မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၁)
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၆
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၆
● အရပ်သားအစိုးရ၏ မူဝါဒ
၂၀၁၆ ခုနှစ် မတ်လကုန် ဧပြီလဆန်းတွင် NLD အရပ်သားအစိုးရသစ် တာဝန်လွှဲပြောင်းရယူသည်။ ထိုသို့ အစိုးရ တာဝန်ရ ယူပြီးနောက် NLD အစိုးရသစ်သည် ငြိမ်းချမ်းရေးကို သူတို့၏အဓိကတာဝန်အဖြစ် ရွေးချယ်ခဲ့သည်။ တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးဦးလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်ဟု ဖေါ်ပြခဲ့ပါသည်။ နောက်ပိုင်းတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို သူမတို့ မပစ်ပယ်ကြောင်း၊ သို့သော် မငြိမ်းချမ်းပါက ထိုဖွဲ့ဖြိုးတိုးတက်မှုများသည် ပြိုလဲသွားမည်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံဆိုခဲ့ပါသည်။
NLD ပါတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လိုအပ်သည့် တွေ့ဆုံညှိနှိုင်းမှု များစွာပြုလုပ်ခဲ့ပြီး အစိုးရတာဝန် ကို ချောမွေ့စွာ လွှဲပြောင်းရယူနိုင်ခဲ့သည်။ ထိုသို့ တွေ့ဆုံညှိနှိုင်းမှု များစွာဖြင့် အစိုးရတာဝန်ယူခဲ့သော NLD အစိုးရသစ်သည် နောက်ထပ် မြောက်များစွာသော ထပ်ခါထပ်ခါဖြစ်သော ညှိနှိုင်းဆွေးနွေးရမည့်တာဝန်ကို လိုလိုလားလား ရယူခဲ့သည်။ ထို့ ကြောင့် အရပ်သားအစိုးရသစ်တာဝန်သည် စေ့စပ်ညှိနှိုင်းရေးမှူးတာဝန်ဖြစ်သည်ဟု ဆိုရမည်။ အရပ်သားအစိုးရသစ်အနေနှင့် ဤတာဝန်အား မည်မျှပေါက်မြောက်အောင်ထမ်းဆောင်နိုင်မည်ဆိုသည်ကတော့ သူတို့၏ စွမ်းဆောင်ရည်ပေါ်မူတည်ပေလိမ့်မည်။ နိုင်ငံရေးလုပ်ငန်းစဉ်တခု အောင်မြင်ရန်လူထုပါဝင်ဝိုင်းဝန်းရန်လိုအပ်သကဲ့သို့ ထိုသို့လူထုအားလုံး ပါဝင်နိုင်ရေးကို စုစည်းခေါင်းဆောင်ရမည်မှာ နိုင်ငံရေးပါတီ၏ တာဝန်ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်က "ကျမက regime change (အစိုးရအပြောင်းအလဲ) လုပ်မှာမဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဒုတိယပင်လုံညီလာခံ ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီ စံတန်ဖိုးတွေ ပိုမိုမြင့်မားလာရေး ငြိမ်းချမ်းစွာပြောင်းလဲရေးကို လုပ်ဆောင်သွား မှာပါ" ဟု စောစီးစွာကပင်ဆိုခဲ့သည်။ (credit ဒေါက်တာလွဏ်းဆွေ)
သို့ဖြစ်ရာ လက်ရှိ NLD အရပ်သားအစိုးရသစ်အား ပဲ့ကိုင်နေသော ဒေါ်အောင်ဆန်းစုကြည်သည် သူ့မလျှောက်မည့်လမ်းကို စောစီးစွာ ရွေးချယ်ခဲ့သည်ဟု ဆိုရမည်။
● ယခင်အစိုးရဆောင်ရွက်ချက်များ
သို့သော် ထိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NLD အရပ်သားအစိုးရသစ်လက်ထက်မှ စတင်သည့်လုပ်ငန်းစဉ်တော့မဟုတ် ၂၀၁၁ ခုနှစ်တွင်၂၀၀၈ အခြေခံဥပဒေအရတက်လာသည့် သမတဟောင်းဦးသိန်းစိန်လက်ထက်ကတည်းက စတင်သည့် လုပ်ငန်းဖြစ်ပေသည်။ ၁၉၈၉ ခုနှစ် မြန်မာပြည်အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင်အင်အားအကြီးဆုံး ဗမာပြည်ကွန်မြူနစ်ပါ တီပြိုကွဲပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနှင့် နဝတအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးရယူနိုင်ခဲ့ သည်။
သို့သော် ထိုသို့အပစ်ရပ်ထားသောအဖွဲ့များအား နိုင်ငံရေးပြသနာကိုနောက်တက်လာမည့် အရပ်သားအစိုးရနှင့်ဆွေးနွေးမည်ဟူသည့် ကိစ္စအားဖျက်သိမ်း၍ နအဖ အစိုးရက ၎င်းတိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရန် ဖိအားပေးလာပြီးသည့်နောက် လက်မခံနိုင်သည့်အဖွဲ့များနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွါးခဲ့သည်။
ဤသို့ BGF ဖွဲ့စည်းရေးတွင် နအဖ ဖိအားကိုမခံနိုင်သည့်အဖွဲ့အချို့မှာ BGF နှင့် ပသစ ဖြစ်သွားခဲ့ကြသည်။ ၎င်းတို့မှာ
၁။ စောချစ်သူဦးစီး DKBA မှ ခွဲထွက်သော BGF ၁၀ ရင်း (နောင်တွင် ၂ ရင်းက မူလ DKBA နှင့် ပြန်ပူးပေါင်းသည်)
၂။ ကိုထွန်းကျော် ဦးစီးကလလတ (ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး) မှ ပြောင်းလဲဖွဲ့စည်းသည့် BGF
၃။ ဇခုံတိန့်ယင်းဦးစီးသည့် NDAK မှ ပြောင်းလဲဖွဲ့စည်းသည့် BGF
၎။ ပယ်စောက်ချိန် ဝေစမ်းဦးစီးခွဲထွက်ကိုးကန့်မှ ပြောင်းလဲဖွဲ့စည်းသည့် BGF
၅။ မထုနော် ဦးစီး KDA မှပြောင်းဖွဲ့သည့် ကောင်းခါး ပသစ
၆။ SSPP/SSA မှ ပြောင်းဖွဲ့သည့် စိန်ဂျော့ ပသစနှင့် ကာလိ ပသစ
၇။ ကိုသန်းစိုးနိုင်ဦးစီး ကယန်းပြည်သစ်ပါတီမှ ပြောင်းလဲဖွဲ့စည်းသည့် ပသစ
၈။ လက်နက်လုံးဝဖြုတ်သိမ်းလိုက်သည့် ရလလဖ တို့ဖြစ်သည်။
သို့ဖြစ်ရာ အထက်ပါ အချက်အလက်များသည် ၂၀၀၉ ခုနှစ် အတွင်း BGF နှင့် ပသစ ပြောင်းလဲရေး ဖိအားပေးရာတွင် နအဖ တို့ အောင်မြင်ခဲ့သည့် အချက်များဟုဆိုနိုင်သည်။ သို့သော် ထိုဖိအားအောက်တွင် မြောက်ပိုင်းတွင် KIA နှင့် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ SSPP/SSA နှင့် ကိုးကန့်အဖွဲ့တို့ကြား အုပ်စုကွဲများပေါ်ပေါက်ခဲ့သော်လည်း BGF/ပသစ လက်မခံ သူများ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နအဖ၏ အဆိုပါဖြေရှင်းနည်းသည် တစုံတရာအောင်မြင်မှုရှိသည်။ ၎င်းတို့အတွက် တစုံတရာအကျိုး ရှိသည်ဟုဆိုနိုင်သော်လည်း တခုလုံးပြဿနာ တတိုင်းပြည်လုံးပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။
သို့ဖြစ်ရာ သမတဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်ပွဲများ တင်းမာမှုများ လက်နက်ကိုင်အင်အားစုသစ်များ ပြန်လည်ထွက် ပေါ်လာခဲ့သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလည်း ပေါ်ထွက်လာခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် UPC ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် UPWC ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတို့ ဖွဲ့စည်းလုပ်ဆောင်ခဲ့ သည်။ UPC/UPWC တို့၏ဦးတည်ချက်မှာ ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခြင်း ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးခြင်းနှင့် လွှတ်တော်၌ အတည်ပြုခြင်းတို့ဖြစ်သည်။
သို့သော် နောက်ပိုင်း KIO/KIA အပါ UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ၏တောင်းဆိုချက်အရ တိုင်းရင်းသားတပ်ပေါင်းစုများ၏ လိုင်ဇာညီလာခံ လော်ခီးလာညီလာခံတို့အား ခွင့်ပြုပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တဖွဲ့ချင်းဆွေးနွေးရာမှအားလုံးနှင့် တပြိုင်တည်း ဆွေးနွေးသည့်ပုံစံသို့ ပြောင်းလဲခဲ့သည်။ NCA တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွင် အားလုံးပါဝင်လက်မှတ်ထိုးရေးကို ဦးတည်ခဲ့သည်။ အဆိုပါ NCA ဆွေးနွေး ရာတွင် UWSA /NDAA မိုင်းလားနှင့် NSCN (K) နာဂ ၃ ဖွဲ့မပါဝင်ခဲ့ပေ။
၂၀၁၅ ခုနှစ်အတွင်း NCA သဘောတူညီချက်ကို အကြမ်းအားဖြင့်သဘောတူညီမှုရရှိပြီးနောက် NCA လက်မှတ်ထိုးရေးကို နှိုးဆော်လာသောအခါ မူလ NCA ဆွေးနွေးရာတွင်မပါသည့် UWSA/NDAA/NSCN (K) ၃ ဖွဲ့က NCA လက်မှတ်ထိုးရန် ငြင်းဆန်သည်။ ဦးသိန်းစိန်အစိုးရဖက်ကလည်း MNDAA/TNLA/AA ၃ ဖွဲ့ကို အသိမှတ်မပြု။ တဖန် NCA လက်မှတ်ထိုးရန် အစိုးရမှလိုလားသော UNFC မှ KIO-KIA/SSPP-SSA/NMSP/KNPP/ANC/LDU/WNO အဖွဲ့ ၇ ဖွဲ့မှလည်း အားလုံးပါဝင် ရေးမူကို ဆုပ်ကိုင်၍ NCA လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။
သို့နှင့် ၂၀၁၅ အောက်တိုဘာလ NCA လက်မှတ်ရေးထိုးရေးတွင်KNU/KPC/DKBA/ABSDF/ALP/RCSS-SSA/CNF/PNLO အဖွဲ့ ၈ ဖွဲ့တို့သာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၎င်းအဖွဲ့ ၈ ဖွဲ့နှင့် ၂၀၁၆ ဇန္နဝါရီလ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ခဲ့သည်။ ထို့ပြင် NCA စာချုပ်အရUPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ JMC ခေါ်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့် JICM ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူညီချက် အကောင်ထည်ဖေါ်မှုဆိုင်ရာ အ စည်းအဝေး စသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် လုပ်ငန်းစဉ်များ ဖော်ထုတ်သတ်မှတ်ခဲ့ သည်။
သို့ဖြစ်ရာ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းဖြစ်စဉ်အဆုံးသတ်တွင်အားလုံးပါဝင်ရေးကို မစွမ်းဆောင်နိုင်ခဲ့သော်လည်း NCA စာချုပ်နှင့် ယင်းစာချုပ်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီ အစည်းအဝေးနှင့် လုပ်ငန်းစဉ်များဖေါ်ထုတ်နိုင်ခဲ့သည်ဟု ဆိုရပါမည်။ ထို့ပြင် နောက်တက်လာသည့် NLD အရပ်သားအစိုးရသစ်သည်လည်း ထိုအချက်အလက်များ အခြေပြု ဆက်လက်သယ်ဆောင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ရတော့သည်။ NLD အစိုးရသစ်အနေနှင့် ၎င်းတို့ကြိုက်သည် ဖြစ်စေ မကြိုက်စေ ဆက်ခံသယ်ဆောင်ရတော့သည်။ ၎င်းတို့တွင် သစ်လွင်သော ဆောင်ရွက်ချက်များရှိနိုင်သော်လည်း ၎င်းတို့၏အစကား အဟောင်းထဲက စရသည်ဟု ဆိုရမည်။
● NLD အစိုးရသစ်၏ ခြေလှမ်းများ
NLD အစိုးရသစ်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ၂၁ ရာစုပင်လုံဟု ကင်ပွန်းတပ်လိုက်ပြီး သူ၏ ငြိမ်းချမ်းရေးခြေ လှမ်းကို စတင်လိုက်သည်။ ယခင်အစိုးရလက်ထက်တွင် ဖွဲ့စည်းထားသော UPC နှင့် UPWC မှ အစိုးရသက်တမ်းနှင့်အတူ ပျက်ပြယ်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအလုပ်အဖွဲ့ပုံစံဖြင့် ရပ်တည် နေသော MPC ကို NRPC အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဟု ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ၂၁ ရာစုပင်လုံ ညီလာခံကို ၂ လအတွင်း စတင်နိုင်ရေးအတွက် အားလုံးကို လှုံ့ဆော်လိုက်သည်။
မူလက ဥရောပအထောက်အပံ့ခံ NGO ပုံစံဖွဲ့စည်းထားသော MPC အား အစိုးရသစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန် ကြီးဌာနအောက်သို့ ပြောင်းရွှေ့ထားရှိလိုက်သည်။ ဤသို့ဖြင့် NRPC အား နိုင်ငံရပ်ခြားအလှူရှင်များ၏ သြဇာအောက်မှ ဆွဲထုတ်လိုက်သည်။ ဤသို့ဖြင့် NRPC ကို ၂၀၁၆ မေလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ကိုင်တွယ်၍ ဒေါက်တာတင်မျိုးဝင်းအား စေ့စပ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ (ထို့နောက် ၂၀၁၆ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသော အဖွဲ့ဝင် ၁၁ ဦးပါရှိသည့် NRPC အား တရားဝင်ဖွဲ့စည်းခဲ့သည်)
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီကို ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဦးစီးပြီး ကော်မတီဝင် ၁၆ ဦးဖြင့် ၂၀၁၆ ခုနှစ်မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီအောက်တွင် ဆပ် ကော်မတီ ၂ ခုဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီ ၁ ၏တာဝန်သည် NCA လက်မှတ်ထိုးပြီးသောအဖွဲ့များနှင့် တွေ့ဆုံရန် တာဝန်ယူ ပြီး ဆပ်ကော်မတီ ၂ က NCA လက်မှတ်မထိုးသေးသောအဖွဲ့များနှင့် တွေ့ရန်တာဝန်ခွဲဝေခဲ့ကြသည်။
ထိုနောက် ထိုဆပ်ကော်မတီ ၁ သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့်တွေ့ဆုံခဲ့သည်။ ဆပ်ကော်မတီ ၂ က တော့ လက်မှတ်ရေးထိုးခြင်းမရှိသေးသော UNFC အဖွဲ့များ၏ ကိုယ်စား DPN နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကိုယ်စားလည်အဖွဲ့နှင့် ချင်းမိုင်တွင်၎င်း UWSA ဝ အဖွဲ့ NDAA မိုင်းလားအဖွဲ့တို့နှင့် မိုင်းလားတွင်၎င်း NSCN(K) အဖွဲ့နှင့်၎င်း သီးခြားစီ တွေ့ဆုံခဲ့ သကဲ့သို့ TNLA/MNDAA/AA ၃ ဖွဲ့နှင့်လည်း အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
ထို့အပြင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဒုဥက္ကဌ ဦးသိန်းဇော်အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ တာဝန်ယူသည့် အဖွဲ့ဝင် ၆ ဦးပါ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဦးအောင်ကြည်ဦးစီးသည့် အကြံပေး ၃ ဦး အထောက်အကူပြုအဖွဲ့ဝင် ၇ ဦးအားလည်း ၂၀၁၆ ဇူလိုင်လ ၁၁ ရက်နေ့တွင်ပင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်နှင့် အကြံပေးအဖွဲ့များကို အကောင်အထည်ဖေါ်ခြင်းမှာ NRPC ၏ မူဝါဒများကို အကောင်အထည်ဖေါ်ရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။
အကျိုးဆက်အဖြစ် ၂၀၁၆ ဇူလိုင်လအတွင်း NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန် လ ဦးစီးသောအဖွဲ့နှင့် ရန်ကုန်တွင်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖေါ ဦးစီးသည့်အဖွဲ့နှင့်၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့၌ နေပြည်တော်တွင်လည်းကောင်း၊ ၂၀၁၆ ဇူလိုင်လကုန်ပိုင်းတွင် UWSP အတွင်းရေးမှူး ဦးပေါက်ယူချမ်းဦးစီးသည့်အဖွဲ့နှင့် နေပြည်တော်တွင်လည်းကောင်း၊ USC/NDAA ဥက္ကဌ ဦးစိုင်းလင်း ဦးစီးသည့်အဖွဲ့နှင့် နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံပြီး ငြိမ်း ချမ်းရေးလုပ်ငန်းများအား အရှိန်အဟုန်ကို မြှင့်တင်ခဲ့သည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦး ကျော်တင့်ဆွေ၊ အတွင်းရေးမှူးဦးခင်မောင်တင်တို့ဖြင့် ၂၀၁၆ သြဂုတ်လ ၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ၂၁ ရာစု ပင်လုံညီ လာခံကို ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပရန် ပြင်ဆင်ခဲ့ကြတော့သည်။
သို့ဖြစ်ရာ အရပ်သားအစိုးရသစ်လက်ထက် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးအတွက် ဖွဲ့စည်းလိုက်သော ကော်မတီများ ဌာနများမှာ
၁။ NRPC ( 9/5/2016 *** 11/7/2016)
၂။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ (31/5/2016)
၃။ ငြိမ်းချမ်းရေးကော်မရှင်နှင့် အကြံပေးအဖွဲ့ (11/7/2016)
၎။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီ (3/8/2016) တို့ ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)