နီဇူလိုင် - "အစိမ်းရောင်ပါး စန္ဒယားတီးခြင်း"


နီဇူလိုင် - "အစိမ်းရောင်ပါး စန္ဒယားတီးခြင်း"
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

ပန်းချီကားထဲမှာ
အနီရောင်က ဆုံးဖြတ်လိုက်တယ်..။

အစိမ်းရောင်တွေဟာ.
နယ်ချဲ့လွန်းတယ်
နေရာတကာ
အစိမ်းရောင်တွေနဲ့ပဲ
မဲမဲလှုပ်နေတယ်..
တခြားအရောင်တွေကို
ဒုက္ခပေးလွန်းတယ်..။
အနိုင်ကျင့်လွန်းတယ်..။

ဒီတော့.
အစိမ်းရောင်တွေ.
သူ့နေရာသူ ပြန်သွားဖို့
အစိမ်းရောင်တွေ
အစိမ်းရောင်စစ်စစ်ပြန်ဖြစ်ဖို့
အစိမ်းရောင်တွေ လိမ္မာယဉ်ပါးသွားဖို့
စန္ဒယားတီးပြရမယ်..။

ဒါနဲ့
အနီရောင်ဟာ
စန္ဒယားတီးရင်း
တီးရင်း...
တီးရင်း...
သူကိုယ်တိုင်တောင်
အစိမ်းရောင်ဖြစ်သွားရှာတယ်..။

အော်...
အနီရောင်ဟာ
အစိမ်းရောင်ပါး..စန္ဒယားတီးပြမိတာကိုး..။

၂၄.၁၀.၁၆