သစ်စိုး ● လှိုင်းနှင့်လူ

သစ်စိုး ● လှိုင်းနှင့်လူ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

လွန်ခဲ့သော ၁၉၅၀ ခုနှစ်နှောင်းပိုင်းနှစ်များက ကျွန်တော့်ငယ်ဘ၀ဖြတ်သန်းခဲ့သည့် “သက္ကယ်သောင်” ဟု ခေါ်သော၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်းရှိ ပင်လယ်ကမ်းခြေရွာ ကလေးတရွာကို တခါတခါ ပြန်လည်တ,သ သတိရနေမိသည်။

အုန်းပင်တွေမားမားမတ်မတ်။ သက်တမ်းလွန်မန်ကျည်းပင်အိုများ။ ကျွန်တော်ပညာ ဆည်း ပူးရာမူလတန်းကျောင်းရှေ့မှာ ထည်းထည်းကြီးရပ်နေသည့် အရိုးပြိုင်ပြိုင်း လက်ပံပင်တပင်။ ပင် လယ်ငါးနံ့ ညှီစို့စို့။ ငါးပိနှင့်ငံပြာရည် ပုပ်အဲ့အဲ့အနံ့များ။ အထူးသဖြင့် ပင်လယ်လေထန်သောအချိန် များမှာကြားရလေ့ရှိသော ပင်လယ်ဟီသံ။ ညဘက်လူခြေတိတ်ချိန်တိုင်း ပင်လယ်လှိုင်းတ၀ုန်းဝုန်း ရိုက်ပုတ်သံများမှာ သက္ကယ်သောင်ရွာသား ကလေးငယ်များအဖို့ မရိုးမအီနိုင်စရာ သားချော့တေး များ..။

အမှတ်အရဆုံးကတော့ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တိုင်း တရွာလုံး တက်တက်ကြွကြွဆင်နွှဲ လေ့ရှိသည့် ၀ါဆိုလှိုင်းခုန်ပွ။ဲ သဲသောင်ပြင်ပေါ်မှာ ရွာကသက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး ချို့ ယွင်းသူများမှလွဲ၍ ကလေး၊ လူငယ်လူရွယ်၊ လူလတ်အားလုံး ပါဝင်ဆင်နွှဲလေ့ရှိသော ပျော်ပွဲရွှင်ပွဲ။ တကယ်တော့ လှိုင်းခုန်သည် ဆိုသည်မှာ လူများက ရင်စို့အနက်ရေထဲ၌ မတ်တတ်ရပ်နေကြပြီး အိမ်လုံးအလတ်စားအရွယ်လောက်ရှိသောလှိုင်းလုံးကြီးများ ကမ်းခြေသို့ပြေးအရိုက်မှာ ကိုယ်ကို ဖော့၍ ထခုန်ပေးလိုက်ရုံမျှသာ။ ရေကူးတတ်စရာပင် မလိုပါ။ လှိုင်းအဆောင့်မှာ သဲသောင်ပြင်ပေါ် သို့ အထိမ်းအကွပ်မဲ့ လွင့်ပါသွားကြသည်။ ထမီလန်၊ ပုဆိုးလန်ဖြင့်။ အဲသည်ကိုပင် အုတ်အုတ် ကျက်ကျက် ရယ်မောလျက် ပျော်ပွဲဖွဲ့ကြ။ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ခန့်က ကျွန်တော့်ငယ်ဘ၀ ရယ်မောသံများ။

အမှန်မှာ လှိုင်းဆိုသည်မှာ စွမ်းအင်တစုံတရာလှုံ့ဆော်မှုကြောင့် ဟင်းလင်းပြင်နှင့်အချိန်တို့ ကိုဖြတ်၍ မူလအနေအထား ပျက်ယွင်းစေသောစေ့ဆော်မှုတရပ် ရွေ့လျားသွားခြင်းမျှသာ။ မက္ကင်း နစ် စွမ်းအင်ပြည့်လှိုင်းများနှင့် မက္ကင်းနစ်စွမ်းအင်မဲ့ လှိုင်းများ။

တချို့လှိုင်းများအတွက် ရွေ့လျားသွားလာရန် ကြားခံနယ်လိုသည်။ တချို့မှာ ကြားခံနယ် မည်မည်ရရမလိုပါ။ ရေလှိုင်း၊ အသံလှိုင်း၊ မြင်ရသောအလင်းလှိုင်း၊ ခရမ်းလွန်ရောင်ခြည်လှိုင်း၊ အနီ အောက်ရောင်ခြည်လှိုင်း၊ ဂမ္မာရောင်ခြည်လှိုင်း၊ အိတ်ခ်စ်ရောင်ခြည်လှိုင်းနှင့် ရေဒီယိုလှိုင်း၊ ရုပ်သံ လှိုင်းများ။

အနာဂတ္တိဆရာ တော့ဖလာက လူ့အဖွဲ့အစည်းအား အဆင့်ဆင့်ရိုက်ခတ်သော လှိုင်းများ ဖြင့် လူ့သမိုင်းဖွံဖြိုးတိုးတက်မှုကို လှလှပပသရုပ်ခွဲဖော်ပြထားသည်ကိုလည်း ဖတ်ရခဲ့ဖူး၏။ ထိုလှိုင်း တခုစီသည် လူ့အဖွဲ့အစည်းအဟောင်းနှင့် ယဉ်ကျေး မှုအဟောင်း များအား ဘေးသို့ကပ်ရှဲသွား အောင် စွမ်းဆောင်ရည်မြင့်မားလှသည်ဟုဆို၏။ အမဲသားငါးနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး သစ်ဖုတို့ပစ်ခတ်ရှာဖွေစားသုံးကြသော မုဆိုးနှင့်ကျပန်းရှာဖွေသူတို့အဖြစ်မှ ကိုယ်ပိုင်မြေယာပေါ်၌ မွေး မြူစိုက် ပျိုးသူများအဖြစ် ဖြစ်ထွန်းလာခဲ့ရသော ပထမလှိုင်း။ ၁၆၀၀ခုနှစ် နှောင်းပိုင်းကာလမှ ၁၉၀၀ ခုနှစ် အလယ်ပိုင်းကာလများအထိ ကြာမြင့်ခဲ့သော စက်မှုတော်လှန်ရေးအတွင်း ဖြစ်ထွန်းခဲ့သည့် ဒုတိယလှိုင်း။ ဒုတိယလှိုင်း လူ့အဖွဲ့အစည်းတွင် သံယောဇဉ်ခိုင်မြဲသော မိသားစု၊ လက်ငင်းအသုံးချပညာရေးစနစ်နှင့် ကော်ပိုရိတ်လုပ်ငန်းကြီးများ ပေါ်ထွန်းလာခဲ့သည်ဟု ဆို၏။

စက်မှုလွန်လူ့အဖွဲ့အစည်းသည် တော့ဖလာ၏တတိယလှိုင်း ဖြစ်ပေသည်။ ၁၉၅၀ ခုနှစ် နှောင်းပိုင်း ကာလများမှစ၍ နိုင်ငံအများအပြားတို့သည် ဒုတိယလှိုင်းလူ့အဖွဲ့အစည်းမှဖယ်ခွာ၍ တတိယလှိုင်း လူ့အဖွဲ့အစည်းသို့ ကူးပြောင်းရောက်ရှိ သွားကြ၏။ ၎င်းလှိုင်းအတွက် အမည်နာမ သတ်မှတ်ချက်မှာ လည်း အမျိုမျိုးအဖုံဖုံ။ သတင်းခေတ်။ အာကာသခေတ်။ အလက်ထရွန်းနစ် ကာလ။ ကမ္ဘာ့ရွာ။ တက်ခ်နိုထရွန်းနစ်ခေတ်။

သိပ္ပံနှင့်နည်းပညာတော်လှန်ရေးခေတ်။ “လှိုင်းကြောင့်ဖြစ်သော အပြောင်းအလဲမှာ တသမတ် အဖြောင့်အတိုင်း မဟုတ်လှပါ။ နောက်သို့၊ ရှေ့သို့နှင့် ဘေးတိုက် ကြိုက်သလိုဖြစ်နိုင်သည်။”ဟု တော်ဖလာက မြွက်ဆိုခဲ့ဖူးသည်။

လူ့သမိုင်းအရွေ့မှာ တတိယလှိုင်းလောက်ဖြင့် နိဋ္ဌိတံလောက်ပြီဟု မယူဆသော ပညာရှင်များ လည်း ရှိနေကြသေး၏။ ၁၉၉၃ ခုနှစ်က Herman Bryant Maynard နှင့် Susan E. Mehrtens တို့ ရေးသားပြုစုသော “စတုတ္ထလှိုင်း၊ ၂၁ ရာစု ဘိဇနက်လုပ်ငန်း” သည် ကမ္ဘာ့စာအုပ်ဈေးကွက်မှာ အရောင်းတွင်ကျယ်ခဲ့သည်။ ၂၁ရာစုအတွင်း ပေါ်ထွန်းလာမည့်စီးပွားရေး ဆိုင်ရာ ကမ္ဘာ့ဆက်နွယ်မှု(eco-globalism) အကြောင်း။

လှိုင်းများ၊ ဆန့်ကျင်လှိုင်းများ၊ ဘေးတိုက်လှိုင်းများနှင့် စုန်လှိုင်း၊ ဆန်လှိုင်းများ။ လှိုင်းထိပ်ရောက် သွားသူများရှိသကဲ့သို့ လှိုင်းများအောက် ရောက်သွားသူများလည်း ရှိနေပြန်သေးသည်။ ကျွန်တော်သည် လှိုင်းနှင့်လူတို့၏အဆက်အစပ်ကို တွေးမောကြည့်နေမိသည်။ လှိုင်းစီးကြသောနိုင်ငံများ၊ လူမျိုးများနှင့်တစ်ဦးချင်း ပုဂ္ဂလိက ဘ၀အထွေထွေများ။ ဒုတိယကမ္ဘာ စစ်ဗုံးသံ၊ သေနတ်သံများစဲသွား ကြသောအခါ ကိုလိုနီနိုင်ငံများ၏ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများ အပြိုင်းအရိုင်း ပေါ်ထွက် လာကြသည်။ ထိုမှ လှိုင်းစုန်စီးနိုင်ကြသော နိုင်ငံများ၏ တနိုင်ငံပြီးတနိုင်ငံ လွတ်လပ်ရေးကြေညာ စာတမ်းများ။ ကျွန်တော်တို့နိုင်ငံက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာ ထိုလှိုင်းစုန်ကို အောင်အောင်မြင်မြင် စီးနိုင်သူတဦးအဖြစ် သမိုင်းပညာရှင်အများစုက မော်ကွန်းကမ္ပည်းတင်ထား ခဲ့ကြ၏။

ဗိုလ်ချုပ်လှိုင်းစီးခဲ့သည်မှာ သူ့အတ္တနောမနိ ကိုယ်ကျိုးသက်သက်လောက်မျှ မဟုတ်ပါ။ ကျွန် သဘောက်ဘ၀ဖြင့် အောက်ကျနောက်ကျဖိနှိပ်ခံနေကြရသော မြန်မာတမျိုးသားလုံး ကိုလိုနီ တံပိုး အောက်မှ လွတ်မြောက်နိုင်ရေးအတွက်သာ။ အများပြည်သူတို့၏အကျိုးစီးပွားအတွက် ဗိုလ်ချုပ်စီး နင်းခဲ့သောလှိုင်းများ။ ဗိုလ်ချုပ်၏သဘောသဘာဝနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် လှိုင်းစီးခဲ့သူတယောက် မြန်မာ့သမိုင်း၌ပေါ်ထွန်းခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်မှာ အများသိကြသည့် အတိုင်းဂဠုန် ဦးစောပင် ဖြစ်လေသည်။ ဂဠုန်ဦးစောသည် ဂဠုန်ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား အရေး တော်ပုံမပေါ် ပေါက်မီအချိန်အထိ တောမြို့တမြို့ကမထင်မရှား သာမန်ရှေ့နေတယောက်မျှသာ။ တောင်သူလယ်သမားများ၏ နယ်ချဲ့တော်လှန်ရေးလှိုင်းကိုစီးယောင်ပြကာ ပုဂ္ဂိုလ်ရေးအရှိန်အ၀ါကို အောင်အောင်မြင်မြင် ထူထောင်နိုင်သူလည်း ဖြစ်ခဲ့သည်။ ပင်ကိုယ်အရည်အချင်းနှင့် မဟပ်စပ်နိုင် လောက်သည့်ရာထူးဂုဏ်သိန်ပင် ရယူပိုင်ဆိုင်စွမ်းနိုင်လောက်သော လှိုင်းအစီး ကောင်းသူ တယောက်အဖြစ် ထင်ရှားခဲ့သူ ဖြစ်ပေသည်။ သို့သော် မြန်မာပြည်လွတ်လပ်ရေး ရယူခါနီး ကာလမှာ တမျိုးသားလုံးနှင့်ဆန့်ကျင်ဘက်လှိုင်းစီးမိကာ အမျိုးသားသစ္စာဖောက်တဦးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ရလေသည်။ သူ့မိသားစုများနှင့် ဆွေမျိုးသားချင်းတွေပါ အရှက်ရ ညှိုးမှိန်စေ လောက်အောင် လှိုင်းအစီးမှားခဲ့လေသူတဦး။

တကယ်တော့ လှိုင်းဆိုသည်မှာ အခွင့်အရေး သို့မဟုတ် အခွင့်အလမ်းတရပ်မျှသာ။ ကိုယ့်အကျိုး သက်သက်၊ ကိုယ့်တကိုယ်ကောင်း စိတ်ထားသက်သက်ဖြင့် လှိုင်းစီးရန် ချောင်းမြောင်းနေသူများ လည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာအနမတဂ္ဂ။ ထို့ထက်ပိုဆိုးသည်ကတော့ အများပြည်သူအကျိုး စီးပွားပျက်ယွင်းချိန်မှာ မိမိအကျိုးစီးပွားတခုတည်း ဖြစ်ထွန်းစေနိုင်သည့်လှိုင်းအလာကို မျှော်လင့် စောင့်စားနေကြသူများ။ “ဒီတခါ ဆူနာမီလိုရေလှိုင်းမျိုးနဲ့ ကြုံရင်…။ ဒီတခါ နာဂစ်လိုမုန်တိုင်းမျိုးနဲ့ ကြုံရင်..။ ဒီတခါ ပြည်အနာမှာ ငွေရှာခွင့်မျိုးနဲ့ကြုံရင်..။” ဟူသော ဆိုးယုတ်သည့်စိတ်မနောဖြင့် လှိုင်းမျှော်နေကြသူများ။

ကျွန်တော်ငယ်ငယ်က လှိုင်းခုန်ခဲ့သောအတွေ့အကြုံကို မှတ်မိနေသည်။ လှိုင်းလုံးများ သဲသောင် ပြင်ဆီသို့ အဟုန်ပြင်းပြင်းဖြင့် ပြေးဝင်လာကြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစုတို့ အချင်းချင်း လက်တွဲထားကြသည်။ လှိုင်းတက်လာတိုင်း ကိုယ်ကိုဖော့ထားကြရန် တဦးကိုတဦး အော်ဟစ် သတိပေးနေကြ၏။ အသက်ကိုဝ,အောင် ရှူသွင်းထားကြသည်။ ဆားငံရည်များ ၀င်မလာနိုင်စေရန် ပါးစပ်များအား တင်းတင်းစေ့ထားကြသည်။ မြင့်တက်လာသောလှိုင်းနှင့်အတူ အလိုက်သင့်ခုန်နိုင် ရန် ပြင်ဆင်ထားကြသည်။

ခါးဝတ်ပုဆိုးများကိုလည်း ကျွတ်မသွားစေရန် မြဲမြဲမြံမြံစည်းနှောင်ထားကြလျက်။ ဒါမှ သူတပါး လှောင်ပြောင်ရယ်မော မခံကြရမှာ။

တယောက်လဲကျလျှင် ၀ိုင်းဝန်းထူမတ်ပေးရန် ကျွန်တော်တို့အားလုံး အဆင်သင့်။ ကျွန်တော်တို့ သူငယ်ချင်းတစု၏ ရယ်မောသံလွင်လွင်များ။

ဟော၊ ရှေ့မှာ အဟုန်ပြင်းပြင်းဖြင့် တိုးဝင်လာသော လှိုင်းမြင့်မြင့်တလုံး…။

သစ်စိုး