ခင်ဇော်မိုး ● သစ်ပင်ကလေးများနှင့် ကျွန်မ

ခင်ဇော်မိုး ● သစ်ပင်ကလေးများနှင့် ကျွန်မ
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆

(၁)
အသွေးအရောင်စုံလင်စွာနှင့် ပန်းရနံ့များစွာထုံသင်းနေသည့် ပန်းခင်းလေးက နံနက်ခင်း လေပြေအဝေ့မှာ ယိမ်းနွှဲ့ ကနေ သည်။  တိမ်ကျဲကျဲလေးများကြားမှ နေရောင်ခြည်နုနုလေးများက ပန်းကလေးများပေါ်တွင် ရွာကျလာသည်။ လိပ်ပြာကလေး များနှင့် ပျားပိတုန်းလေးများက တစ်ပင်မှတစ်ပင်ကူးလူးဝဲပျံကာ ၀တ်ရည်များစုပ်ယူနေကြသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျွန်မကျေနပ်စွာပြုံးလိုက်မိပြီး မျက်စောင်းပင်ထိုးလိုက်မိသည်။ ကျွန်မပြုစုပျိုးထောင်ထားသော ပန်းကလေးများပွင့်လန်းနေ သည်မှာ ကျွန်မစိတ်ကိုလည်း ချမ်းမြေ့အေးချမ်းစေသည်။ အိမ်ကလေးကိုလည်း သာယာစေသည်။ ပတ်ဝန်းကျင်ကို သင်းရ နံ့များဖြင့် အလှဆင်သည်။ ထိုကဲ့သို့ အကြောင်းအရာသာမကပဲ လိပ်ပြာနှင့်ပျားပိတုန်းလေးများတွက်လည်း အကျိုးပြုသေး သည်မို့ ကျွန်မကြည်နူးစွာ ပြုံးမိခြင်းပင်။  ကျွန်မစိုက်ပျိုးထားသည့် ပန်းကလေးများကို အရိပ်တကြည့်ကြည့်ဖြင့် ကျွန်မ မနမ်းရှိုက်ရက်ပေမယ့် လိပ်ပြာနှင့်ပျားပိတုန်းလေးများ ၀တ်ရည်ကို စားသုံးယူဆောင်နေသောကြောင့် ကျွန်မ ကျေနပ်စွာ မျက်စောင်းထိုးမိခြင်း ဖြစ်ပါသည်။ ကျွန်မ၏ စိတ်၊ အိမ်၊ ပတ်ဝန်းကျင်တို့ကို အေးချမ်းသာယာစေသည့်အပြင် လိပ်ပြာနှင့် ပျားပိတုန်းလေးများ အတွက်ပါ ကောင်းကျိုးပြုသာယာစေသည်မို့ ကျွန်မလွန်စွာကျေနပ်ရပါသည်။

(၂)
သင်ရော ပန်းစိုက်ပျိုးဖူးပါသလား။ ပြီးတော့ ကိုယ်ကိုယ်တိုင်စိုက်ပျိုးထားသည့် ပန်းပင်ကလေးများ ပွင့်လန်းနေခြင်းကိုရော ခံစားဖူးပါသလား။ ပန်းစိုက်သမားတွေဟာ နုညံ့သောစိတ်ထားရှိသူဟု အများကဆိုကြသည်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့် မည်။ ချစ်ခြင်းကင်းမဲ့သောသူများသည်လည်း ကြမ်းတမ်းသောစရိုက်ရှိမည်ဟု ထင်မိပါသည်။ ချစ်ခြင်းတရားများသည် ကမ္ဘာမြေကိုပင် အေးချမ်း စေနိုင်ပါသည်။ ချစ်ခြင်းတရားသည် သက်ရှိများကြားတွင်သာမက သက်မဲ့အရာများပေါ်တွင် လည်း သက်ရောက်ဖို့လိုအပ်ပါသည်။ တစ်ဦးကိုတစ်ဦး မုန်းတီးနာကျည်းကြသည့်အခါ စစ်ပွဲပင်ဖြစ်ခဲ့ကြသည်။ တစ်ဦးကို တစ်ဦး မမြင်လိုတော့သည့်အခါ ရန်မူသတ်ဖြတ်ကြတော့သည်သာ။ ထို့ကြောင့် ပန်းကလေးများကိုမမုန်းတီးပါမူ ပန်းပင် ကလေးများ စိုက်ပျိုးကြည့်စေလိုပါသည်။ ဒါမှမဟုတ် ကြီးထွားသန်မာသောသစ်ပင်ကြီးများကို ချစ်ပါမူ ထိုသစ်ပင်ကြီးများ ကိုလည်း သင်စိုက်ပျိုးနိုင်ပါသည်။  သင့်စိတ်ကိုသာအေးချမ်းစေမည်မက ပတ်ဝန်းကျင်ကိုလည်း အေးမြသာယာ စေမည်မှာ လည်း မုချပင်။

ကျွန်မအိမ်ရှေ့လမ်းမကျယ်ကြီးဘေးတွင် အရိပ်အာဝါသကောင်းမွန်သည့် တမာပင်များကို တန်းစီ၍ စိုက်ထားသည်။ တမာ ပင်များသည် ထွားကျိုင်းမှုမြန်သောသစ်ပင်များဖြစ်သောကြောင့် အုံ့ဆိုင်းဝဲဖြာပြီး အရိပ်ကောင်းသည့်သစ်ပင်များအဖြစ် အမြန်ပြောင်းလဲလာသည်။ လမ်းသွားလမ်းလာများက သွားရင်းလာရင်း နားခိုကြသည်။ ပူပြင်းသည့်နွေရာသီဆိုလျှင် ရေချမ်းစင်ကလေးထားသောကြောင့် နားခိုရင်း ခရီးအပန်းဖြေကြသည်။ အမောပြေလိုက်တာဟူသော ခရီးသွားများဆီမှ အသံလေးများ ကြားရတိုင်း ကျွန်မရင်တွင် ပီတိဖြစ်ရပါသည်။ မိုးရာသီ၏ တော်ရုံမိုးဖွဲကို ခုခံနိုင်၍ လမ်းသွားလမ်းလာတချို့က မိုးခိုကြသည်။ ထို့ကြောင့် ပန်းပင်လေးများလို ကြီးထွားသန်မာသော အရိပ်ကောင်းသစ်ပင်များသည်လည်း ကြည်နူးများစွာကိုပေးစွမ်းနိုင်သည်။

(၃)
အိမ်ရှေ့ရှိ အုန်းပင်များကြားတွင် တစ်ပင်မှတစ်ပင်သို့ သွယ်ဆက်ပေးထားသော ရေသောက်မြောင်းများ ရှိပါသည်။ ထိုရေ မြောင်းဘေးများတွင် စိုက်ထားသောငွေပန်းပင်များက ဖွေးဖွေးလှုပ်နေ အောင်ပွင့်နေကြသည်။ ထူထည်းပိတ်သည်းနေသည့် စိမ်းမြနေသောငွေပန်းရုံက တစ်ပင်က အဖူးဆို တစ်ပင်က အပွင့်၊ စသဖြင့် အဆက်မပြတ် ပွင့်နေတော့သည်။ သင်းရနံ့ ထုံထုံမွှေးမွှေးလေးများက အိမ်ခြံအတွင်းသာမက အိမ်အပြင်လမ်းမှ လမ်းသွားလမ်းလာ များကိုပါ မွေးကြူစေသည်။ " ကြည့် စမ်းပါဦး အိမ်ထဲငွေပန်းတွေဖွေးနေတာပဲ။ လမ်းဘက်အထိကို မွှေးသင်းလို့။ အိမ်ကိုသာရွှေ့ယူသွားချင်တယ်"စသဖြင့် လမ်း ဘက်က အသိများပြောသွားကြလျှင် ကျွန်မမှာကြည်နူး၍ မဆုံး။ အိမ်အတွက်ဘုရားပန်းကပ်လှူရသည် သာမက အိမ်နီးနား ချင်းများကိုပင် ဘုရားပန်းရစေသည်။ ထို့ကြောင့် ကျွန်မစိတ်တွင် အတိုင်းမသိ ကြည်နူးမိရပါသည်။ ဤသည် မြတ်သော ကုသိုလ်ပင် မဟုတ်လား။
(၄)
အိပ်ရာထ ပန်းပင်များရှိရာသို့ ကြည့်လိုက်မိရင်း နှင်းဆီပန်းလှလှလေးကိုမြင်လိုက်ရ၍ အိမ်အတွင်းမှ အပြေးလေးသွား မိသည်။ ကျွန်မမှာ ကျေနပ်၍မဆုံး။ အရိပ်တကြည့်ကြည့်နှင့် မနမ်းရှိုက်ရက်ပါ။ မွှေးသင်းသောရနံ့တွေ လေပြေတွေ သယ်ဆောင်ပါစေ။ ပန်းဝတ်မှုံများကို ပျားပိတုန်းများသယ်ဆောင်ပါလော။ မျက်ဝန်းအစုံကိုမှိတ်၍ လေထဲမှပန်းသင်းရနံ့များ ကိုသာ တ၀ကြီး ရှူရှိုက်လိုက်ပါသည်။ သနပ်ခါးပန်းရနံ့နှင့် ဇီဇ၀ါပန်းရနံ့များကိုလည်း မွှေးကြူလိုက်ရ၍ ခြံစည်းရိုးအနားဆီဝေ့သီကြည့်လိုက်မိသည်။ ဟုတ်ပါသည်။ သနပ်ခါးပန်းများသည် ရိုးတံနှင့် အရွက်စိမ်းညှို့ညှို့များကြားမှ တိုးတွက်ပွင့်လန်း နေ့သည့် ဖူးငုံပွင့်ဝါလေးများမှာ ကျွမ်းကျင် ပါးနပ်သည့်ပန်းချီဆရာတစ်ဦး စုတ်တံခါရမ်းထားသည့်နှယ်။ ပြောက်တိပြောက် ကျားကလေးများ ဖြစ်နေသည်။ ကျွန်မအတွက် အလှဆုံးပန်းချီကားတစ်ချပ်ကို ပိုင်ဆိုင်ရသလိုပင်။ ဇီဇ၀ါပန်းပင်သည်လည်း ထိုနည်းတူ။ လှနိုင်လွန်းသည်။ ကျက်သရေရှိလွန်းသည်။ အိမ်ကလေးတွင် ပန်းသင်းရနံ့များဖြင့် ထုံလွှမ်းနေပါတော့သည်။

တနေ့တာအတွက် စိတ်ညစ်စရာများကြုံပါမူ ကျွန်မအကြိမ်ပေါင်းမရေတွက်နိုင်စွာ ပြုံးမိစမြဲ။ စိတ်ရှုပ်စရာများသည် ခဏ တာနှင့် ကွယ်လွန်မြဲပင်။ ပန်းသင်းရနံ့များကိုရှူရှိုက်ရင်း၊ လေညင်းတဖြူးဖြူးမှာ ယိမ်းကနေသည့် ပန်းပင်ကလေးများ အားကြည့်ရင်း ပြုံးမိသည်။ ကျေနပ်မိသည်။ ဒါကြောင့် တော်ရုံစိတ်ရှုတ်စရာများသည် ပန်းကလေးများစွမ်းအားဖြင့် လွင့်ပြယ် နိုင်သည်။

(၅)
ပြင်ဦးလွင်သည် ပန်းကလေးများအလှနှင့် မြန်မာတွင်ကျော်ဇောသည့် ပထမပန်းမြို့တော်ဟု ဆိုသည်။ ပန်းကလေးများ စုပေါင်းအလှသည် လူတိုင်းချစ်သော မြို့တခုဖြစ်စေသည်။ ရာသီဥတုကောင်းမွန်ရုံနှင့် မြို့သည်မလှပနိုင်။ မထင်ရှားနိုင်ပါ။ ထို့အတူ ကျွန်မတို့အိမ်လေးသည် လည်း ပတ်ဝန်းကျင်အလယ်မှာ ပန်းကလေးများအလှဖြင့် တင့်တယ်သည်။ မြင်သူတိုင်းကို စိတ်အေးချမ်းစေသည်။ အိမ်တစ်အိမ်မှာ ပန်းပင်လေးများအစွမ်းနှင့် ၀န်းကျင်တွင် ထင်ပေါ်စေသည်။ ကောင်းကျိုးကိုပြုနိုင် သည်။ မြင်သူတိုင်းစိတ်ကို အေးချမ်းစေသည်။ ဒါကြောင့် အိမ်တစ်အိမ် မှာပင် ဤမျှသော ကောင်းကျိုးများကိုဖြစ်ထွန်းစေပါမူ မြို့တမြို့လုံးဆိုလျှင် ကျွန်မတို့ဂုဏ်ယူ၍ ဆုံးနိုင်မည်မဟုတ်။ ထို့အတူ မြို့တမြို့တည်းသာမက နိုင်ငံအ၀န်းဆိုလျှင် ကျွန်မ တို့အားလုံး ကျေနပ် ကြည်နူးစရာများဖြင့် ဖုံးလွှမ်းနေမည်ဟုထင်သည်။ ကောင်းကျိုးအရာများသည် ကျွန်မတို့ အားလုံးကို အေးချမ်းစေလိမ့်မည်သာ။ သစ်ပင်စိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကို  တားဆီနိုင်ဟုဆိုသည်။

ထို့ကြောင့် မွှေးရနံ့သင်းကြိုင်သော ပန်းပင်ကလေးများဖြစ်စေ၊ အရိပ်အာဝါသကောင်းသော သစ်ပင်လေးများဖြစ်စေ၊  စိတ် အေးချမ်းခြင်း၊ ပတ်ဝန်းကျင်သာယာခြင်း စသည့်အကျိုးတရားများ ကို ရရှိစေသည်မို့ ကျွန်မဘ၀၏အားလပ်ချိန်များကို ပန်းပင်၊ သစ်ပင်ကလေးများစိုက်ရင်း ကြည်နူးမှု ပီတိတွေနှင့်  ကုန်ဆုံးလိုပါသည်။

ခင်ဇော်မိုး