ဂျူနီယာဝင်း - အထက်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါ



ဂျူနီယာဝင်း - အထက်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

ထုတ်ဝေသူ ဦးလှတိုး
ရန်အောင်စာပေ
အ ထ က (၁) ၊ရန်ကင်းကျောင်းရှေ့ ၊ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။

ပထမအကြိမ် ၂၀၁၀ ဇွန်
ဒုတိယအကြိမ် ၂၀၁၂ ဇွန်
တတိယအကြိမ် ၂၀၁၆ သြဂုတ်

အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ကျပ်
စာမျက်နှာ ၄၂၅
အခန်း - ၄၃ ခန်း

Wren and Martin’s High School English Grammar and Composition စာအုပ်ကို မြန်မာဘာသာဖြင့် ၂၀၀၄ခုနှစ်ဇွန်လတွင် The Light of English မဂ္ဂဇင်းတွင် လစဉ်စတင် ဘာသာပြန်ခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ၂၀၁၀ခုနှစ် မတ်လတိုင် အင်္ဂလိပ်သဒ္ဒါအပိုင်းကို အစအဆုံး ဖော်ပြခဲ့သည်။ ယင်းကို ရန်အောင်စာပေမှ ၂၀၁၀ခုနှစ် တွင် ပထမအကြိမ် ထုတ်ဝေခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။

စာအုပ်လေးရဲ့ အကြောင်း
ထိုစာအုပ်ကို စာအုပ်ပုံစံဖြင့် ထုတ်ဝေရန်အတွက် The Light မဂဇင်းတွင် ဖော်ပြနေစဉ် ကာလအတွင်း ထုတ်ဝေသူတဦးနှင့် စီစဉ်ခဲ့ဖူးသည်။ သို့သော် မဂ္ဂဇင်းတွင် သဒ္ဒါပိုင်းဆိုင်ရာများ အစအဆုံးပါပြီးမှသာ ထုတ်ဝေရန်စဉ်းစားသင့်သည်ဟူသော ဆုံးဖြတ်ချက်ဖြင့် မဂ္ဂဇင်းတွင် ဖော်ပြပြီးသားများကို ကြိုတင် ရိုက်နှိပ်ဖြစ်ခဲ့သည်။ မဂ္ဂဇင်းတွင် သဒ္ဒါပိုင်းကို အစအဆုံးဖော်ပြပြီးသည်နှင့် စာအုပ်ထွက်ရှိလာဖို့ မျော်လင့်ချက်နဲ့ ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မူလထုတ်ဝေမည့်သူမှ စာမူပြန်ပေးခဲ့ရာ ရန်အောင်စာပေနှင့် ဆက်ထုတ်ဖို့ ဖြစ်လာသည်။ ထိုသို့အကူးအပြောင်းကာလအတွင်း ကွန်ပြူတာမှ အမှားများကို ပြင်ဆင်ဖတ်ရူပြီးသားများကော်ပီနှင့် မပြင်ရသေးသော စပ်ကြားကော်ပီများ ကြားတွင် ပထမအကြိမ်သည် အမှားများဗလပွဖြင့် ထွက်ရှိလာရသည်။ သို့သော် စာဖတ်သူများသည် ဘာမှအပြစ်မပြောပဲ လက်ခံခဲ့ကြတာကို အားနာနာနဲ့ပင် ကျေးဇူးတင်နေမိပါသည်။

ဒုတိယအကြိမ်တွင် ရန်အောင်စာပေကနေ စိတ်ရှည်လက်ရှည်ပင် အရေးကြီးသော အမှားများကို ပြင်ဆင်ဖို့အချိန်ပေးခဲ့ပါသည်။ ဤသို့နဲ့ ထိုစာအုပ်သည် စာဖတ်သူများလက်ထဲ ၂၀၁၂တွင် ဒုတိယအကြိမ် ထပ်မံ ရောက်ခဲ့ရသည်။ ပြင်စရာအမှားများသည် အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကြားတွင် Wren and Martin’s High School English Grammar and Composition မှ Composition အပိုင်းကို စာဖတ်သူများက တောင်းဆိုသဖြင့် ဆက်လက်ဘာသာပြန်ပေးခဲ့ကာ ရန်အောင်စာပေကနေ ၂၀၁၅တွင် “အထက်တန်းအဆင့် Composition“ ဟူ၍ ထွက်ရှိခဲ့ပါသည်။ ထိုစာအုပ်၂အုပ်ကို စုပေါင်းထုတ်ဖို့ စဉ်းစားခဲ့သောလည်း အကောင်အထည် မဖော်ဖြစ်ခဲ့သေးပါ။ “အထက်တန်းအဆင့်အင်္ဂလိပ် သဒ္ဒါစာအုပ်“ ယခုအခါ ထွက်ရှိသော တတိယအကြိမ်သည် ဒုတိယအကြိမ်နှင့် အတော်လေး အချိန်ကွာဟသွားရသည်။ ထို့ကြောင့် စာဖတ်သူများဘက်က စာအုပ်အခက်အခဲများ ဖြစ်ခဲ့ရတာကို တောင်းပန်လိုက်ရပါသည်။

စာရေးဆရာ၏အားထုတ်မူ
Wren and Martin’s High School English Grammar and Composition စာအုပ်သည် အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ ဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သောပုံစံအတိုင်း ဘာသာပြန်ခဲ့တာ ဖြစ်သည်။ စာကြောင်းများကို နားလည်အောင်၊ တစ်လုံးချင်း နားလည်အောင်၊ စာကြောင်းတစ်ခုချင်းကို အသေးစိတ်သိအောင်၊ ရှေးစာပေများထဲက အင်္ဂလိပ်စာကြောင်းများကို သဘောပေါက်သွားအောင် သင်ပေးခဲ့တာတွေကို တစိမ့်စိမ့် ခံစားရင်းကနေ ထိုစာအုပ်လေးကို ဘာသာပြန်ချင်စိတ် ဖြစ်ခဲ့ရတာ ဖြစ်သည်။ ဒါ ဘဘကြီးဦးခင်မောင်လတ်အမှတ်တရ… ဖြစ်လိမ့်မည်။ စာကြောင်းတိုင်း စာကြောင်းတိုင်းဟာ ဘဘကြီးကို သတိရလွမ်းစရာ တွေဖြစ်နေလိမ့်မည်။ ဆရာကြီး၏ တပည့်များလည်း ဒီစာအုပ်ကို ဖတ်ရင် ဆရာကြီးကို လွမ်းမိကြပေလိမ့်မည်။ စာအုပ်သည် အင်္ဂလိပ်သဒ္ဒါစာအုပ်၊ အထက်တန်းစာအုပ်၊ အထက်တန်းအဆင့် အင်္ဂလပ်သဒ္ဒါစာအုပ် ဟူသော ပျင်းရိစရာကောင်းသော အမည်တပ်ထားသည့် ထိုစာတစ်အုပ်ကို စာရေးဆရာက သူ့အဘိုးကို လွမ်းသောစိတ်ဖြင့် စာကြီးပေကြီးသဖွယ် တန်ဖိုးထား၊ အလေးအနက်ထား၊ ခံစား ဘာသာပြန်ထားတာဟု သူရေးသော အမှာစာမှာ ဖတ်လိုက်ရတော့ စာရေးဆရာ၏ ကြိုးစားအားထုတ်မူကို သိရှိလိုက်ရပါတော့သည်။