ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ

 
ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆

အလျင်စလို မောင်းနှင်နေသည့် ကားလေးတစီးထဲကနေ ငိုသံတွေ ကွန်ကရစ်လမ်းမထက်မှာ ဖိတ်ကျနေခဲ့သည်။ လောက ကြီးကို မနှစ်မြို့သူတဦး၏ အသက်ရှူသံ ခပ်ညှင်းညှင်းများလည်း နွေဦးအစ သစ်ရွက်ဝါတွေ တရွက်ချင်းလွင့်ကျသလို ကျ ကျန်ခဲ့သည်။ ကားလေးကတော့ အလိုတော်ကျ အလျင်စလို ပြေးလွှားနေဆဲ။ တစ်နာရီလောက် ပြေးလွှားပြီးချိန်တွင် လေး ထပ်မျှရှိသော အဆောက်အဦးတခုရှေ့တွင် ရိုကျိုးစွာဖြင့် ကားလေးရပ်တန့်သွားသည်။

အဖြူရောင်အင်္ကျီနှင့် အနီရောင်လုံချည်ဝတ်ဆင်ထားသော မိန်းကလေးများညွှန်ခေါ်ရာသို့ ကျွန်မကို သယ်ဆောင်လာကြ သည်။ ထိုယူနီဖောင်းကိုမြင်သည်နှင့် ဆေးရုံဆေးခန်းတခုဆိုသည်ကို သိလိုက်သည်။ တသက်တကိုယ်မှာ ယခုတစ်ကြိမ်သာ ဤကဲ့သို့သောဆေးရုံနှင့် ထိတွေ့ဖူးပါသည်။ ဆေးရုံ ဆေးခန်းများဟူသည် ဒုက္ခများစုဝေးရာဟု ထင်မှတ်ထားသောကြောင့် တကြိမ်တခါမှ အရေးတယူမဆက်ဆံဖူးခဲ့။ မျက်နှာစိမ်းဖြစ်နေသော ဆေးရုံကြီးကို ဝေဒနာကြားမှ မျက်မုန်းကျိုးသည့် အကြည့်တွေက လူးလဲပြေး ထွက်သွားသည်။ ဆေးရုံကြီးကတော့ ကျွန်မအကြည့်များကို အရေးပင်မလုပ်။

မမြင်ချင်ယောင်ဆောင်နေသေးသည်မို့ မုန်းစရာကောင်းလိုက်တာဟု စိတ်ထဲက တီးတိုးဆိုလိုက်မိသည်။

အလျှိုလျှိုအကန့်ကန့် ၀င်ထွက်နေကြသည့် လူနာများ၊ ဆရာဝန် ဆရာမများ စကားသံများ၊ ညည်း ညူသံများသည် ကျွန်မ စိတ်ကိုခတ်ထားသည့် စည်းများနှယ်။ ထိုအရာများသည် စိတ်ကို မွှန်းကြပ်စေသည်။ မျက်လုံးတစုံကို မူးနောက်စေ သည်။ ထို့ကြောင့် ဆေးရုံ၊ဆေးခန်းဟူသည်မှာ လူကိုပင်ပန်းစေသည့်နှိပ် စက်ခြင်းလက်နက်တမျိုးဟု ထင်မြင်မိခဲ့ပါသည်။ ဆေးရုံ နှင့် နာရီပိုင်းမျှသာ ထိတွေ့ခံစားရသော အချိန်တွင် ထိုမျှသာ ဝေါဟာရဖွင့်လိုက်မိသည်။

အလှည့်ကျစာရင်းဖြင့် လူနာများတဦးပြီးတဦး ပြသကြရသည်။ ပြီးလျှင် ဆေးမှတ်တမ်းနှင့် ဆေးအချို့ယူဆောင်ကာ ပြန်သူကပြန်သွားကြသည်။ လှေကားထစ်များကို ကျော်ဖြတ်၍ နံပါတ်အသီးသီးနှင့်အခန်းများဆီသို့ သွားသူကသွားကြသည်။ ကျွန်မအမည်ခေါ်သံကြားရသောအခါ ဆရာဝန်ကြီးရှိရာ ဆေးစစ်ခန်းအတွင်းသို့ ရောက်လာခဲ့ သည်။ ရောဂါဖြစ်စဉ်နှင့် ခံစားရမှုများကိုဆရာကြီးက စေ့စပ်စွာမေးမြန်းသည်။ ဖြစ်စဉ်ကိုသိရသောအခါ ဆရာဝန်ကြီးနှင့်အတူ ဆရာ၊ ဆရာမလေး များက အံ့သြနေခဲ့ကြသည်။ ပြီးလျှင် ပြုံးရွှင်ကာဖြင့် ရွှေရင်အေးတရားဟောသေးသည်။ ဝေဒနာကြားမှ ကျွန်မသည်လည်း ပြုံးမိခဲ့ပါသည်။ ခဏသာအတွင်းမှာ ကျွန်မဖွင့်လိုက်သည့် ဝေါဟာရသည် အထင်နှင့် အမြင် သက်သက်စင်အောင် လွဲမှား နေမလားဟု ဇဝေဇ၀ါလည်းဖြစ်လိုက်မိတော့သည်။

လှေကားထစ်များကိုကျော်ဖြတ်ကာ အခန်းနံပါတ်တခုပါသည့် အခန်းတွင်းသို့ ဆရာမများက ပို့ဆောင်ပေးသည်။ အချိန်ပြည့် လင်းနေသော မီးချောင်းရှည်ကြီးကြောင့် အချိန်ကိုပင်မမှန်းဆနိုင်။ ခေါင်းရင်းဘက်ပြတင်း တံခါးကို ဖွင့်ကြည့်လိုက်သောအခါ အမှောင်များ ပိတ်သည်းနေသည်ကိုတွေ့ရသည်။

ထိုအမှောင်စများကြားမှ မီးလုံးများလင်းထိန်နေသည်ကိုလည်း တွေ့ရသည်။ အရပ်ရှည်လှသော နာရီစင်ကြီးက ဟိုတစဒီတစ လင်းနေသောမီးလုံးများကြားမှ ထီးထီးမားမားရပ်နေသည်ကိုမြင်ရသည်။ ကားများ ဆိုင်ကယ်များ အဆက်မပြတ်သွား လာနေဆဲ။

တစ်နာရီခြားတခါလို အလှည့်ကျဆရာ ဆရာမများ လာ၍စစ်ဆေးသည်။ လက်ထောက်ဆရာမလေးများကလည်း သူ့အချိန် နှင့်သူ သွေးပေါင် ချိန်ခြင်း၊ အဖျားရှိမရှိ စစ်ဆေးခြင်းများ ကို ပြုလုပ်ကြသည်။ ဆရာဝန် ဆရာဝန်မလေးများမှအစ သမား တော်ကြီးအဆုံး အားလုံးက ကြင်နာသောစကားကိုသာဆိုသည်။ ရခဲလှသည့်လူ့ဘ၀ကို တန်ဖိုးထားရမည်ဟု ဆရာကြီးက ပြောပြသေးသည်။ ထိုကဲ့သို့ ဆရာကြီးနှင့်တကွ ဆရာ ဆရာမများ၏ ကြင်နာသော အမူအယာနှင့် ကောင်းသောအမှုကိုသာ လမ်းညွှန်ပြောပြလေရာ ကိုယ့်အသက်ကို ကိုယ်တိုင်လုပ်ကြံမိပြီး ကိုယ့်ဘ၀ကို တန်ဖိုးမထားမိသောကြောင့် ကျွန်မရှက်မိပါ သည်။ ဒုက္ခ သုခ အလှည့် ကျရောက်လာမည်ဟု အကောင်းမြင်ဝါဒများဖြင့် ကိုယ့်ဘ၀ကို မဖြန့်ကျက်နိုင်သောကြောင့်လည်း လောကကြီးကို ကျွန်မအားနာမိပါသေးသည်။

ပြတင်းတံခါးကနေမြင်နေရသည့် မြို့လမ်းမကြီးလည်း တဖြည်းဖြည်း အထီးကျန်သွားသည်။ တ၀ူးဝူးတဝေါဝေါ မောင်းနှင်နေ သည့် ကားများ၊ဆိုင်ကယ်များလည်း တစတစ ကွယ်ပျောက်သွားပြီ။ နယ်မြို့ကလေးလည်း နှစ်ခြိုက်စွာအိပ်စက်လိုဦးမပေါ့။ နက်သထက်နက်လာသည့် ညထဲမှာ ဆေးရုံကြီး လည်း တိတ်တိတ်လေးမှေးစက်နေပြီထင်။ တခါတခါ ဟိုဘက်အခန်းမှ ဦးလေးကြီးတယောက်၏ချောင်းဆိုး သံများက အိပ်စက်နေသူများအား နိုးထစေသည်။ ကျွန်မဘေးနားမှ လူနာစောင့်နှစ် ယောက်သည်လည်း အိပ်ပျော်ကျူး၍ နေလေပြီ။ အတွေးများစွာဖြင့် ဆေးရုံကြီးအကြောင်းကို လွန်းထိုးနေမိသည်။

ဆေးရုံ၊ဆေးခန်းဟူသည် ဒုက္ခများစုဝေးရာဟုထင်မြင်ခဲ့ပြီး စိတ်ကိုပင်ပန်းစေသော နှိပ်စက်သည့် လက်နက်တမျိုးဟု မှတ်ယူခဲ့ဖူးသည်။ ထိုအတွေးအမြင်များသည် မည်သို့မျှ မှန်ကန်လိမ့်မည်မဟုတ်ပေ။ ယခုအခါ ကျွန်မအမြင်တွင် ဆေးရုံဆေး ခန်းဟူသည် သုခများ မွေးဖွားရာသာ ဖြစ်သည်။

နာကျင်ခံစားရသော ဝေဒနာသည်များအား မေတ္တာအားစိုက်၍ ဒုက္ခမှ သုခသို့ ပြောင်းလဲစေနိုင်သည်။ ယခုပင် ကိုယ့်ဘ၀ကို တန်ဖိုးမထားမိသော ကျွန်မအား တန်ဖိုးထား တတ်စေရန် ညွှန်ပြပေးသည်။ ဒုက္ခ သုခ ရောသမမွှေနေသော လောကဓံကို အကောင်းမြင်ဝါဒဖြင့် ချစ်တတ်စေခဲ့သည်။ ထိုကြောင့် ဆရာဝန်၊ဆရာဝန်များမသည် ရောဂါကိုသာ ကုသပေးသည် မဟုတ်။ စိတ်တွင်ဖြစ်ပွားနေသည့် ဒဏ်ရာအနာတရများကိုလည်း ဖယ်ရှားပေးနိုင် စွမ်းရှိကြသည်။

ဆေးရုံရောက်စ မနက်ခင်းတွင် အလိုမကျမှုများဖြင့် မုန်းတီးစွာကြည့်မိသော်လည်း ယခုအခါ ဆေးရုံကြီးနှင့် တကွ လောက ကြီးကိုပင် ကျွန်မချစ်တတ်ခဲ့ပြီ။ စိတ်ကိုမွှန်းကြပ်စေသည်ဟု ထင်ခဲ့မိသော်လည်း ယခုအခါ ကျွန်မကိုယ်ခန္ဓာမှ ဝေဒနာကို သာမက စိတ်အနာတရမျကိုပါ ကုသပေးနိုင် သည့် ဆေးရုံပင်။ ဆရာဝန် ဆရာဝန်မများသည် သေမင်းနှင့် နေ့စဉ်စစ်ခင်းနေပြီး အသက်ပေါင်း များစွာကို ကယ်တင်နေသည့် မဟာသူရဲကောင်းများဟုပင် ကျွန်မဆိုလိုချင်ပါတော့သည်။

ခင်ဇော်မိုး