စိုးလွင် (၂၁၁) (၀မ်ခ) ● ခိုးလည်း ခိုးသေး ဆုလည်း တောင်းသေး

စိုးလွင် (၂၁၁) (၀မ်ခ) ● ခိုးလည်း ခိုးသေး ဆုလည်း တောင်းသေး
(ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ၀ လ မ်း များ)
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၊ ၂၀၁၆

=====
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်​အာဏရှင်​စနစ်​ အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေး​အတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်​လှန်​​ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ​ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်​ပွဲဝင်​ခဲ့ကြတဲ့ ရဲ​ဘော်​သူငယ်​ချင်း​များအား အမှတ်​ရဂုဏ်​ပြုခြင်းအဖြစ်​​သော်​လည်း​ကောင်း၊ နောင်​ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်​မျိုးဆက်​သစ်​များ​ သိရှိလေ့လာနိုင်​ရန်​အတွက်​သော်လည်းကောင်း မိုးမခ/သစ်​ခက်​သံလွင်​အွန်လိုင်းမှ တဆင့်​ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။

စိုးလွင်
(၂၁၁) (၀မ်​ခ)
===

တိုက်ပွဲဖြစ်ခါစက ကျနော်တို့ရဲ့အဓိကအစားအစာဖြစ်တဲ့ ငှက်ပျော်ပင်တွေကို ရခိုင်ငှက်ပျော၊ ကုလား ငှက်ပျောဆိုပြီး ကိုယ်ကြိုက်ရာရွေးချယ်စားခဲ့ကြပေမဲ့..တိုက်ပွဲနှစ်နဲ့ချီကျလာတော့ ရွေးချယ် စားစရာ မရှိတော့ဘူး။ ကိုယ်တွေမကြိုက်တဲ့တောငှက်ပျော်လည်း စားရတာပဲ။ ငှက်ပျော်အူနုမှ စားမယ်လို့လည်း လုပ်လို့မရတော့ဘူး..ရင့်လည်းပြုတ်စားပဲ..စခန်းထဲမှာ စားစရာ တော်တော်ရှားပါး လာတယ်။

တရက်တော့ ထိုင်းဘက်ကမ်းမှာ စားစရာအသီးအရွက်သွားရှာဖို့ တပ်စိပ်အတူနေ သောင်းဦးက အဖော်စပ် လာတယ်။ ဒါနဲ့ နှစ်ယောက်သားအရပ်ဝတ်နဲ့သောင်ရင်မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကမ်းကို ကူးလာခဲ့တယ်။ အသီးအရွက်လိုက်ရှာရင်း ထိုင်းစစ်တပ်အနီးမှာရှိတဲ့ နတ်စင်နားကို ရောက်သွားတယ်။ နတ်စင်နဲ့ထိုင်းစစ်တပ်လုံခြုံရေးဂိတ်ကသိပ်မဝေးတော့ ကင်းစောင့်နေတဲ့ထိုင်းစစ်သားက ကျနော်တို့ ကိုတွေ့တော့ ဖော်ဖော်ရွေရွေပြုံုးပြတယ်။ ကျနော်တို့ကို သူပုန်မှန်းသိတယ်။ သူတို့နယ်မြေထဲကို တရားမ၀င် ၀င်ရောက်လာမှန်သိပေမဲ့ စစ်ဆေးခြင်းမရှိဘဲ ဖော်ဖော်ရွေရွေ ပြုံးပြနေတာအကြောင်းရှိတယ်။
အကြောင်းက ကျနော်တို့မှာ တိုက်ပွဲဖြစ်တော့မယ်ဆို သူတို့ထောက်လှမ်းရေးတွေကတဆင့်သိပြီး သူတို့ တပ်ကို လက်နက်ကြီးထိမှာကြောက်လို့ ဝေးရာကို ဆုတ်သွားတတ်တယ်။ ရန်သူ့လက်နက်ကြီးက သူတို့ စခန်းဘက်ကို တခါတရံကျတတ်တာကိုး။ ဒီလိုတခါတရံမှကျတတ်တဲ့ လက်နက်ကြီးကိုကြောက်နေတဲ့ သူတို့အဖို့ တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ကမ္ဘာပျက်တဲ့အလား အပစ်ခံ နေရတဲ့စခန်းထဲက အသက်မသေဘဲပြန် ထွက်လာတဲ့ကျနော်တို့ကိုမြင်တော့ အံ့သြအထင်ကြီး လေးစားကြတယ်။

(နောက်မှ ထိုင်းတွေပြောပြလို့သိရတာ)။ တခါတရံ ကျနော်တို့ မဲဆောက်တက်ရင်လည်း ကားစစီးရ တဲ့ ဝှေ့ကလုပ်ကားဂိတ်မှာကတည်းက ထိုင်းကားသမားတွေ လ၀ကတွေက ကျနော်တို့ကို အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတာ။ ကိုယ်တွေကတော့ တခြားနိင်ငံသားမို့ကြည့်နေတယ်ထင်တာ။ မဲဆောက်ရောက်တော့လည်း ကားပေါ်ကဆင်းကတည်းက ၀ိုင်းကြည့်နေတော့ ကျနော်တို့ရဲ့ အ၀တ်အစား ဘိုသီဘတ်သီကြောင့် ၀ိုင်းကြည့်တယ်ထင်နေတာ။ (ဟုတ်တော့ ဟုတ်တယ်။ ကျနော်တို့လည်း မဲဆောက် သွားမယ်ဆိုတော့ စခန်းထဲမှာရှိတဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတဲ အ၀တ်အစား ငှားဝတ်သွားတာပဲ။ ဒါပေမဲ့ ကိုယ့်အ၀တ်အစားက စုတ်ပြတ်နေမှန်း ဟိုရောက်မှသိတယ်။ ဒီဝတ်စားပုံကိုကြည့်ပြီး သူတို့ကလည်း ကျနော်တို့ တောထဲက လာမှန်းသိတယ်)

ပိုအသိသာဆုံးအချက်က ကားဘီးပေါက်သံ၊ ကားအိပ့်ဆော့ပေါက်သံ၊ ဒန်အိုးတွေပြုတ်ကျသံလိုမျိုး အသံကျယ်ကြားရရင် ကျနော်တို့တွေ လမ်းပေါ်မှာ ကုန်းကုန်းကွကွဖြစ်သွားတာပဲ။ ကျနော်တို့ကလည်း ကျနော်တို့ပဲ။ လက်နက်ကြီးပစ်တိုင်း ပုန်းနေကြဆိုတော့ အသံကျယ်ကျယ် ကြားရင် ၀ပ်ချင်နေပြီ။ နောက်ဆို မဲဆောက်သွားရင် ဒီကိစ္စကို အတော်သတိထားရတယ်။

သောင်းဦးနဲ့ကျနော် အသီးအရွက်ရှာတဲ့ကိစ္စ ပြန်ဆက်ကြစို့။

နတ်စင်အရှေ့ရောက်သွားတော့ နတ်စင်ကိုကြည့်ဖို့ သောင်းဦးက မျက်ရိပ်ပြတယ်။ ကြည့်လိုက်တော့ နတ်စင်ပေါ်မှာ မကွဲသေးတဲ့ 76 ကျဉ်ဖူးတလုံး။ ကျနော်က နားမရှင်းလို့ သူကိုကပ်မေးတော့ ရောင်းစား မယ်လေတဲ့။ (အဲ့ဒီအချိန်က မကွဲသေးတဲ့အသီးတွေကို KNUက ဗိုလ်လှဝေက ၀ယ်တယ်။ စခန်းထဲမှာရှိတဲ့ မကွဲတဲ့အသီးတွေကိုတော့ သူတူးငါတူးနဲ့ တူးပြီးရောင်းလိုက်ကြတာ တူးစရာအသီး မရှိတော့ဘူး)။

ဒါနဲ့ ဘယ်လိုလုပ်မလဲမေးလိုက်တော့ `မင်းက ထိုင်းစစ်သားကိုကြည့်ထား ငါခိုးမယ်တဲ့။

(နောက်မှ ထိုင်းတွေမေးကြည့်တော့..သူတို့လည်း မြန်မာလိုပဲ အယူရှိတယ်။ ကျည်လွဲအောင် နတ်ပူဇော်ထားတာတဲ့)

ဒါနဲ့ကျနော်လည်း ထိုင်းစစ်သားကို ကြည့်ပေးထား။ သူကလည်း ဟိုအရွက်ခူးသလို ဒီအရွက်ခူးသလိုနဲ့ နတ်စင်နားကပ်သွား။ ဒီအချိန်မှာပဲ ကံကောင်းချင်လို့လာမသိဘူး၊ ထိုင်းစစ်သားလည်း တပ်ထဲဘက်ကို ပြန် ၀င်သွားတာတွေ့တော့ သောင်းဦးလည်း နတ်စင်အရှေ့မှာ ဆောင့်ဆောင့်လေးထိုင်ချ၊ လက်အုပ်လေးချီပြီး အသံမထွက်ဘဲ ပါးစပ်က ပွစိပွစိနဲ့ လုပ်နေတော့တာပဲ။
မြန်မာပြည်မှာနေတုန်းက အရက်သောက် ဆေးခြောက်ရှုနဲ့ သူတော်တော်ဆိုးခဲ့ဖူးကြောင်း သောင်းဦး ပြော ဖူးတယ်။ ဒီလိုဆိုးခဲ့ဖူးတဲ့သူက အခုလို နတ်ကိုရွတ်ဖတ်ပူဇော်နေတာတွေ့တော့...အော် ဒီလူ ဘုရားတရား သိသာပဲ။ ငါ့ထက် တော်တယ်လို့ စိတ်ထဲက ချီးကျူးမိတယ်။ ရွတ်ဖတ်တာဆုံးတာနဲ့ သောင်းဦးလည်း လုံချည်လေးချွတ်(ဘော်ကန်ဘောင်းဘီတော့ ၀တ်ထားတယ်..ကျည်အသီးကို သေချာထုပ်ပြီး အမြန်လစ် ကြတော့တာပဲ။

လမ်းမှာလာရင် ရောင်းရတဲ့ပိုက်ဆံ ဘယ်လိုသုံးကြမလဲပြောကြတော့..သူက သူရတဲ့ခွဲတမ်းထဲက တချို့ကို အရက်သောက်မယ်ပြောတယ်။ ကျန်တာ တပ်စိပ်မှာစားဖို့ပေးမယ်ပေါ့။

ကျနော်က ကွေ့တယို(ထိုင်းမုန့်ဟင်းခါး) တပွဲလောက် စားမယ်လို့ဆုံးဖြတ်တယ်။ အဲဒီအချိန်က ပြောရင်နဲ့တောင် သွားရည်ကျလာတယ်။

ဒါနဲ့ပြောရင်းဆိုရင်း နတ်စင်မှာ ဘာတွေရွတ်ဖတ်ပူဇော်ခဲ့သလဲလို့မေးကြည့်တော့..

`ဟ..ငါက ဘာဘုရားစာမှမရတာ.... အသီးရောင်းရပါစေ.. ဈေးကောင်းရပါစေလို့ပဲ´ ဆုတောင်းတာပေါ့တဲ့..။ ဟင်း..သေလိုက်ပါတော့။ ကိုယ်ကတော့ သူ့ကို အထင်ကြီးလိုက်တာ။ နတ်စင်ကလည်း ခိုးသေး။ နတ်ကိုလည်း ဈေးကောင်းရအောင် ဆုတောင်းသေး။

ဒီမှာတင် စိတ်ကထင့်နေပြီး..ဗိုလ်လှဝေဆီရောက်တော့လည်း သူက အမြဲတန်းဝယ်နေကြ ဖြစ်နေရာကနေ မ၀ယ်တော့ဘူးလို့ပြောလာတယ်။ ကိုယ့်မှာ ဆုပ်လည်းစူး စားလည်းရူးဖြစ်ပြီ။ သိမ်းထားပြန်ရင်လည်း အဆင်မသင့်ရင် ထကွဲမှ ဖွတ်မရ ဓားမပါဆုံးမဲ့ကိစ္စ။

ဒါနဲ့ပဲ ရောင်းလို့ရတဲ့အချိန် ပိုက်ဆံပေးဖို့ပြောရင်း ဗိုလ်လှဝေကိုပဲတောင်းပန်ပြီး အပ်ခဲ့ရတယ်ပေါ့ဗျာ။ နတ်က သူနတ်စင်ကခိုးလို့ မရောင်းရအောင် နတ်ရိုက်လိုက်တာထင်တယ်။

စိုးလွင် (၂၁၁) (၀မ်ခ)