မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၁၀)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၁၀)
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆


● တပ်မတော်၏သဘောထား
တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတလျောက်လုံးတွင် ၎င်းတို့ရပ်ခံသည့် မူ ၆ ချက်ကို ကြိမ်ဖန်များစွာ ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ၎င်း ၆ ချက်မှာ ....

၁။ ထာဝရငြိမ်းချမ်းရေးယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်။
၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်။
၃။ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်။
၎။ ဒေသခံပြည်သူများ၏အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။
၅။ နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်။
၆။ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ၏အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ ဖြစ်သည်။

အများစုက ထောက်ပြသည်မှလည်း ထိုမူ ၆ ချက်အနက် အချက် ၅ နှင့် ၆ အား ပြင်ဆင်ရန်လိုအပ်သည်ဆိုသည့်အချက် ဖြစ် သည်။ ထို မူ ၆ ချက်ကို ရပ်ခံထားသည့် တပ်မတော်အနေနှင့် ၂၀၀၈ အခြေခံဥပဒေတွင် မြင့်မားအခန်းကဏ္ဍကို ရထားသည်။ အခန်း ၅ ပုဒ်မ ၃၃၉ အရ " နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ  ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင် ရမည်" ဟု ပြဌာန်းထားသည်။ သို့ဖြစ်ရာ ပြည်တွင်းစစ် အဆုံးသတ်၍ ငြိမ်းချမ်းရေးတည်ဆောက်ရန် တပ်မတော်၏ အခန်းက အရေးကြီးနေသည်က အမှန်ပင်ဖြစ်သည်။

သို့ဖြစ်ရာ အကဲခတ်များရော တိုင်းရင်းသားများကပါ တပ်မတော်ကမည်မျှအထိ လျှော့ပေးမည်နည်းအပေါ်၌ မူတည်၍ ငြိမ်း ချမ်းရေးရလဒ်ထွက်ပေါ်မည်ဟု သုံးသပ်ကြသည်။ သို့ဖြစ်ရာ တပ်မတော်အနေနှင့် အလျှော့ပေးမှုလိုက်လျောမှု ရှိ/မရှိကို ပြီးခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်များ သုံးသပ်ကြည့်ရန် လိုပေသည်။

တပ်မတော်အနေနှင့် မူ ၆ ချက်ကို ဆုပ်ကိုင်ထားသည်။ ၂၀၀၈ အခြေခံဥပဒေကို ပြတ်ပြတ်သားသား ရပ်ခံကာကွယ်သည် ကတော့အမှန်ပင် ဖြစ်သည်။ ပြီးသော ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် တပ်မတော်အစုအဖွဲ့က ဖက်ဒရယ်ပြည် ထောင်စုဟု မသုံးစွဲသော်လည်း ၂၀၀၈ အခြေခံဥပဒေသည် ဖက်ဒရယ်မူများပေါ်တွင် ရေးဆွဲထားသည်ဟုဆိုပြီး ဖက်ဒရယ် ကို တဖက်က အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၅၇ ခုအနက် မည်သည့်ပုဒ်မက ဖက်ဒရယ်နှင့် မညီညွတ်သနည်းဟု ထောက်ပြဆွေးနွေးရန် လမ်းဖွင့်ပေးခဲ့သည်။ ဤသည်မှာ ၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက်ပြီး ပြတ် ပြတ်သားသားရပ်ခံပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟူ၍ သုံးနှုန်းပြောဆိုခြင်းမပြုသည့် တပ်မတော်၏ အနေ နှင့် တထစ်လျှော့ဆွေးနွေးရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။

တပ်မတော်အနေနှင့် NCA ကို ဆုပ်ကိုင်ထားပြီး NCA အခြေခံပေါ်မှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်သွားမည် ဟု ရပ်ခံထားခဲ့သည်။ သို့သော် ၂၁ ရာစုပင်လုံညီလာခံတွင် NCA မထိုးသေးသော အဖွဲ့များ (MNDAA/TNKA/AA ၃ ဖွဲ့မှ အပ) ညီလာခံတက်ခွင့်ပြုရင်း NCA ကိစ္စအားဆက်လက်ဆွေးနွေးသွားရန် သဘောတူခဲ့သည်။ ထို့ပြင် ထို NCA မထိုးသေး သောအဖွဲ့များ UPDJC နှင့်ပူးတွဲကော်မတီဖွဲ့၍ ညီလာခံအားဦးစီးကျင်းပရာတွင် ပါဝင်ခွင့်ပြုရေးအားလည်းကောင်း၊  တက် ရောက်သူအဖွဲ့အားလုံး ၎င်းတို့၏အမြင်သဘောထားများကို စာတမ်းတင်သွင်းဖတ်ကြားခွင့်အားလည်း ခွင့်ပြုခဲ့သည်ဟု ဆိုရမည်။

ထို့ပြင် နောက်ဆုံးအချိန်မှ ကပ်၍ သဘောတူညီချက်ရရှိခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲများဘက်မှ ညီလာခံအဖွင့် တွင်ခေါင်းဆောင် ၂ ဦး စကားပြောခွင့်အားလည်းကောင်း၊ ညီလာခံတွင်းဆွေးနွေးချက်များအား ရုပ်မြင်သံကြားမှ တိုက် ရိုက်ထုတ်လွှင့်၍ လူထုအား ချပြရန်သော်လည်းကောင်း၊ ညီလာခံတတိယနေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ခေါင်းဆောင်များအား ရာထူးအဆင့်အတန်းတပ်၍ ခေါ်ခြင်းအားလည်းကောင်း၊ ခွင့်ပြုမှုများတွင် တပ်မတော်၏ သဘောတူညီမှုမပါဘဲ မဖြစ်နိုင်ဟု ဆိုရပါမည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်းရှိ MNDAA/NDAA/AA အဖွဲ့ ၃ ဖွဲ့အပြင် KIA တပ်မဟာ ၄ ပါ လက်နက်စွန့် လွှတ်ရမည်ဟု တပ်မတော်သဘောထားကို ဖေါ်ပြခဲ့သည်။ ၂၀၁၆ မေလခန့်တွင်မူ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ လက် နက်စွန့်လွှတ်ရန်သာဆိုခဲ့ပြီး KIA တပ်မဟာ ၄ ကို ထည့်သွင်းပြောဆိုခြင်းမပြုတော့ပေ။ လက်နက်စွန့်ရမည်ဆိုရာ၌လည်း လက်နက်များကို သူတို့ထံအပ်နှံရန် မလိုအပ်ဘဲ ကြားအဖွဲ့တခုတွင် အပ်နှံရမည်ဟု ဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ဆန်းတွင်မူ လက်နက်စွန့်ရမည်ဆိုသည့်အစား လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်မည်ဟု ကြေညာချက်ထုတ်ရန် ပြောင်း လဲ သဘောထားဖေါ်ပြခဲ့သည်။

သို့ဖြစ်ရာ တပ်မတော်ဘက်မှ မည်သည့်အချက်မှမလျှော့ဘဲ တင်းခံနေသည်မျိုးတော့မဟုတ်ဘဲ ပြောင်းလဲလိုက်လျောမှု အချို့တော့ရှိသည်ကို အသိမှတ်ပြုရန်လိုပါသည်။ အားလုံးလက်ခံနိုင်သည့် အဖြေတခုရရှိရန် အကြိမ်ကြိမ်တော့ ဆွေးနွေးညှိ နှိုင်းရန်တော့ လိုပေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်နေသော အငြိမ်းစားဗိုလ်ချုပ်တဦးက ကျနော်တို့ လျှော့ ဈေးနှင့်ရောင်းနိုင်သော်လည်း အကြွေးတော့ မရောင်းနိုင်ဘူးဗျာဟု ဆိုပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တဖက်နှင့် တဖက် အပြန်အလှန်အသိအမှတ်ပြုရန်လိုပါသည်။ အဖြေတခုရရန် စိတ်ရှည်ကြဘို့ လိုပေသည်။

လက်ရှိမြန်မာပြည်၏အခြေအနေမှာ သီရိလင်္ကာနိုင်ငံကဲ့သို့ သုပုန်များကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းလည်းမရှိ။ အလားတူ ဗီယက်နမ်နိုင်ငံကဲ့သော တော်လှန်ရေးတပ်ဖွဲ့များက တိုင်းပြည်အာဏာကို သိမ်းနိုင်သည့်အခြေအနေ မရှိချေ။ နှစ် ၇၀ နီးပါး ကြမြင့်ပြီဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် သင့်လျော်သော အဖြေတခုရှာနေကြခြင်းဖြစ်သည်။ တပ်မတော်ရှိ စစ်အင်အား ၅ သိန်းခန့်နှင့် တိုင်းရင်းသားလက်နက်ကိုင် စုစုပေါင်း၏ စစ်အင်အား ၁ သိန်းခန့်ကြားတွင် သူမနာ ကိုယ်မသာ လမ်းစဉ်တရပ်ဆွေးနွေး အကောင်အထည်ဖေါ်နိုင်ရန်အတွက် အကြိမ်ကြိမ် ညှိနှိုင်း၍သင့်လျော်သော အဖြေတခုရရှိရေး ကြိုးစားသွားရပေလိမ့်မည်။

လက်ရှိငြိမ်းချမ်းရေးလမ်းသည် ခရီးမည်မျှပေါက်မည်ဆိုသည်ကိုကြို တင်ခန့်မှန်းရန် ခက်ခဲပါသည်။ခရီးပေါက်မပေါက် လျှောက်ကြည့်ကြဖို့တော့ လိုအပ်ပါမည်။ လွယ်ကူချောမွေ့မည်ဟုတော့ မျှော်လင့်၍ မရနိုင်ပါ။အခက်အခဲများစွာကို ကျော်လွှားရပေလိမ့်မည်။ ငြိမ်းချမ်းလမ်းကို လျောက်ကြသည်မှာလည်း ဖေါက်ပြီးသား လမ်းကို လျောက်ရသည်မဟုတ်ပေ။ လမ်းလျောက်ရင်း ဖေါက်ရသည့်လမ်းဟု ဆိုရပါမည်။

● ပြိုင်တူဆုတ်လျှင်ရနိုင်ပါသည်
ဤပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အစိုးရအဖွဲ့ဝန်ကြီးဦးကျော်တင့်ဆွေအပါ တပ်မတော်သားအစုက အဓိက ဇောင်းပေးတင်ပြသည်မှာ DDR လက်နက်ဖြုတ်သိမ်းရေးဖြစ်သည်။ ဤညီလာခံ၏ရလဒ်အဖြစ် တပ်မတော်မှ လိုလားသည် မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် လာမည့်ဆွေးနွေးပွဲရလဒ်များအဖြစ် သတ်မှတ်ထားသော အချိန်ဇယား အတိုင်း DDR လုပ်ရန်လိုလားလျက်ရှိသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အချိန်ဇယားအတိုင်း DDR လုပ်ရန် တောင်းဆိုသော်လည်း တပ်မတော်အနေနှင့် နိုင်ငံရေးနယ်ပယ်မှ ဝါ လွှတ်တော်ဥပဒေပြုအာဏာနှင့် အစိုးရအုပ်ချုပ်ရေးအာဏာတွင် ပါဝင်နေခြင်းမှ မည်သို့ဆုတ်ခွာမည်ဆို သည်ကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပေ။

မျက်နှာချင်းဆိုင်၍ ပဋိပက္ခဖြစ်ပွားနေသော ဘက်နှစ်ဘက်အား တဘက်တည်းဆုတ်ခွါခိုင်းက ဖြစ်နိုင်ချေနည်းပါးမည်ဟု ယူဆပါသည်။ မိမိအမြင်ကတော့ "ပြိုင်တူဆုတ်လျင်ရနိုင်ပါသည်" ဟု၍သာ သုံးသပ်ရပါသည်။

● အခြားတိုင်းရင်းသားအင်အားစုများပြဿနာ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏သဘောထားများရယူနိုင်ရန် ဖိုရမ်များပြု လုပ်သွားရန်ပြင်ဆင် ထားပါသည်။ သို့ဖြစ်ရာ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်မှုနှင့်ပတ်သက်၍ အထူးအထွေပြဿနာကြီးကြီးမားမားမရှိဟု ဆိုနိုင်သော်လည်း ရွေးကောက်ပွဲတွင်အနိုင်မရသည့် နိုင်ငံရေးပါတီများ BGF နှင့် ပသစ ပြောင်းထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များပြဿနာကို အမျိုးသားအဆင့် ပြည်နယ်အလိုက်ဆွေးနွေးပွဲများတွင် ထည့်သွင်းရန် သင့်/မသင့် စဉ်း စားရန် လိုအပ်ပေမည်။

ပန်ဝါဒေသမှ ဦးဇခုန်တိန့်ယင်းဦးစီး BGF နှင့်ပသစတို့သည် ပန်ဝါဖီမော်ဒေသတွင်လည်းကောင်း၊ ဦးမထုနော်ဦးစီး ကောင်းခါးပသစတို့သည် ကောင်းခါးတဝိုက်တွင်လည်းကောင်း၊ ဦးထွန်းကျော် ဦးစီး BGF ပြောင်းထားသော ကလလတ နှင့် ဦးသန်းစိုးနိုင်ဦးစီး ပသစပြောင်းထားသော ကယန်းပြည်သစ်ပါတီတို့သည် ကယားပြည်နယ်အတွင်းဒေသအချို့တွင်လည်း ကောင်း စသဖြင့် ဒေသအလိုက် သြဇာသက်ရောက်မှုရှိကြသည့် တိုင်းရင်းသားအဖွဲများနှင့်ပတ်သက်၍လည်းကောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင်အနိုင်မရသည့် ပြည်နယ်အလိုက်ရှိနေသည့် တိုင်းရင်းသား တရားဝင်နိုင်ငံရေးပါတီများနှင့်ပတ် သက်၍၎င်း သူတို့၏ထူးခြားချက်အလိုက်ထည့်သွင်းရန် သင့်/မသင့်ကို စဉ်းစားသုံးသပ်ကြရန်လည်း လိုအပ်ပါသည်။

● ညီလာခံကျင်းပရေးစီမံမှု
ညီလာခံ တက်သုတ်ရိုက်လုပ်ရ၍ ကြိုဆိုဧည့်ခံရေး နေရာချထားရေးအပိုင်းများတွင် အားနည်းချက်များရှိသည်။ ထိုအားနည်း ချက်များနှင့်နှင့်ပတ်သက်၍ သည်းခံနိုင်သူများအတွက် ပြဿနာမရှိသော်လည်း သည်းမခံနိုင်သူများနှင့်တွေ့လျှင် မလိုလား အပ်သောပြဿနာပေါ်တတ်သည်ကို ယခုညီလာခံတွင် တွေ့ခဲ့ရပြီဖြစ်ရာ နောင်ညီလာခံများတွင် မပေါ့ဆဘဲ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းကြရန် လိုအပ်ပေသည်။

● ငြိမ်းချမ်းရေးနှင့် အစွန်း ၂ ဖက်
အစွန်းတဖက်ကတော့ ၂၁ ရာစုပင်လုံကို လှောင်ပြောင်သရော်နေကြခြင်းဖြစ်သည်။ လှောင်ပြောင်သူများက ပင်လုံကို "ပလုံ " ဟု ဆိုကြသည်။ ထိုသူတို့ငြိမ်းချမ်းရေးဖြစ်စဉ်ကို သရော်နေကြခြင်းဖြစ်သည်။ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်သည် အားလုံးတတ်အားသမျှ ဝိုင်းဝန်းကြရမည့်ကိစ္စဖြစ်သည်။ ၂၁ ရာစုပင်လုံကျင်းပရာတွင် ရှိနေသည့်အခက်အခဲများ အကြပ် အတည်းများကို မည်သို့ကျော်လွှားကြမည်ဆိုသည်ကို ဝိုင်းဝန်းကြဖို့လိုသည်။ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှောင် ပြောင်သရော်နေခြင်းသည် တိုင်းပြည်ကို လမ်းဆုံးသို့ တွန်းပို့နေသကဲ့သို့ဖြစ်သည်။

မိမိတို့အနေနှင့် ၂၁ ရာစုပင်လုံ ဝါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကိုမရွေးက ထိုလမ်းကြောင်း အား ဝိုင်းဝန်းအားဖြည့်မှုမလုပ်ပါက "အမြစ်ပြတ်ချေမှုန်းရေး" နှင့် "အပြုတ်တိုက်ရေး" လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက် ရှိပြီး စစ်ပွဲများကြားတွင် တိုင်းပြည်လည်း တိုးတက်နိုင်မည်မဟုတ်ပေ။

အစွန်းတဖက်ကတော့ သီရိလင်္ကာလို အပြုတ်တိုက်ပါဆိုနေကြသူများဖြစ်သည်။ ထိုသူများသည် အနှစ် ၇၀ နီးပါးကြာခဲ့ပြီဖြစ် သည့် အပြုတ်မတိုက်နိုင်ခဲ့သည့် တိုင်းပြည်အခြေအနေကို မှန်ကန်စွာ ထည့်သွင်းမတွက်ချက်နိုင်ကြဘဲ စိတ်ကူးယဉ်နေ ကြသူများ လက်တွေ့နှင့်ကင်းကွာနေသူများဟု ဆိုရပေမည်။ အနှစ် ၇၀ နီးပါးကြာမြင့်ပြီဖစ်သော ပြည်တွင်းစစ်ကြောင့် နလံ မထူနိုင်သည့် တိုင်းပြည်အခြေအနေကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

ပြင်းထန်သောပဋိပက္ခများအား စေ့စပ်ညှိနှိုင်းမှုများဖြေရှင်းနိုင်ခဲ့သည့် အတွေ့အကြုံများသည် တောင်အာဖရိကအပါ နိုင်ငံတကာတွင်လည်းရှိနေသည်ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း စေ့စပ်ညှိနှိုင်းမှုများ ကောင်းမွန်စွာပြုလုပ်နိုင်ပါက ရလဒ်ကောင်း များ ထွက်နိုင်သည့်အလားအလာရှိသည်ဟု သုံးသပ်ရပေသည်။

● အမျိုးသားရင်ကြားစေ့ရေးနှင့်အခြေခံရမည့်သဘောထား
လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နေသောဘက်အားလုံးမှာ အမြင်အယူဆ မတူကွဲပြား၍ လက်နက်ကိုင် ပဋိပက္ခအထိဖြစ်ပွားနေသော အဖွဲ့များဖြစ်သည်။ လက်ရှိ ၂၁ ရာစုပင်လုံတွင် ဆွေးနွေးညှိနှိုင်းကြရမည်မှာ ထိုမတူသော သဘောထားများကြား ကွာဟချက်ကြီးမားမှုကိုလျှော့ချရန်လိုပြီး တူညီသောဘုံသဘောတူညီချက်များရရှိအောင် ကြိုးပမ်း သွားကြ ရန်လိုအပ်ပေသည်။

ထိုသို့သောအခြေအနေအောက်တွင် မတူသောအမြင်များကို အချက်အလက်အကျိုးအကြောင်းပြည့်စုံစွာဖြင့် တင်ပြဆွေး နွေးကြရန် လိုအပ်ပေသည်။ ထို့ပြင် သဘောထားကို တဖက်က လေးစားစွာနားထောင်ပြီး မတူသည့်အမြင်များကို အကျိုး အကြောင်းအချက်အလက်ပြည့်စုံစွာဖြင့် ပြန်လည်ဆွေးနွေးကြရန် လိုအပ်ပေသည်။

ထိုသို့မဟုတ်ဘဲ မိမိနှင့်အမြင်မတူသည်နှင့် ထိုးနှက် ပုတ်ခတ်တိုက်ခိုက်ကြခြင်းများကို ရှောင်ရှားကြရန်လိုသည်။ ၂၁ ရာစု ပင်လုံညီလာခံတင်သာမက လက်တွေ့လုပ်ဆောင်နေသည့်ခြေလှမ်းတိုင်း လုပ်ဆောင်မှုတိုင်းတွင် မတူသောအမြင်များကို ပုတ်ခတ် ထိုးနှက်တိုက်ခိုက်မှုများကို ရှောင်ရှားကြရန်လိုအပ်သည်။ မတူသောအမြင်များကို အကျိုးအကြောင်းသင့် အချက် အလက် ခိုင်ခိုင်လုံလုံနှင့် ပြန်လည်ဆွေးနွေးခြင်းဖြင့်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့သို့မဟုတ်ဘဲ လူပုဂ္ဂိုလ်အရ ထိုးနှက်တိုက်ခိုက်ခြင်းအပါ တဖက်၏အယူအဆအမြင်ကို ပုတ်ခတ်တိုက်ခိုက်ခြင်းများသည် အမျိုးသားရင်ကြားစေ့ရေးမှ လွဲချော်နေသည်ဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)