ငြိမ်းချမ်းအေး - "ပန်းချီအနုပညာကို လူအများ ခံစားနိုင်ဖို့ရာ"



ငြိမ်းချမ်းအေး - "ပန်းချီအနုပညာကို လူအများ ခံစားနိုင်ဖို့ရာ"
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆
 
ဒေါ်အောင်ဆန်းစုကြည် ပုံ ပန်းချီ - ဆရာ သန်းဌေးမောင်ရဲ့ လက်ရာကို မဂ္ဂဇင်း မျက်နှာဖုံးတင်တော့ ဒီမိုကရေစီလိုလားသူများလို့ ယူဆရတဲ့ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားချစ်ခင်သူများ ခေါင်းစဉ်အောက်က လူတချို့ မိုးမခ စာမျက်နှာမှာ လာဆဲကြတယ်။ မျက်နှာဖုံးကို ကန့်ကွယ်တယ် ဆိုကြတယ်။ ကျနော် သူတို့ကို အပြစ်မတင်ပါဘူး။ ရယ်သွမ်းလည်း မသွေးရက်ပါဘူး။ ဝမ်းနည်းစိတ်ပဲ ဖြစ်မိပါတယ်။

အနုပညာ ဆိုတာ အတွေးအခေါ် တခု၊ စိတ်ကူးတခု ဖြစ်ပေါ်စေဖို့ တွန်းအားဖြစ်အောင် ပုံသဏ္ဌာန် တခု တည်ဆောက်ယူခြင်းသာ ဖြစ်ပါတယ်။ ရုပ်ပုံ တခုခု ပစ္စည်း တခုခု ဖြစ်အောင် လုပ်တာ၊ အချိုးညီအောင် တူအောင် လုပ်တာ အနုပညာ မဟုတ်ပါဘူး။

လူ သတ္တဝါ သက် ရှိ သက်မဲ့ ရုပ်ဝတ္ထုများကို အရှိတရားအတိုင်း သမားရိုးကျ ပုံဖော် ရေးဆွဲမှုဟာ အရှိတရား၊ အဖြစ်တရားကိုသာ ပုံဖော်နိုင်ပါတယ်။ သဘာဝ သရုပ်မှန်ကို ဖယ်ခွဲ သွေဖည် ရေးခြင်းက ပကတိ အရှိတရား အပြင် မရှိခြင်း၊ မဲ့ခြင်း ဗလာ နယ်ပယ်ကိုပါ ပုံဖော်နိုင်စွမ်းပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ သဘောဆက်ချဲ့ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောအထိ ယူနိုင်ပါတယ်။

(လူသာမန် အသိ ယူဆထားကြတဲ့ ) တိကျသေချာတယ်ဆိုတဲ့ Science သိပ္ပံပညာ ဆိုတာမှာတောင် ဒြပ်မဲ့ သဘောရှိပါတယ်။ ဒြပ်ရှိ Concrete ဖြစ်ရမယ် သဘော အရာရာမှာ မဆောင်ပါ။ ၂၀ ရာစု အစမှာ ကတည်းက ပလန့်ရဲ့ ကွမ်တမ် အယူအဆ၊ အိုင်စတိုင်းရဲ့ နှိုင်းရ ဓမ္မ တရား တွေဟာ အရှိတရား (Reality) ကို သိပ္ပံ ကနေ ရိုးရိုးရှင်းရှင်း ပုံဖော်မှု ဆိုတဲ့ လမ်းကြောင်းကနေ ခွဲထွက်ခဲ့ကြတယ်။ လူသားရဲ့ နေ့စဉ်မြင်ရှုနေတဲ့ လက်တွေ့ ဘဝ အမြင် တွေနဲ့ သိပ္ပံ သဘောတရား သီအိုရေ တွေကို တော်လှန် ပြောင်းပြန်လှန်ပစ်ခဲ့ကြတယ်။ မျက်မြင် သဘောမဆောင်တဲ့ အဆုံးအစမဲ့ ကာလ အာကာသ သဘောကို အခြေပြုပြီး ခေတ်သစ် ရူပဗေဒဟာ “Non-representational ကိုယ်စားပြု မဖော်ပြနိုင်တဲ့ Abstract ဒြပ်မဲ့ သဘော” နဲ့ အထွတ်အထိပ် ရောက်ခဲ့ခြင်းပါ။ နယူတန်ခေတ်မှာ ရုပ်ဝတ္ထု ပစ္စည်းတခုခုနဲ့ သိပ္ပံကို ပုံဖော် ရှင်းပြခဲ့ပေမယ့် အိုင်စတိုင်း ခေတ်က စလို့ မော်ဒန်ရူပပညာရှင်များဟာ ကိုယ်စားပြု ဖော်ပြလိုမရတာတွေ အတွက်ပါ ထည့် သွင်း စဉ်းစားခဲ့လို့ ခေတ်သစ်သိပ္ပံပညာ တိုးတက်ခဲ့ခြင်းပါပဲ။

ပန်းချီ အနုပညာက ပုံဖော်တဲ့ ဒြပ်မဲ့သဘော (Abstractionism) ဟာလည်း ဒီလိုပါပဲ။ လူ ပါတဲ့ ပန်းချီကားမှာ လူသားရဲ့ ကြန်အန်လက္ခဏာများကို ပယ်ပြီး Form & Shape ပုံသဏ္ဌာန် ပုံသရုပ်မှန်ကို ပုံဖျက်ထားခြင်း (Distortion) လုပ်ခြင်း၊ Distored Form တွေ သုံးခြင်းမှာ သတင်းစကားတွေပါပါတယ်။ အဓိပ္ပာယ်တွေ ရှိပါတယ်။ မျက်မြင်ဘဝမှာ အရှိအတိုင်း မြင်တွေ့ရတဲ့ လူ ပုံသဏ္ဌာန်နောက်ကွယ်က အားတွေ၊ ကိုယ်စားပြု မဖော်ပြနိုင်တဲ့ ဒြပ်မဲ့ သဘောတွေနဲ့ ရုပ်ခန္ဓာကိုယ် နောက်ကွယ်က နာမ် ဝိညာဉ် စိတ္တဇတရားကို ဖော်ထုတ်ခြင်း အနုပညာဟာ ခေတ်သစ်ပန်းချီကို အထွတ်အထိပ် ရောက်စေခဲ့ပါတယ်။ ဥပမာ - ပန်းချီကျော် ပီကာဆိုရဲ့ လူပုံတူ ပန်းချီကားများ။

အပေါ်ယံ အသွင်အပြင် လက္ခဏာ ရုပ် ခန္ဓာ သဘောကို ပယ်ပြီး လူသားရဲ့ အတွင်း အဇ္ဈတ္တသန္တာန် (Inner Nature) အနှစ်သာရကို ဖော်ကျူးခြင်း၊ မိအောင် ဖမ်းခြင်းဆိုတာ ရသ ဂုဏ်မြောက်တဲ့ အနုပညာ ဖြစ်ပါတယ်။

ဒါပေမယ့် တနေ့လုပ်မှ တနေ့စား၊ ရရာ စားစား ‘Hand-to-Mouth’ ဘဝ လူမှု-စီးပွား-နိုင်ငံရေး နောက်ခံက ဗမာပြည်ရဲ့ လူအများစု အတွက် အဆင့်မြင့် အနုသုခုမ စိတ္တ အာဟာရတွေ၊ သီအိုရီတွေ သိဖို့ နားလည်ဖို့ ခံစားဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကြောင့် မဂ္ဂဇင်း မျက်နှာဖုံး ပန်းချီကို မနှစ်သက် မခံစားနိုင်ကြတဲ့ လူများကို ကျနော် ဘာမှ ပြန်လှန် တုံ့ပြန်စရာ မရှိသလို၊ ပစ်တင်မှု ဒါမှမဟုတ် သရော်မှု မလုပ်လိုပါဘူး။

တခုတော့ ရှိပါတယ်။ ကျနော့်ဘက်က မျက်နှာဖုံးကိစ္စ ရှင်း စရာမှာ တချက်ကျန်ပါသေးတယ်။ ကျနော်က အထူးသဖြင့် NLD အစိုးရ အဖြစ် တာဝန်ယူရကတည်းက ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီ သို့မဟုတ် ဓာတ်ပုံ မိုးမခ မှာ လုံးဝ မျက်နှာဖုံး မတင်ဘူးလို့ တကိုယ်ရေ သဘော ဆုံးဖြတ်ထားတာပါ။ ဘာကြောင့်ဆို ပုံရိပ်ကို အသုံးချမှု မဖြစ်စေချင်လို့ပါ။ မိုးမခက ပေါ်ပြူလာ ဖြစ်နေသူတွေ ရှေ့တန်းတင် ရောင်းရမယ့် အဆင့်လည်း မဟုတ်သလို မူဝါဒ နဲ့လည်း မကိုက်ဘူး ယူဆလို့ပါ။ ဒီအကြောင်း ဆွေးနွေးတာမျိုး မလုပ်ဖြစ်ခဲ့ပေမယ့် အယ်ဒီတာအဖွဲ့ဆရာများလည်း ဒီသဘောပဲလို့ ခံယူထားတယ်လို့ ယူဆထားပါတယ်။

မိုးမခက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ အမေ လူထု ဒေါ်အမာ၊ ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ် မောင်နှံ ရာပြည့် နဲ့ မိတ်ဆွေများ ဓာတ်ပုံတွေ၊ ဦးဝင်းတင်၊ မောင်စွမ်းရည်၊ ဆလိုင်းတင်မောင်ဦး နဲ့ ယနေ့ခေတ် ကျောင်းသား လူငယ် သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေနဲ့ အခြား သမိုင်း သရုပ်ဖော်၊ အနုပညာ သရုပ်ဖော် တွေကိုသာ လစဉ် သင့်လျော်ရာ တင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဧပြီတုန်းကတော့ စစ်တပ်ပါတီ ခွေးရှုံး ဝက်ရှုံး မဲရှုံး ပြီး အစိုးရကနေ ဆင်းပေးလိုက်ရတာကို ခပ်ပါးပါးလေး လှောင်ထားတဲ့ သင်္ကြန် ကာတွန်း တကွက်ကို မျက်နှာဖုံးတင်ရာမှာသာ ဒေါ်အောင်ဆန်းစုကြည် လို့ ယူဆနိုင်တဲ့ ကာတွန်း ပုံဖော်မှု ပါပါတယ်။ ထွက်ပြီးသမျှ အုပ် ၃၀ မှာ လက်တမ်း မှတ်မိသလောက်တော့ ဒါပါပဲ။

အခု ဆရာ သန်းဌေးမောင် ပန်းချီ ကိုလည်း အင်မတန် လက်ရာကို နှစ်သက်မိလို့ တန်ဖိုးထားပြီး တင်ခဲ့ခြင်း သက်သက်ဖြစ်ပါတယ်။ တန်ဖိုးထားမှုမှာ ပန်းချီဆရာကိုကော၊ အနုပညာ ပုံဖော်မှုကိုကော၊ မဂ္ဂဇင်း ပါ ဆက်စပ် ကဏ္ဍ ဆောင်းပါးများနဲ့ ဆက်စပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထမ်းနေရတဲ့ တာဝန်၊ ရွက်ရမယ့် ဝန်၊ သူ့ လုပ်အားတွေကော အားလုံးပါပါတယ်။

နောက်တချက်ကတော့ ပန်းချီဆရာ သန်းဌေးမောင် ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန် ကြည်ညိုလေးစားသူ၊ သူတတ်စွမ်းတဲ့ အနုပညာ ဖန်တီမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ဗမာ့ ဒီမိုကရေစီ အရေးကို ပံ့ပိုးနေသူ တဦးဖြစ်ပါတယ်။

ပြန်ချုပ်ရရင် စနစ်ဆိုး၊ ခေတ်ဆိုး ကို ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော် အတွင်းမှာ လူတွေရဲ့ စိတ္တ ပိုင်းဆိုင်ရာ ခံစားမှု၊ သိတတ်မှု၊ မြော်မြင်မှုတွေ ယုတ်လျော့ခဲ့ရတာ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်။ အနုပညာ ခံစားမှု သိမှု၊ တတ်မှု၊ ကင်းမဲ့နေရတဲ့ လူသားအချို့တွေရဲ့ ဘဝ အတွက် ကျနော်တို့ အများကြီး အလုပ်လုပ်ရဦးမယ် ဖြစ်ကြောင်းပါ..။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၆၊ ၂၀၁၆