သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့ ၊ ခရီးသွားဆောင်းပါး (အပိုင်း ၃)



သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့ ၊ ခရီးသွားဆောင်းပါး (အပိုင်း ၃)
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၆

May 30 – June 1, 2016 Florida
မေလ (၃၀) ရက်နေ့မှာ

ဒုံးပျံတွေ ဂြိုဟ်တုတွေ လွန်းပျံယာဉ်တွေ အာကာသကိုလွှတ်တင်တဲ့ Kennedy Space Center (ကနေဒီ စပေ့စင်တာ) NASA အာကာသစခန်းကို သွားလေ့လာခဲ့ကြတယ်။ ကျောင်းကနေ အဲဒီကို (၁၅၂) မိုင်ဝေးတယ်။ ကားမောင်းချိန်ကတော့ (၂ နာရီ ၂၄ မိနစ်) ကြာတယ်ပေါ့။ အကွာအဝေးနဲ့ ကားမောင်းချိန်တွေထည့်ပေးထား တာက ကိုယ့်မှာရှိတဲ့အချိန်နဲ့ အသွားအပြန် ချိန်ဆနိုင်အောင်ပါ။

နာဆာအကြောင်းကိုမပြောခင် နာဆာကိုသွားရင်း လမ်းမှာရပ်နားတွေ့မြင်ခဲ့ရတဲ့ Rest Area ကားရပ်နားစခန်း လေးများအကြောင်းကို ပြောပြချင်ပါတယ်။



Restroom ဆိုတာ အမေရိကမှာတော့ အိမ်သာကိုခေါ်တာပါ။ Rest Area ဆိုတာကတော့ အိမ်သာတွေရှိတဲ့ ကားရပ်နားစခန်းပေါ့။ ဒီမှာက မြန်မာပြည်မှာလို “အပေါ့သွားချင်လို့ အလေး သွားချင်လို့ ကားခနရပ်ပေးစမ်းပါ” ဆိုပြီး အဝေးပြေးလမ်းပေါ် ရပ်ချင်တိုင်းရပ် သွားချင်တိုင်း သွားလို့မရပါဘူး။ အားလုံးရဲ့မေးငေါ့ခြင်းခံရမှာ ဖြစ်သလို ရဲကတွေ့ရင်လည်း အဖမ်းခံရနိုင်ပါတယ်။ အဲဒီလို မဖြစ်မနေ အန္တရာယ်ကိုလွယ်မထားရအောင်လည်း Rest Area ဆိုတဲ့ ကားရပ်နားစခန်းလေးတွေကို (မိုင် ၅၀ နဲ့ ၁၀၀ ကြားမှာ) ပြုလုပ်ပေးထားလေ့ရှိပါတယ်။ မြန်မာပြည်လိုပြောရရင်တော့ သန့်စင်ခန်းပေါ့။



မြန်မာပြည်မှာလည်းရှိပါတယ် အဝေးပြေးလမ်းပေါ် ဘုရားကြီးလမ်းခွဲနားမှာလုပ်ထားတယ်။ “ရှေ့ကိုက် ၁၀၀ တွင် သန့်စင်ခန်းရှိသည်” ဆိုတဲ့ဆိုင်းဘုတ်လေးနဲ့ ကားလမ်းဘေးမှာကပ်ပြီးလုပ်ထားတာ။ ခယိုခရိုင်ဈေးဆိုင် တွေ၊ ကိုးရိုးကားရားရပ်ထားတဲ့ကားတွေ၊ အဆင်းအတက်ခရီးသည်တွေနဲ့ လမ်းမပေါ်အရှိန်မလျှော့ဘဲ မောင်း လာတဲ့ကားတွေဟာ ဘယ်လိုမှအန္တရာယ်မကင်းနိုင်ဘူး။

ယင်တလောင်းလောင်းနဲ့ ဗွက်ပုပ်မြောင်းဘေး ဈေးရောင်းနေတဲ့မြင်ကွင်းက နိုင်ငံခြားသားဧည့်သည် တွေရှေ့မှာ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို အတင်းဆွဲချနေသလိုပါပဲ။ “သန့်စင်ခန်း” လို့ဆိုတဲ့ အိမ်သာကိုလည်း သွားကြည့်လိုက်ပါ၊ အနားမရောက်သေးဘူး အနံ့ကဆီးကြိုနေပြီ။ ပြန့်ကြဲပေကျံနေတဲ့ ကွမ်းတံတွေးတွေ ချွဲ သလိပ်တွေ ဆေးလိပ်တို စက္ကူစ အမှိုက်ဗလပွတွေကို သိုင်းကွက်နင်းဝင်သွားပြီးမှ ဂျက်ပြုတ်နေတဲ့ တံခါးကို ဆွဲမိမယ်။ မစင်တွေပေကျံနေတဲ့ ကမုတ်မှာ အသက်အောင့်အပေါ့သွားပြီး ရေဆွဲချကြည့်တော့ ဂလောက် ဂလက်သာမြည်သွားတယ် ဘာမှကျမလာဘူး။ မူးနောက်ချွေးပြန်ပြီး ပြန်ထွက်လာတော့ ယင်တလောင်း လောင်းအုံနေတဲ့အစားအစာတွေကို အော်ဟစ်ရောင်းနေတာ ဘယ်မှာမြင်လို့ကောင်းတော့မှာလဲ။

အဆိုးမြင်ဝါဒနဲ့ တင်ပြနေတာမဟုတ်ပါဘူး၊ ကောင်းစေချင်တာပါ။ ကျန်းမာရေးအရရော နိုင်ငံဂုဏ် သိက္ခာအနေနဲ့ပါ အများကြီးသက်ဆိုင်ပါတယ်။ ဒါတွေကောင်းလာဖို့အတွက် အုပ်ချုပ်သူမှာချည်း တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူကလည်းပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်။ လမ်းအသုံးပြုခ အခွန်ငွေကို ကျေကျေနပ်နပ် ပေးဆောင်ရမယ်။ နိုင်ငံတော်ကလည်း ပြည်သူ့အခွန်ငွေနဲ့ ပြည်သူအတွက် ကောင်းကောင်းပြန်လည် လုပ် ဆောင်ပေးရမယ်ပေါ့။



အမေရိကမှာ ပြည်သူ့ဆီက အခွန်ငွေကိုနည်းအမျိုးမျိုးနဲ့ ကောက်ခံပါတယ်။ လမ်းအသုံးပြုရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ်ရင်ပဲဖြစ်ဖြစ်၊ ရောင်းရင်ပဲဖြစ်ဖြစ် ရောင်းသူဆီကရော ဝယ်သူ့ဆီကပါ ရာခိုင်နှူန်းနဲ့ အခွန်ဖြတ်ယူ ပြီးသားဖြစ်ပါတယ်။ အလုပ်ရှင်အလုပ်သမားတွေဆီကလည်း ပေးတဲ့လုပ်ခ ရတဲ့လုပ်ခအပေါ်မူတည်ပြီး အခွန် ဖြတ်ပါတယ်။ အဲဒီအခွန်တွေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်။ ကျန်းမာရေး စောင့် ရှောက်မှူတွေ ပညာရေးထောက်ပံ့မှူတွေ လမ်းတံတားတွေ ဆေးရုံဆေးခန်းတွေ ဥယျာဉ်ပန်းခြံတွေအပါအဝင် အခုလို လမ်းဘေးမှာရှိတဲ့ Rest Area သန့်စင်ခန်းတွေကအစပေါ့ သန့်ပြန့်ခမ်းနားနေအောင် ပြုလုပ်ပေး ထားတယ်။

ကားဆရာကြိုတင်ပြင်ဆင်နိုင်အောင် “ရှေ့ (၂) မိုင်တွင် သန့်စင်ခန်းရှိသည်၊ နောက် သန့်စင်ခန်းသည် (---) မိုင်ကျမှရှိမည်” ဆိုပြီးဆိုင်းဘုတ်တွေပြထားလေ့ရှိတယ်။ နီးမှကပ်ပြရင် အဝေးလိုင်းမှာရှိနေတဲ့ကားတွေက ဝင်ဖို့မလွယ်နိုင်တော့ဘူးလေ။



အိမ်သာဆိုတာလည်း အထဲဝင်သွားလို့သာ အိမ်သာမှန်းသိရတာ အပြင်ကကြည့်ရင် အလွန်ခမ်းနားတဲ့ အိမ်ကြီးရခိုင်၊ ပြောလို့ပြောတာမဟုတ်ဘူး သူတို့အိမ်သာအရွယ်အစားက ကျုပ်တို့ဆီက ဘူတာကြီးတွေ ထက်တောင်ကြီးသေးတယ်။ ဘယ်ဘက်ညာဘက် နှစ်ခြမ်းခွဲပြီး တစ်ဘက်တစ်ဘက်မှာ ကျား-မ အိမ်သာ အခန်း (၂၀) လောက်စီပြုလုပ်ပေးထားတာ။




Wheelchair နဲ့သွားလာရတဲ့ မစွမ်းမသန်ပုဂ္ဂိုလ်တွေအတွက် အခန်းကျယ်ကြီးတွေကိုလည်း သီးသန့်ပြု လုပ်ပေးထားတယ်။ ကမုတ်ပေါ်ခင်းတဲ့စက္ကူ၊ အိမ်သာသုံးတစ်ရှူး၊ လက်ဆေးဆပ်ပြာ၊ လက်ဆေးကန်၊ လက်သုတ်စက္ကူ၊ လေမှူတ်စက်၊ အမိုက်ပုံးတွေကို အပြည့်အစုံထည့် ပေးထားတယ်။ အနံ့အသက်ဆိုတာ ဝေးလို့ မွှေးနေအောင်တောင် လုပ်ပေးထားသေးတာ။




အပြင်မှာဆိုရင်လည်း ကားကြီးတွေရပ်စရာနေရာ၊ ကားငယ်တွေရပ်စရာနေရာတွေကို သီးသန့်ခွဲပေး ထားပြီး၊ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ပန်းပင်တွေနဲ့ နားနေဆောင်တွေ ထမင်းစားစားပွဲခုံတွေကို အများကြီး ပြုလုပ်ပေးထားတယ်။ Rest Area ဆိုတဲ့အတိုင်း တကယ်ကို Rest ဖြစ်ပါတယ်။ ရောက်လာတဲ့သူတိုင်း စိတ်လက်ပေါ့ပါးပြီး အားအင်တွေ ပြန်ပြည့်သွားတယ်။ အဲဒီမှာ သန့်ရှင်းရေးဝန်ထမ်းကလွဲလို့ ဘာဈေးသည် မှမရှိဘူး။ စားစရာ သောက်စရာတွေကို စက်မှာပိုက်ဆံထည့်ပြီး ကြိုက်တာယူရုံပဲ။ လမ်းညွှန်မြေပုံတွေ၊ မဂ္ဂဇင်း သတင်းစာတွေ၊ လည်ပတ်စရာနေရာပြတဲ့ လက်ကမ်းစာစောင်တွေ၊ ကူပွန်တွေကို အခမဲ့ယူဖို့ မှန်ဘီရိုလေး ထဲမှာ ထည့်ပေးထားတယ်။



ဒါက Rest Area အကြောင်းပါ။ လမ်းတလျှောက်မှာ အန္တရာယ်ကိုဖြေရှင်းနိုင်တဲ့ Service Plaza တို့ Gas Station တို့ဆိုတာတွေရှိသေးတယ်။ အဲဒီမှာလည်း Restroom သုံးလို့ရတယ်။ ကားလည်းဆီဖြည့်နိုင် သလို ကော်ဖီ အအေး မုန့်ပဲသွားရည်စာ ဒေသထွက် လက်ဆောင်ပစ္စည်းတွေလည်း ဝယ်ယူလို့ရတယ်။ ဓာတ်ဆီဆိုင်တိုင်းမှာ ကားမှန်ဆေးဖို့ ဆပ်ပြာရေနဲ့ Mop တွေကိုထားပေးထားတယ်။ ဆီမပြည့်မှာတို့ မစစ်မှာ တို့ ဈေးမမှန်မှာတို့ မပူရဘူး၊ ကိုယ်ကြိုက်တဲ့ဆီအမျိုးအစားကို ကြိုက်သလောက်ထည့် ကျသလောက်ပေး Self Service စနစ်ပဲ။



အင်း… ဒို့ရွှေပြည်ကြီးမှာတော့ ခနတိုင်းကြားနေရတာ ဘယ်ဆိုင်ကဖြင့် ဆီမသန့်လို့၊ ဘယ်ဆိုင်က ဖြင့် ဆီခိုးလို့၊ ဘယ်ဆိုင်ကဖြင့်ရေသန့်ဘူးမပေးလို့နဲ့ စုံနေတာပဲ။






တစ်နေ့ကလည်း FB မှာတွေ့လိုက်ပါတယ် ရွှေမြန်မာတို့နေတဲ့ ရွှေပြည်ကြီးမှာ ကားသမားတွေက ဆီထည့်ပြီး ဆီဖိုးမပေးဘဲ မောင်းပြေးလို့တဲ့၊ မရမကလိုက်တောင်းတော့ ရန်ရှာပြန်သတဲ့လေ ကဲ… ကောင်းကြသေးရဲ့လား။

အင်း… နာဆာကိုသွားနေတာ လမ်းမှာတင်အတော်ကြာနေပြီ။ ကဲ ခရီးဆက်ကြရအောင်ပါ။

မေတ္တာဖြင့်-

သီရိဘုန်းစံ
အပိုင်း (၄) ဆက်ရန်