တူမောင်ညို - ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ နဲ့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်


တူမောင်ညို - ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ နဲ့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော် 

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၆

“၂၁ရာစု ပင်လုံ ကြိုဆိုထောက်ခံပွဲ”တွေ တိုင်းနဲ့ပြည်နယ် အနှံ့အပြား ကျင်းပကြတာ မြင်ရပါတယ်။ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ ဆန္ဒအစစ်အမှန်ကို အာဏာပိုင်တွေထံ ခွင့်ပြုမိန့်မယူရဘဲ ထုတ်ဖော်ခွင့်ရကြဖြစ်တယ်လို့ ဆိုရင်ဖြင့် ပိုပြီး ဝမ်းသာစရာပါ။

ပြည်သူတွေဟာ “ငြိမ်းချမ်းရေးဆန္ဒ” ထုတ်ဖော်နိုင်သလို အခြားသော လိုလားချက်မှန်သမျှကိုလည်း အချိန်မရွေး၊ နေရာ မရွေး လိုအပ်ရင် လိုအပ်သလို ပြည်သူ့ဆန္ဒပြ၊ ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်ပါတယ်။

“၂၁ ရာစု ပင်လုံကြိုဆိုပွဲ ခြွင်းချက်” ဆိုတာမျိုးတော့ မဖြစ်စကောင်းပါဘူး။

ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ပြသတာမှာ အုပ်စိုးသူအစိုးရရဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် “စပွန်ဆာ” တွေ၊ (NGOs)ရဲ့ပရိုပိုဆယ်အရလုပ်ရတဲ့ “ပရိုပိုဆယ်ဆန္ဒထုတ်ဖော်ပွဲ” တွေ၊ ခရိုနီတွေရဲ့ “ဒန်ပေါက်ထုတ်စပွန်ဆာဆန္ဒထုတ်ဖော်မှု” တွေ နဲ့ ကင်းရှင်းစည်းခြားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် “အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ” ဆိုတာ တွေထဲမှာပါသလို ဆန္ဒပြမှုကိုဆန္ဒပြမှုနဲ့လက်ဦးမှုယူထိုးနှက်တဲ့“တန်ပြန်ဆန္ဒပြမှု” ဆိုတာတွေနဲ့လည်း ဘယ်လိုမှမပတ်သက်၊ မဆက်နွှယ် ဘဲ ကင်းကင်းရှင်းရှင်းရှိဖို့ အထူးပဲ လိုအပ်ပါလိမ့်မယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်းမှာ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေး တွေက ပက်ပက်စက်စက်လုပ်ကြံခဲ့ကြတဲ့ “တန်ပြန်သပိတ်ကော်မတီ” ရဲ့လုပ်ရပ်မျိုးတွေကိုလည်းပြည်သူတွေအနေနဲ့အထူးသတိ မပြတ် ရှိကြရမှာပါ။

အုပ်စိုးသူများဟာ“ပြည်သူ့ဆန္ဒ”ဆိုတာကိုဘက်နှစ်ဖက်ကနေ အသုံးချလေ့ရှိပါတယ်။ ပထမတစ်ဖက်က သူတို့ရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို ဖုံးကွယ်ဖို့ဖြစ်ပြီး၊ အခြားတစ်ဖက်ကတော့ လိမ်ညာ လှည့်စားဖို့ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ “ ပြည်သူ့ဆန္ဒ” ဆိုတာကို အမြဲပဲ ခုတုံးလုပ်အသုံးချလေ့ရှိပါတယ်။ “ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော် ကဖော်ဆောင်ရွက်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ပြည်သူ့ဆန္ဒလက်မှတ် ၅သန်းနီးပါးကို ဗိုလ်ရွှေမန်း လွှတ်တော်က ဘေးချိတ် လျစ်လျူရှုခဲ့တာ ပူပူနွေးနွေး အတွေ့အကြုံပဲ မဟုတ်ပါလား။

အုပ်စိုးသူတွေဟာ “ဆန္ဒပြပွဲတွေ” ကို လူထုချေမှုန်းရေးလက်နက်/လူထုသွေးခွဲရေးလက်နက်အဖြစ် အသုံးချဖို့ ဘယ်တုန်းကမှ လက်မနှေးခဲ့ကြပါဘူး။ ဦးနုရဲ့ “ တာတေစနေသား” စာအုပ်ထဲက သမိုင်းဖြစ်ရပ်ကလေးတစ်ခုကို ကောက်နုတ်တင်ပြပါရစေ။

“သခင်နု အိမ်ပြန်ရောက်ပြီးလို့ ၁၅ မိနစ်လောက်အကြာ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းရောက်လာတယ်၊ ဦးကျော်ငြိမ်းက ဘာမှမပြောရသေးခင်၊ ဟေ့ --- ကျော်ငြိမ်းရေ ၊ ခွေးမသားသတင်းစာတွေကို လူထုက ဆန္ဒပြကုန်ကြပြီ၊ သတင်းစာတွေဘာရေးရေး၊ ငုံ့ခံ တာမျိုးတော့ ငါလည်းမကြိုက်ဘူး ၊တခါတခါ ဒီလိုဆန္ဒထပြကြတာမျိုးကို ငါကြိုက်တယ်လို့ သခင်နုက အားရဝမ်းသာနဲ့ ဦးကျော်ငြိမ်း ကိုပြောပြတယ်။ ”

“ကျွန်တော် အပြခိုင်းလိုက်တာ ဝန်ကြီးချုပ်”

“အော်---”

“ဆန္ဒပြရုံတင်မကသေးဘူး၊ သတင်းစာတိုက်တွေထဲကို ဝင်ပြီးစက်တွေကိုပါ ရိုက်ချိုးပစ်ဘို့ ကျွန်တော် မှာလိုက်တယ် ”

“ဝန်ကြီးချုပ်ဟာ သူ့ပြည်ထဲရေးဝန်ကြီး အစီရင်ခံနေတာကို မယုံကြည်နိုင်တဲ့ မျက်နှာနဲ့ တမိနစ်လောက် အံ့အားသင့်ပြီး စိုက်ကြည့်နေတယ် ”

“ ဘာ--- ကွ”

“ သတင်းစာတိုက်တွေထဲကိုဝင်ပြီး စက်တွေကို ရိုက်ချိုးဘို့ပါ ၊ ကျွန်တော်မှာလိုက်ပါတယ်။”

( တာတေစနေသား - စာမျက်နှာ ၁၂၇ -၁၂၈ ကို ကြည့်)

ဒီဖြစ်ရပ်က ပြည်တွင်းစစ်မဖြစ်ပွားမီ ၁၉၄၈ မတ်လ ၁၂ ရက်နေ့က ဖြစ်ရပ်ဖြစ်ပါတယ်။ သခင်သန်းထွန်းက သတင်းစာ တိုက်တွေရိုက်ချိုးနေတဲ့လူရမ်းကားတွေကို “ လာဝံ့လာစမ်း ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးနဲ့ဖို့ပစ်မယ်” ဆိုတဲ့ စကားဟာ ဒီဖြစ် ရပ်ကို တုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်ရပ်က ဖဆပလအစိုးရဝန်ကြီးတစ်ပါးရဲ့ “မကျင်စိန် မီးခွက်မှုတ်” တဲ့ကိစ္စဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီရှိလှပါတယ်ဆိုတဲ့ “၁၉၄၇ အခြေခံဥပဒေ” ဘောင်ထဲမှာဖြစ်ခဲ့တာပါ။ အုပ်စိုးသူအစိုးရ ပြည်ထဲရေး ဝန်ကြီးရဲ့ ဒီမိုကရေစီကိုရိုက်ချိုးဖျက်ဆီးတဲ့၊ ဖက်ဆစ်ဆန်တဲ့လုပ်ရပ်ကို ကိုယ့်သိက္ခာကိုယ်ယုံကြည်တဲ့ နိုင်ငံရေးပါတီ တစ်ရပ်က လာဝံ့ လာစမ်းလို့ပြောတာဟာ ပြောသင့်ပြောထိုက်တယ်မဟုတ်လား။

ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်နဲ့ (မဆလ) ခေတ်မှာလည်း ခပေါင်း-ဒူးယား- အုန်းတောနှီးနှောပွဲ ဆိုတဲ့ ပွဲတွေကအစ - (နဝတ-နအဖ) စစ်အစိုးရခေတ် ကြံ့ဖွံ့အသင်းရဲ့ ဘောလုံးကွင်းလူစုပွဲများ အလယ် - ကြံ့ဖွံ့ပါတီရဲ့ ဒန်ပေါက်ထုပ်နဲ့လူစုပွဲ၊ သမ္မတကြီး ဦးသိန်းစိန်ကြိုဆိုပွဲအဆုံး ပြည်သူတွေဟာ “ နိုင်ငံရေးပေါ်တာ - စစ်ရေးပေါ်တာ” အဆွဲခံခဲ့ကြရတာ နှစ်ပေါင်းများစွာပါပဲ။

တကယ်တော့ အစိုးရက ကြိုးကိုင်စီမံတဲ့ “လူထု - ပြည်သူ” စသဖြင့် တံဆိပ်ကပ်တဲ့ ရုံသွင်းပွဲကြီးတွေ - လဟာပြင်ပွဲကြီးတွေ ဟာ ကြိုးကိုင်တဲ့အစိုးရရဲ့ အာဘော်ကို သူ့လက်ကိုင်ဒုတ်က “ဒို့လူလေးများ ဆိုသလေ ” လို့ တိုင်ပေးတာကို ပေါ်တာအဆွဲခံရတဲ့ ပြည်သူတွေက လက်သီးလက်မောင်းတန်းပြီး “ဝေလေလေ” လို့ အော်ဟစ်ရတာဖြစ်ပါတယ်။

အုပ်စိုးသူတွေရဲ့အလိုရမ္မက်တွေကို ပြည်သူတွေရဲ့ကိုယ်ခန္ဓာမှာ ပြည်သူတွေအလိုမတူ၊ မကြည်ဖြူဘဲ ပြည်သူ့ဆန္ဒပါဆိုပြီး အတင်းအဓမ္မသွတ်သွင်းတပ်ဆင်ခံရတာမျိုးဖြစ်ပါတယ်။ ဒါမျိုးတွေကို (မဆလ) ခေတ်နဲ့ (နဝတ-နအဖ) ခေတ်တွေမှာ အော့ကျောလန် အောင်မြင်ခဲ့ကြုံခဲ့ကြားခဲ့ကြရပါပြီ။ “ပြည်သူ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဖိနှိပ် - လုယက် - လှည့်ဖြား - သတ်ဖြတ်တဲ့ခေတ် ဖြစ်ပါတယ်။ နောက်တော့ “ဒို့တာဝန်အရေး သုံးပါး” ဆိုပြီး နာမည်ပြောင်း ပါတယ်။ အနှစ်သာရ ကတော့ မူလအတိုင်း မပြောင်းမလဲ “ဖိနှိပ် - လုယက် - လှည့်ဖြား - သတ်ဖြတ်” တာပါပဲ။

အစိုးရပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ “မြန်မာ့အလင်းသတင်းစာ”က သြဂုတ်လ ၃၀ ရက်နေ့ အယ်ဒီတာ့အာဘော်ကနေ “ ၆ ခရိုင်ငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲ” ကို ရွံ့ပုပ်တွေနဲ့ ပက်ထားပါတယ်။

“၂၁ ရာစု ပင်လုံ ကြိုဆိုထောက်ခံပွဲ”တွေကို အမွှမ်းတင်ပြီး၊ “ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ” ကို အသရေဖျက်ထားပါတယ်။ ဒီလုပ်ရပ်နဲ့တင်ပဲ အစိုးရပိုင်သတင်းစာရဲ့ရပ်တည်ချက်ပေါ်လွင်နေပါတယ်။ အခုအချိန်မှာ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်သွားပြီဖြစ်တဲ့ “ ၆ ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲ”အပေါ်ထားရှိတဲ့ အစိုးရပိုင်သတင်းစာရဲ့ အာဃာတနဲ့ မကျေနိုင်မချမ်းနိုင်ဖြစ်မှုပေါ်လွင်နေပါတယ်။ ရွံ့ပုပ်နဲ့ ပက်တဲ့ သူရဲ့လက်မှာ သဘာဝကျစွာပဲ ရွံ့ပုပ်တွေပေကျံနေတာကို အားလုံးမြင်နိုင်ပါတယ်။

ဒီအာဘော်ကို အချက်နှစ်ချက်နဲ့ တုန့်ပြန်လိုက်ပါတယ်။

ပထမအချက် “ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ” ပြုလုပ်ရတဲ့ အချိန်ကာလကိုပြန်ကြည့်ပါ။

ဗိုလ်နေဝင်းစစ်အုပ်စုက ၁၉၄၇ အခြေခံဥပဒေကိုဖျက်သိမ်းပြီး၊အာဏာသိမ်းထားတဲ့အချိန်ဖြစ်ပါတယ်။ စစ်အုပ်စု ဘီလူးထွက် ထွက်နေချိန်ဖြစ်ပါတယ်။ ၇ ရက်ဇူလိုင် ကျောင်းသားရာကျော်သတ်ဖြတ်ပွဲနဲ့ (တကသ) အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ဖြိုချထားတဲ့ ကာလဖြစ်ပါတယ်။ ဓား - ဓားခြင်း လှံလှံခြင်း ဗိုလ်တောင်းစိန်ခေါ်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဒီလိုကာလဒီလိုအချိန်မှာ “ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ” ဖြစ်ပေးလာအောင် စည်းရုံးလှုပ်ရှားရတာ ဘယ်လောက်စွန့်စားရမယ် ဆိုတာ တွေးကြည့်စမ်းပါ။ “၂၁ ရာစု ပင်လုံ ကြိုဆိုထောက်ခံပွဲ”လုပ်သလို မလွယ်ဘူးဆိုတာ သမာသမတ်ကျသူတိုင်းဆင်ခြင်း စဉ်းစား နိုင်ပါလိမ့်မယ်။

ဂျီသရီးနဲ့စစ်ဖိနပ်ကို မမှုဘဲ  “ ၆ ခရိုင်ငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲ” ကို ချီတက်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ဒီဆန္ဒပြ ချီတက်ပွဲဖြစ်မြောက်လာအောင် စည်းရုံးခဲ့ကြသူတွေကို လေးလေးနက်နက် အလေးပြုစရာဘယ်လောက်ကောင်းလှပါသလဲ။

“ ၆ ခရိုင်ငြိမ်းချမ်းရေး” ချီတက်ဆန္ဒပြပွဲကြီးမှာ အဓိကပါဝင်ခဲ့ကြသူတွေအများစုဟာ မြို့ကြီးပြကြီးတွေပေါ်က ပြည်သူတွေ မဟုတ်ဘဲ ပြည်တွင်းစစ်ဒဏ်ကို တိုက်ရိုက်ခံကြရတဲ့ ကျေးလက်နေပြည်သူတွေပဲဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ကြသူတွေအနက် ကျနော်စိတ်နှလုံးမှာ ဖျတ်ခနဲပေါ်လာသူက ကွယ်လွန်သူ ပြည်သူ့တိုးတက်ရေး ပါတီ (PPP) ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ပါပဲ။ ဦးခင်မောင်မြင့်ဟာ အဲဒီတုန်းက ပဲခူးစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးအဖြစ်ရှေ့တန်းက ချီတက်ခဲ့သူပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ ဗိုလ်နေဝင်းက နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းကိုပို့ပါတယ်။ အဲဒီလိုကျွန်းပို့ခံရသူတွေ အထဲမှာဦးခင်မောင်မြင့်လည်းအပါအဝင်ဖြစ်ပါတယ်။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပေါ်လာတော့လည်း ဦးခင်မောင်မြင့်ကို ရှေ့တန်းမှာပဲ တွေ့ရပါတယ်။ ပြည်သူ့အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေမှာ ဒီလိုပါဝင်ဆောင်ရွက်ခဲ့မှုတွေအပေါ်အညှိုးထားတဲ့ စစ်အုပ်စုဟာ ဦးခင်မောင်မြင့်ကို နှစ်ရှည်ထောင်ချခဲ့ပါတယ်။ ဒီလိုညှင်းပန်းနှိပ်စက်တဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် ဦးခင်မောင်မြင့် အရွယ်မတိုင်ခင် ကွယ်လွန်ခဲ့ရပါတယ်။

ဦးခင်မောင်မြင့်လို သူရဲကောင်းတွေ၊ ပြည်သူတွေခင်းခဲ့တဲ့၊ လျှောက်လှမ်းခဲ့ကြတဲ့ ငြိမ်းချမ်းရေးလမ်းပေါ်မှာ ခင်ဗျားတို့ ကျနော်တို့ ဆက်လက်လျှောက်လှမ်းနေကြတာပါ။

၂၁ ရာစု ပင်လုံ ညီလာခံအဖွင့်မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းခဲ့တဲ့ “ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှိုင်းမဲ့ ပျော်ရွှင်ချမ်းမြေ့မှုကြီးကို မခံစားသွားရရှာတဲ့ ဒီလောကကြီးမှ ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်ငံ ချစ်ပုဂ္ဂိုလ်တွေအပေါ် သစ္စာစောင့်သိခြင်း၊” ဆိုတဲ့ အထဲမှာ နိုင်ငံချစ်ပုဂ္ဂိလ်တွေ၊ ငြိမ်းချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဦးခင်မောင်မြင့်ဟာ ရှေ့ဆုံးတန်းမှာပါရှိနေပါလိမ့်မယ်။ သူတို့အားလုံးအပေါ် သစ္စာစောင့်သိဖို့လိုပါတယ်။ သူတို့ရဲ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီလုပ်ရပ်တွေကို သေးသိမ်အောင်မလုပ်ဖို့၊ သရုပ် မဖျက်ဖို့လိုပါတယ်။ အစိုးရပိုင်မြန်မာ့အလင်းသတင်းစာက သရုပ်ဖျက်နေတယ်၊ စော်ကားနေပါတယ်။ ဒီအာဘော်၊ ဒီသဘောထား ဒီရပ်တည်ချက်ဟာ ပြည်တွင်းစစ်လိုလားသူများရဲ့အာဘော်ကို ပဲ့ပင်ထပ်နေတာဖြစ်ပါတယ်။

ဒုတိယတစ်ချက်က “ရန်ကုန်မြို့တော်ခန်းမရှေ့ ၆ခရိုင် လူထုဆန္ဒပြပွဲဆို သည်ကို ကျင်းပခဲ့ကြသည်။၎င်းတို့၏ ကြွေးကြော် သံနှင့်တောင်းဆိုချက်များမှာ အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တောင်းဆို ချက်များနှင့်ထပ်တူဖြစ်နေသည်” တဲ့။

ဒါအင်မတန် ကောင်းတဲ့ကိစ္စပဲ။

နိုင်ငံရေးပါတီတွေရဲ့ပေါ်လစီ၊လမ်းစဉ်တွေ၊ ကြွေးကြော်သံတွေဟာ လူထုလိုအပ်ချက်၊ လူထုဆန္ဒကို ကိုယ်စားပြုဖို့ လိုသလို၊ ကိုက်ညီဖို့လည်း မုချလိုအပ်ပါတယ်။ ထပ်တူဖြစ်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ကိစ္စပါပဲ။

ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ ဆန္ဒတွေဟာ ပြည်သူ့ ဆန္ဒတွေပဲမဟုတ်ပါလား။ ဒီအချက်တွေကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ ရပ်တည်ကြရ မှာပါ။ ကိုယ်စားပြုကြရမှာပါ။ သူတို့ချမှတ်တဲ့ ပေါ်လစီတွေ၊ လမ်းစဉ်လုပ်ငန်းစဉ်တွေဟာ ဒီလိုလူထုဆန္ဒတွေနဲ့ တစ်ထပ်တည်းကျဖို့ မုချ လိုအပ်ပါတယ်။

လူထုဆန္ဒကို ပစ်ပယ်တာ၊ လျစ်လျူရှုတာ၊ ဖျက်ဆီးတာ၊ချေမှုန်းတာတွေကသာ အလွန်မကောင်းတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အလွန်ဆိုးတဲ့ကိစ္စတွေက လူထုဆန္ဒကို ခုတုံးလုပ်အသုံးချတာနဲ့ အုပ်စိုးသူရဲ့စိတ်ဆန္ဒကို ပြည်သူ့ဆန္ဒအဖြစ် အတင်းအဓမ္မလုပ်ထားတဲ့ ကိစ္စ မျိုးတွေသာ ဖြစ်ပါတယ်။ အဲဒီလို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ အတုအယောင်အလိမ်အညာတွေကိုတော့ ဖော်ထုတ်ဖွင့် ချသွားကြရမှာဖြစ်ပါတယ်။

ရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်သမိုင်းမှာ ပြည်သူများရဲ့ငြိမ်းချမ်းရေးဆန္ဒကို မျက်ကွယ်ပြုခဲ့တာ လှည့်စားအသုံးချခဲ့သူဟာ အုပ်စိုးသူ အဆက်ဆက်နဲ့စစ်အုပ်စုပဲဖြစ်နေတယ်ဆိုတာကို အထင်အရှားဆုံးတွေ့ရပါလိမ့်မယ်။ ပြည်သူတွေရဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒကို
 သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး အဖြစ် လှည့်စားအသုံးချခဲ့တာကသာလျှင် အဆိုးဝါးဆုံး လိမ်ညာမှု နဲ့ အလွဲသုံးစားလုပ်မှုဖြစ်ပါတယ်။ လူထုက ဒီလိုလုပ်ရပ်မျိုးတွေကို ရွံရှာမုန်းတီးပြီး အလွန်စိတ်ပျက်ပါတယ်။

ဥပမာအားဖြင့် - ၂၀၀၈အခြေခံဥပဒေကိုအဓမ္မအတည်ပြုခဲ့ပြီး (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတဲ့ လိမ်ညာ မှုနဲ့ ကာချုပ် ပါးစပ်ကနေ ဆီမန်းမန်းသလိုပြောနေတဲ့ “ပြည်သူ့ဆန္ဒနဲ့အညီရွေးချယ်ထားတဲ့ ဒီမိုကရေစီလမ်းကြောင်း”ဆိုတဲ့ ဗလာစကား တွေပဲဖြစ်ပါတယ်။

“၂၁ ရာစု ပင်လုံကြိုဆိုထောက်ခံပွဲ” ကိုလည်း လမ်းမပေါ်ထွက်ပြီး၊ ပန်းခြံထဲစုဝေးပြီး၊ ချီတက်ပြီး ဆန္ဒဖော်ထုတ်ကြတာ မဟုတ်လား။

“၂၀၀၈ အခြေခံဥပဒ” ကို လေးစားလိုက်နာပါ့မယ်လို့ ကျိမ်းသစ္စာဆိုပြီးတဲ့နောက် “လမ်းမပေါ်ဆန္ဒပြတာခေတ်ကုန်သွားပြီ” ဆို တဲ့လေပွေရူးဝေ့လာပါသေးတယ်။အခုတော့ အရှိန်ကုန်သွားပြီလို့ထင်ရပါတယ်။ အဲဒီလေပွေရူးနဲ့အတူ ဝေ့တက်လာတဲ့ အမှိုက်သရိုက် တွေလည်း ကွမ်းတံတွေးတွေ စွန်းပေနေပြီး အခုတော့ မြေမှာဟိုတစဒီတစ ပြန့်ကြဲနေကာ နောက်တခါ လေပွေရူးကို မျှော်ငေးစောင့်စား နေကြတယ် ထင်ပါရဲ့။


အုပ်စိုးသူတွေဘက်က ဖိနှိပ်မှု၊ မတရားမှု ၊ မမျှတမှုတွေရှိနေသမျှ အုပ်စိုးခံတွေဘက်က ဆန္ဒပြမှု၊ တော်လှန်ပုန်ကန်မှုတွေဟာ ရှိမြဲရှိနေမှာဖြစ်သလို၊ အုပ်စိုးခံတွေဘက်က ဒီလိုပြန်လည်ပြုလုပ်တာဟာလည်း တရားမျှတပြီး၊ မှန်ကန်မြဲ မှန်ကန်နေမှာဖြစ်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ ဆန္ဒပြမှုတွေ၊ တော်လှန်ပုန်ကန်မှုတွေဟာရှိမြဲရှိနေ အုံးမှာပါပဲ။ ဘာကြောင့်လဲ။ “၂၀၀၈ အခြေခံဥပဒေ” ရဲ့အနှစ်သာရဟာ ပြည်သူလထူထုအပေါ် စစ်အုပ်စုရဲ့ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ဖိနှိပ်မှု၊ မတရားမှု ၊ မမျှတမှု တွေကို အကာအကွယ်ပေးထားတာကြောင့်ပါပဲ။

ညွန်း

အယ်ဒီတာ့အာဘော်၊ မြန်မာ့အလင်းသတင်းစာ (၃၀-၈-၂၀၁၆)

၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (၁-၉-၂၀၁၆) ကြေးမုံသတင်းစာ

“တာတေစနေသား” - ဦးနု (မြန်မာဘာသာ) ၊ ပထမအကြိမ်၊ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာ၊ ဧရာဝတီစာပေတိုက်၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ