည်း ရှိသေးတယ်ဆိုတာသိရင် အမြဲအံ့သြတယ်၊ ပြီးတော့ သဘောကျတယ် မဟုတ်လား။

အခု ဦးဦးရောက်နေတဲ့နေရာမှာ ဥသြတွေက တစ်မျိုးကွ။ သမီးတို့ဆီမှာ ဥသြဆိုတာ နွေရာသီရဲ့သင်္ကေတပဲ။ ဥသြတွန်ရင် နွေရောက်ပြီး နွေဥသြလို့တောင် ခေါ်ကြသေးတာ။ ဒီမှာတော့ မိုးတစိမ့်စိမ့် ရွာနေတဲ့ကြားက ဥသြတွေန်နေတာကွ။ ဒါကြောင့် ဦးတို့ငယ်ငယ်က မှတ်ထားတဲ့ ဥသြတွန်သံကြားရင် နွေရောက်ပြီဆိုတာ မမှန်တော့ဘူးပေါ့။ ဒီမှာက ဆောင်းရာသီလည်း မရှိတော့ ဥသြဆိုတာ တစ်နှစ်လုံးတွန်နေတာပဲ ပြောပါတော့။

ဒီလောက်ဆိုရင် ဒီနေရာဟာ ဘယ်နိုင်ငံလည်းဆိုတာအကင်းပါးတဲ့ သမီးနဲ့သား ရိပ်မိကြမှာပေါ့။ ဒီနိုင်ငံရဲ့ ထင်ရှားတဲ့ပုံကို ပြောပါဆိုရင် ငါးကိုယ်လုံးနဲ့ ခြင်္သေ့ခေါင်းရဲ့ပါးစပ်ထဲက ရေပန်းတွေ ထွက်နေတဲ့ပုံလို့ပြောရင် သိပြီးမဟုတ်လား။

လွန်ခဲ့တဲ့ နှစ်ငါးဆယ်ဝန်းကျင်က တံငါရွာသာသာ ဒီနေရာဟာခုတော့ ဦးတို့ဆီကလူတွေ လာအလုပ်လုပ်ရတဲ့ တိုင်းကြီး ပြည်ကြီး မြို့ပြကြီးဖြစ်နေပြီပေါ့။ အလုပ်ပိတ်ရက်ဆိုရင် ပင်နီဆူလာဆိုတဲ့ နေရာမှာ မြန်မာတွေလာစုရင်း ခုတော့ဈေး ဆိုင် တွေကအစ မြန်မာဆိုင်းဘုတ်တွေနဲ့ မြန်မာတွေသုံးတဲ့ ကုန်ပစ္စည်းတွေ၊ မြန်မာကြိုက် ရိုးရာအစာတွေနဲ့ မြန်မာနိုင်ငံ ရောက် နေသလား ထင်ရအောင် မြန်မာတွေ များလိုက်တာ..။
-*-*-*-*-*-

လေဆိပ်မှာ လာကြိုသူတွေ ၊ ဟောပြောပွဲ ဆွေးနွေးပွဲကျင်းပဖို့ မြန်မာနိုင်ငံက လာသူတွေ အများစုဟာ ပညာတတ်တွေ များတယ်။ အထူးသဖြင့် အင်ဂျင်နီယာတွေအများဆုံးပဲ။ ဧည့်သည်တစ်ယောက်က ဒါကို ကြည့်ပြီးမြန်မာပြည်က အင်ဂျင်နီယာတွေ အကုန် ဒီရောက်နေပြီလားလို့တောင် ပြောသေးတယ်။

ညဘက် လမ်းဘေးမှာတွေ့တော့ ဆောက်လုပ်ရေးတွေ၊ သင်္ဘောကျင်းတွေမှာ အလုပ်ကြမ်းဝင်လုပ်ရတဲ့ တို့နိုင်ငံသားတွေ အများစုကို တွေ့ရတော့တာပဲ။

ပင်နီဆူလာထဲ ဈေးလာဝယ်သူတွေ၊ ငွေလာလွှဲသူတွေ၊အားလပ်ချိန်မို့ သူငယ်ချင်းတွေနဲ့တွေ့ချင်လို့ လာသူတွေထဲ အများ စုဟာ ဒီမှာ အိမ်အကူ လာလုပ်နေတဲ့မိန်းကလေးတွေတဲ့။ အသက်တွေက ဆယ့်ရှစ်နှစ်ဝန်းကျင်တွေ။ ကလေးရုပ်တွေ မ ပျောက်သေးဘူးလို့ မြင်တာနဲ့ပြောချင်စရာ ရုပ်ရည် ငယ်ရွယ်သူတွေချည်းပဲ တွေ့ရတယ်။

အားလပ်ရက်မို့ အပြင်ထွက်ခွင့်ရတုန်း အပြေးအလွှားလာနေကြတာ လှောင်အိမ်တံခါးပွင့်လို့ ထွက်လာတဲ့ငှက်တွေလိုပဲ။ သူတို့ကိုယ်မှာ တောင်ပံမပါပေမယ့်ခြေတွေ လက်တွေက တောင်ပံ ဖျပ်ဖျပ်ရွှင်မြူးနေဆိုသလို ခတ်နေကြတယ်လို့ မြင်တာပဲ။

တိုင်းတစ်ပါးက လူမျိုးခြားတွေအိမ်မှာ တစ်ယောက်တည်းအလုပ်လုပ်ကြရတာဆိုတော့ စကားပြောဖော်လည်းမရှိကြဘူး။ တစ်ပတ်လုံး အထီးကျန်နေကြတာတဲ့။ ၇ ရက်မှတစ်ခါလောက် အားခွင့်ရတာ ဒီလိုစုရပ်မှာလာပြီး အဖော်တွေနဲ့ နေချင်ကြ တာ သဘာဝပေါ့။ အဲဒီအထဲမှာ တချို့အိမ်ရှင်တွေနဲ့ နားလည်မှုယူပြီး သဘောတူချက်တွေလုပ်ကြတယ်။ တစ်ပတ်ကို ဒေါ် လာနှစ်ဆယ် ပိုရမယ် အိမ်ပြင်မထွက်ဘဲ နေရမယ်တဲ့။ တစ်လကို ဒေါ်လာရှစ်ဆယ်ပိုရမယ်ဆိုပြီး သဘောတူ လက်မှတ်ထိုးကြ တာတကယ်တမ်းကျတော့ အိမ်ထဲ အမြဲမနေနိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် တိုက်ပိတ်မိသလို ခံစားကြရတယ်။

ဆောက်လုပ်ရေးတို့ သင်္ဘောကျင်းတို့မှာ အလုပ်ကြမ်းလုပ်ရတဲ့ ယောက်ျားလေးတွေမှာလည်း  အများစုကငယ်ရွယ်သူတွေပါပဲ။ ဒါပေမယ့် တစ်နေကုန် ပင်ပန်းလွန်းတော့ ညဘက်ကျရင် ဈေးရုံတန်းလေးတွေ၊ ရပ်ကွက်ဈေးဆိုင်လေးတွေနားမှာ အရိပ်ခို ရင်း ၀ိုင်းဖွဲ့ကြရတာပဲ။
-*-*-*-*-*-

အင်ဒိုနီးရှား အစိုးရကတော့ သူ့နိုင်ငံသားတွေအတွက်ကာကွယ်စောင့်ရှောက်နိုင်မယ့် အစီအစဉ်တွေ အားထုတ်ထားထားတာ ရှိတယ်။ ဒီနိုင်ငံမှာ အိမ်အကူ လုပ်သူတွေဟာ၂၄ နာရီ အိမ်ထဲနေရရင် မလိုလားအပ်တဲ့ စိတ်အနာတရတွေ ဖြစ်တာမျိုး မရှိအောင်၊ မနက် ဘယ်နှစ်နာရီအလုပ်ဝင်၊ ညနေ ဘယ်နှစ်နာရီ အလုပ်ထွက်ပြီး အလုပ်သမားတွေစုနေတဲ့ တန်လျားကိုပြန် စသဖြင့် သဘောတူချက် ယူထားတာမျိုးပေါ့။ အိမ်ရှင်နဲ့ ၂၄ နာရီအတူနေရရင် ဖြစ်လာတတ်တဲ့ ပြဿနာတွေကိုလည်း ရှောင်ရှားစေချင်တာ ပါတာပေါ့လေ။

ဦးတို့နိုင်ငံကသွားလုပ်ကြတဲ့ အိမ်ဖော်တွေမှာ အလုပ်သမား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ တိတိ ကျကျ သိသူနည်းပါတယ်တဲ့။ ဒီလိုနဲ့အလုပ်လုပ်ရတဲ့ အိမ်တွေထဲက မထွက်ဖြစ်ကြဘဲ အပြင်လောကကြီးကို လွမ်းနေရတဲ့ သူတွေ ရှိကြတာပေါ့။ သူတို့ရဲ့ လွမ်းတေးညည်းသံဟာလည်း ဥသြတွန်သံလွမ်းတေးလိုပဲပေါ့။ နွေဦးမှာမှ မဟုတ်ဘဲ ဆယ့် နှစ်ရာသီကြားနေရာတမျိုးပါပဲ သမီးနဲ့ သားတို့ရေ..။

ချစ်တဲ့ ဦးဦး

#မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၂ ၊ အမှတ် ၁၀၁ ဆောင်းပါး]