ဆောင်းယွန်းလ ● အက်ကြောင်း

 
ဆောင်းယွန်းလ ● အက်ကြောင်း
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆

ကြောင်တကောင်
သူ့နှုတ်ခမ်းမွှေးးနဲ့ တိုင်းထွာရင်း
အက်ကြောင်းထဲကို ပြေးဆင်းသွားတယ်။

အက်ကြောင်းအပြင်ဘက်က စောင့်ကြည့်နေတဲ့လူဟာ
အက်ကြောင်းထဲ ဆင်းပြေးသွားတဲ့ ကြောင်ကို
နောက်တခါ ထပ်မတွေ့ရတော့ဘူး။

မက်နေတဲ့ အိပ်မက်တွေက
အက်ကြောင်းထပ်လွန်းလှတယ်
အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေက
အက်ကြောင်းထပ်လွန်းလှတယ်
ပြောနေတဲ့ စကားတွေနဲ့ ရေးနေတဲ့ အကြောင်းတွေက
အက်ကြောင်းထပ်နေလွန်းလှတယ်။

အက်ကြောင်းမထပ်သေးတာ တခုက
အက်နေတဲ့ အက်ကြောင်းကြီးကို ဖျက်ပြီး
ကမ္ဘာသစ်ဆောက်နေတဲ့ လက်ချောင်းတွေ အကြောင်းပဲ။

ဆောင်းယွန်းလ (စက်တင်ဘာ ၁ရက်၊ ၂၀၁၆)