၂၁ ရာစု ပင်လုံညီလာခံ နှင့် ဘကြီးမိုး


၂၁ ရာစု ပင်လုံညီလာခံ နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်၊ သြဂုတ် ၂၄ ထုတ်) မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၆
 
၂၁ ရာစုပင်လုံညီလာခံကို သည်လကုန်မှ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ကိုယ်စား လှယ်ပေါင်း ၇၀ဝ ရှိမယ်လို့ကျင်းပရေးကော်မတီက ကြေညာထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကိုထောက်ခံကြိုဆိုတဲ့ အဖွဲ့အစည်းတွေ၊ထောက်ခံပွဲတွေ
ရှိသလိုမပါရသေးတဲ့ နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသားအဖွဲ့အစည်းတချို့တို့က ၂၁ ရာစု ပင်လုံညီလာခံဟာအားလုံးပါဝင်တဲ့ ညီလာခံကြီးမဖြစ်နိုင်ဘူးလို့ အောက်ကလိအာ ပြောသံတွေလည်း ထွက်ပေါ်နေပါတယ်။

အားလုံးဆိုတာ ဘယ်အားလုံးဆိုလိုတာပါလဲ။ မြန်မာနိုင်ငံရဲလူဦးရေသန်း ၄၀၊ သန်း ၅၀ ရှိနေတယ်ဆိုရင် သန်း ၄၀၊ သန်း ၅၀ ပါမှအားလုံးလို့ ဆိုရမှာလား။ ဒါတောင် ထိုင်းရောက်နေတဲ့ရွှေ့ပြောင်းလုပ်သား သုံးလေးသန်း၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်အစရှိတဲ့နိုင်ငံတွေမှာရောက်ရှိနေတဲ့ မြန်မာတိုင်းရင်းသားများ၊ ချင်းဆိုပါစို့၊ ချင်း တိုင်းရင်းသားတော်တော်များများဟာ နိုင်ငံရပ်ခြားရောက်ရှိနေကြပါတယ်။ ကချင်ဆိုရင် လည်း အရင်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ထားကြတဲ့အဖွဲ့၊ အရင်အစိုးရနဲ့တိုက်ပွဲဝင် တဲ့ အဖွဲ့ဆိုတာရှိသလို ကရင်မှာလည်းအရင်အစိုးရနဲ့ပေါင်းတဲ့အဖွဲ့ရှိသလိုမပေါင်းတဲ့အဖွဲ့ ရှိနေတာပဲ။ ပါတီကိုယ်စားလှယ်ဆိုရာမှာလည်း ရွေးကောက်ပွဲမှာအနိုင်ရမှပါဝင်နိုင်မယ် ဆိုလေသလား။ မသေချာ။

အဲသည်လို ကျေနပ်သူကထောက်ခံ၊ မကျေနပ်သူကပွစိပွစိဖြစ်နေတဲ့ ၂၁ ရာစုပင်လုံ ညီလာခံဆိုတဲ့စိတ်ကူးအတွေးအခေါ်ဘယ်အချိန်၊ ဘယ်နေ့ကပေါ်ပေါက်လာတယ်ဆိုတာကို ကိုယ်တိုင်ပါဝင်ပတ်သက်နားထောင်ခဲ့ရတဲ့ ဘကြီးမိုးရးပြချင်ပါတယ်။

၁၉၈၉ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက် နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ပြည်ထောင်စုနေ့မှာပင်လုံကို အရောက်သွားကြဖို့ဆုံးဖြတ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် နဲ့အဖွဲ့ဟာ ပထမည ၁၀ ရက်နေ့ကလောမှာ အိပ်ကြရပါတယ်။ နောက်နေ့ကလောမှတောင်ကြီး၊ တောင်ကြီးမှ ပင်လုံကို အရောက်သွားကြရတာပါ။

တောင်ကြီးမြို့ကနေ ပင်လုံကိုသွားဖို့ ကွန်ဗွိုင်းစနစ်နဲ့ကွန်ဗွိုင်းကားစခန်းမြို့ပြင်တစ်နေရာမှာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဘကြီးမိုးတို့ရောက်သွားချိန်မှာ ဘယ်ကားစခန်းမှမရှိတော့ပါ။ ကားစခန်းကွန်ဗွိုင်းဖျက်သိမ်း ထားလို့ပါ။ အဲသည်စခန်းမှာ အဲသည်လို ဘယ်သူမှမရှိတော့ ဒေါ်စုကိုဘကြီးမိုးက ဘယ်လိုလုပ်ကြမလဲလို့မေးပါတယ်။ ဒေါ်စုကကွန်ဗွိုင်းမရှိလည်း ကျွန်မတို့ဘာသာသွားကြတာပေါ့ဆိုပြီးသွားကြပါတယ်

အဲသည်တော့ကြိုပွိုင့်လွှတ်ထားတဲ့ ဦးကျော်မင်း၊ ဦးအောင်လွင်တို့စီစဉ်ထားတဲ့ ကြိုဆိုရေး အဖွဲ့တွေက ကွန်ဗွိုင်းနဲ့လာ မှ ရောက်ရှိမယ့်အချိန်ကြိုဖို့ပြင်ဆင်ထားကြတာကိုး။ ဘကြီးမိုးတို့က သုံးလေးနာရီစောရောက်သွားလို့ ကြိုဆိုရေးများနဲ့လွဲခဲ့ရပါတယ်။ ဒါပေမဲ့နောက်ဆုံးတော့ ပင်လုံကိုရောက်ပြီး အဲသည်ညဦးခမ်းတီတို့ အိမ်မှာအိပ်ကြရပါတယ်။ မနက်အစောကြီး ပင်လုံကျောက်တိုင်ရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပင်လုံကြေညာစာတမ်း ကို ဘကြီးမိုးကဖတ်ကြားရပါတယ်။လူထုအစည်းအဝေးကြီးကျင်းပတော့ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်အကြောင်းပြောကြားပါတယ်။ ပင်လုံလူထု ဝက်ဝက်ကွဲတက်ရောက်ခဲ့ကြပါတယ်။

ပင်လုံကအပြန် တောင်ကြီးရောက်တော့ တောင်ကြီးညမှာကျားပျံခြံထဲမှာ တောင်ကြီးကလူကြီးများနဲ့
 ဒေါ်စုတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ တောင်ကြီးက လူကြီးတော်တော်များများရောက်ရှိနေချိန်မှာဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနဲ့ အင်တာဗျူးပေးဖို့ ဒေါ်ခင်မိုးမိုး တို့အိမ်သွားနေရလို့လာတဲ့ ဧည့်သည်တွေကိုဘကြီးမိုးကဧည့်ခံထားရပါတယ်။ ဧည့်သည်တွေထဲမှာ ဦးထွန်းမြင့်လည်းပါပါတယ်။

ခဏအကြာ ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်လာတော့ ဦးထွန်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ဆုံကြပါတယ်။ ဦးထွန်းမြင့်က အင်္ဂလိပ်လိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်္ဂလိပ်လိုပဲ ပြန်ပြောပါတယ်။ အဓိကအကြောင်းကတော့ ပင်လုံညီလာခံ အတိုင်းလုပ်ဆောင်ဖို့ ဦးထွန်းမြင့်ကပြောတာပါ။ ဒေါ်စုကပင်လုံညီလာခံလို ညီလာခံ တော့လုပ်ရမှာပေါ့။ ဒါပေမဲ့ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ လူမျိုးစုများများ ပါဝင်တဲ့ ဒုတိယပင်လုံညီလာခံမျိုး ခေါ်ယူကျင်းပကြရမှာပေါ့ အန်ကယ်လို့ဖြေကြားခဲ့ပါ တယ်။ အဲသည်စားပွဲဝိုင်းမှာ ဘကြီးမိုးလည်းရှိနေခဲ့ပါတယ်။

ဒါကြောင့် ယခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံ ဆိုတဲ့ ညီလာခံဟာ ၁၉၈၉ ပြည်ထောင်စုနေ့ ပင်လုံသွားခဲ့ကြပြီး ပင်လုံကအပြန်တောင်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ အဲသည်အချိန်ကပဲသူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ပြည်မနဲ့တောင်တန်းပေါင်း စည်းတဲ့ ပင်လုံညီလာခံကိုသွားကျင်းပမယ်ဆိုတဲ့ စိတ်ကူးမိခဲ့ပုံရပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုကြဖို့ အလုပ်ကတော့ အရင်အစိုးရ ဦးသိန်းစိန်လက်ထက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲသည်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးတဲ့အဖွဲ့များ၊ လက်မှတ်မရေးထိုးတဲ့အဖွဲ့များဆိုပြီး တစ်ပိုင်းတန်းလန်းကျန်ရစ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆက်လက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲသည် ညီလာခံကို ၂၁ ရာစုပင်လုံ ညီလာခံလို့ အမည်ပေးပြီးကော်မတီဖွဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာကျင်းပဖို့ ကိုယ်စား လှယ် ၇၀ဝ ပါဝင်မယ်လို့သိရပါတယ်။ သည်မတိုင်မီလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်ကိုငါးရက်ခရီးသွားခဲ့ပြီး တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံကြပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်အစိုးရကလည်း ဝိုင်းဝန်းကူညီကြမယ်လို့ အသံဗလံတွေကြားခဲ့ကြပါတယ်။

အခု ၂၁ ရာစု ပင်လုံညီလာခံက ကျင်းပတော့မှပဲသည်ညီလာခံမျိုးဟာ မြန်မာနိုင်ငံအတွက် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မို့ ကျင်းပနိုင်တာဖြစ်ပြီး ကျင်းပရေးထဲမှာတပ်မတော်ကိုယ်စားလှယ်၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်ရေးထိုးထားသူများရော မထိုးရသေးသူများအပြင် လူမျိုးစုညီလာခံတွေက ကိုယ်စားလှယ်တွေလည်းပါဝင်ကြမှာဖြစ်သလို နိုင်ငံရေးပါတီများ၊ လူမျိုးစုကိုယ်စားလှယ်များပါဝင်ကြမှာဖြစ်ပါတယ်။

ညီလာခံရဲ့အနှစ်သာရကဘာပါလဲ။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ မြန်မာပြည်ထောင်စုအတွင်းမှာနထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးပဲဖြစ်ပါတယ်။

မှန်ပါတယ်။ ခေတ်အဆက်ဆက်မှာ မတူကွဲပြားခြားနားစွဆက်ဆံခံရတဲ့ တိုင်းရင်းသားလူမျိုးစုများရှိကြပါတယ်။ အားလုံးရဲ့ရင်ထဲမှာရှိတဲ့အဖြစ်အပျက်များကိုဖွင့်ဟပြောဆိုခွင့်ရကြတဲ့ရကြမယ့် ညီလာခံကြီးဖြစ်ပါတယ်။ သည် ညီလာခံကြီးကျင်းပလိုက်လို့ချက်ချင်းကြီး ငြိမ်းချမ်းရေးရ၊ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လိုလားချက်လိုအပ်ချက်များကိုတင်ပြဆွေးနွေး၊ အကြိမ်ကြိမ်ညှိနှိုင်းကြရမယ့် ညီလာခံဖြစ်ပါတယ်။ ယေဘုယျဘုံသဘော တူညီမှုရရှိအောင်ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် အားလုံးအားလုံးပါဝင်ကြဖို့လိုကြောင်းပါခင်ဗျ။

၂၁ ရာစု ပင်လုံညီလာခံနှင့် ဘကြီးမိုးပါ။