ပင်လယ်ပြင်တွင်ပျောက်နေသော သင်္ဘောအရာရှိကို ရှာဖွေပေးရန် မိသားစု တောင်းဆို



ပင်လယ်ပြင်တွင်ပျောက်နေသော သင်္ဘောအရာရှိကို ရှာဖွေပေးရန် မိသားစု တောင်းဆို
(
အိချယ်ရီအောင်/Myanmar Now) မိုးမခ၊ စက်တင်ဘာ ၁၅၊ ၂၀၁၆
 
PTTEP ကုမ္ပဏီသင်္ဘောများက ကယ်ဆယ်ခဲ့သော မြန်မာသင်္ဘောသားများ (ဓာတ်ပုံများ - PTTEP)

 ရန်ကုန် (Myanmar Now) - အိန္ဒိယသမုဒ္ဒရာအတွင်း နစ်မြှစ်ခဲ့သည့် ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေသူ မြန်မာသင်္ဘောသားအရာရှိကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် ဆောင်ရွက်ပေးစေလိုကြောင်း သူ၏ မိသားစုက ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

မလေးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ခုတ်မောင်းစဉ် စက်တင်ဘာ ၃ ရက်နေ့က နစ်မြှုပ်သွားသည့် M Star 1 သင်္ဘောမှ ပျောက်ဆုံးနေသူ ၄၉ နှစ်အရွယ် ဒုတိယအရာရှိ ဦမျိုးကြည်တင်သည် အသက်ရှင်လျက် ရှိနေနိုင်သေးသည်ဟု ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင်က မျှော်လင့်နေသည်။

“လိုအပ်ရင် ရဟတ်ယာဉ်တွေဘာတွေသုံးပြီး ရှာဖွေစေချင်တယ်။ ဘယ်လိုနည်းလမ်းကိုသုံးပြီးရှာရှာ အမြန်ရှာတွေ့ဖို့ အဓိကပါပဲ။ မြန်မြန်ရှာတွေ့မှ ကျွန်မယောက်ျားအသက်ကို မြန်မြန်ကယ်လို့ရမှာပါ” ဟု ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ဒေါ်ချိုချိုအောင်က ပြောသည်။

သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၆ ဦး ပါဝင်ပြီး ၁၄ ဦးကို PTTEP အမည်ရှိ ထိုင်း ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီ၏ သင်္ဘောများက ရနောင်းမြို့အနီး ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဘက်ကမ်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အာဏာပိုင်များသို့ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။

ကျန်နေသည့် ၂ ဦးမှာ ပျောက်ဆုံးနေသူ ဒုတိယအရာရှိနှင့် သေဆုံးသွားသူ သင်္ဘောကပ္ပတိန်တို့ ဖြစ်သည်။

ဦးမျိုးကြည်တင်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့က မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို မသိရသေးပေ။

သင်္ဘောကပ္ပတိန်သည် နစ်မြှုပ်သင်္ဘောကို စွန့်ခွာစဉ်ကပင် ဒဏ်ရာ ရရှိထားပြီး နောက်ပိုင်းတွင် သေဆုံးသွားသည်ဟု သင်္ဘောသားနှစ်ဦးက ထွက်ဆိုကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်၏ ပြောကြားချက်ကို 7DAY သတင်းစာတွင် ဖော်ပြထားသည်။

သင်္ဘောသည် မြန်မာပိုင် Great Western Torres Islands အမည်ရှိ ကျွန်းစုနှင့် ရေမိုင် ၂၅ မိုင် အကွာတွင် နစ်မြှုပ်သွားခြင်းဖြစ်ကြောင်း Maritime Herald သတင်းဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ရေးသားထားသည်။

အဆိုပါကျွန်းစုသည် မြိတ်၊ ကော့သောင်းမြို့တို့နှင့် သုံးပွင့်ဆိုင်အနေအထား တည်ရှိသည်။

နစ်မြှုပ်သွားသည့် သင်္ဘောသည် တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် M Star Shipping က ပိုင်ဆိုင်သော သင်္ဘောဖြစ်သည်ဟု သိရသည်။ ။


ပင်လယ်တွင်းမှ ကယ်ဆယ်ထားသော မြန်မာသင်္ဘောသားတို့ကို ရှေးဦးသူနာပြုနည်းဖြင့် ကုသ စောင့်ရှောက်မှု ပေးခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းခဲ့သည်ဟု PTTEP ကုမ္ပဏီ၏ အွန်လိုင်းတွင် ဖော်ပြထားသည် (ဓာတ်ပုံ - PTTEP)