မင်းကိုနိုင် ● အမှတ်တရ ဓာတ်ပုံ

မင်းကိုနိုင် ● အမှတ်တရ ဓာတ်ပုံ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆

ခရီးတစ်ခုကို အတူသွားခဲ့သူချင်းအတူတူ တချို့ကတွေ့မြင်ခဲ့သမျှ နားထောင်မ၀အောင် ပြန်ပြောနိုင်သည်။ ဟုတ် လား.. အော်.. တကယ် စသဖြင့် အာမေဋိတ်တွေရအောင် စွမ်း၏။ ငါလည်း အတူသွားခဲ့တာပဲ သူ့လို သတိမထားမိဘူး၊ မှတ်မိ တောင်ပြန်မပြောတတ်ပါဘူးဟု အားကျလောက်အောင် ပြောတတ်သူများ ရှိသည်။

ရုပ်ရှင်တစ်ကား အတူကြည့်သူများလည်း ထိုနည်းတူ။ထိုထက်ပိုသည်မှာ ရုပ်ရှင်၏ အားနည်းချက်များကိုလည်းထောက်ပြ၊ အားသားချက်များကိုလည်း ရွေးထုတ်ပြတတ်သူများ။ ထိုထက်ပိုသူတွေကတော့ ငါသာဆို ဘယ်နေရာဘယ်ဇာတ်ဝင်ခန်းကို ဘယ်လို သရုပ်ဖော်လိုက်မှာ၊ ဂီတနောက်ခံကို ဘယ်လိုသုံးပြီး ကင်မရာကို ဘယ်က စယူမှာစသဖြင့် စိတ်ကူးဒါရိုက်တာ ဝင်လုပ်နိုင်သူများပင်။

စာရေးခြင်းတွင်လည်း ထိုနည်းနှင်နှင်ဟု ကျွန်တော်ထင်ပါ၏။ ခရီးတွေ သွားကြသည်၊ စာတွေဖတ်ကြသည်။ပြီးတော့ ပြန် ပြောပြဖို့ကြိုးစားရင်း စာရေးခြင်းဟူသောနည်းကိုသုံးကြရာ ကိုယ်ပိုင်ဟန်တွေ၊ အတုယူထားသည့်နည်းတွေပါ ထည့်သုံးကြပါ တော့သည်။ ဖတ်ထားသမျှစာအုပ်တွေသာမက၊ လူပုဂ္ဂိုလ်တွေ၊ လူ့အဖွဲ့အစည်းတွေခေတ်တွေကိုပါ ဖတ်ရှုမိပြီး ပြန်ရေး ကြခြင်းလည်း အကျုံးဝင်ပါသည်။

ဒီနေရာမှာ စုပ်ယူနိုင်စွမ်းနှင့် ပြန်မျှဝေနိုင်စွမ်း နှစ်မျိုးတွေ့ရပါသည်။ အချို့သူများမှာ စာရေးလေ့မရှိ၊ ပြန်မျှဝေမှုအလေ့နည်း လှသော်လည်း သူ့ထံသွားမေးလျှင် အတူဖြတ်သန်းခဲ့သူချင်းအတူ အများစုမေ့နေသည့် အချက်ကလေးများ သူကမှတ်မိနေ တတ်ပါ၏။ စာတစ်ပုဒ်အတွက် အလွန်လှသည့်အတွက် ဖမ်းစားနိုင်သည့်အချက်များပင် ဖြစ်နေတတ်ပါသည်။

ကျွန်တော်သည် ခရီးသွားဆောင်းပါး၊ ရသအက်ဆေးနှင့်အတွေးအမြင်စာများကို ခုံမင်ပါ၏။ သို့နှင့် အခွင့်ရသ၍ဖတ်မိတိုင်း အားကျလေ့ရှိပါသည်။ ငါကြုံဖူးတဲ့ ဟိုအကြောင်းလေး ပြန်ပြောပြချင်လိုက်တာ၊ ဒါလေးတော့ဖောက်သည်ချလိုက်ချင်သားစသဖြင့် မရိုးမရွ ခံစားရလေ့ရှိပါ၏။ သို့သော် ပျင်းရိခြင်းအားကောင်းသူတို့ ဓလေ့အတိုင်း မအားလပ်ဟု ဆိုင်းဘုတ်တင်ပြီး သက်သာသလိုနေခဲ့သည်များ၍ ဘာမျှ အဖတ်မတင်ခဲ့ပါ။

စိတ်ထဲ ကြံစည်နေရုံဖြင့် ဘာအကောင်အထည်မှ မဖြစ်လာမှန်းလက်ခံ ဝန်ခံရသောအချိန်တွင် ဝစီကံ မနောကံများဖြင့်အားထုတ်ကြည့်ပါတော့သည်။ စိတ်ထဲ လွယ်သည်ထင်သမျှလက်တွေ့ဖန်တီးသည့်အခါ ခက်လှကြောင်းထပ်ဆင့်ဝန်ခံရပါတော့သည်။

(ဂျာနယ်စာစောင်ထဲ ထည့်နိုင်သည့် အရွယ်အစား) စာတစ်ပုဒ်ရဖို့ ကျွန်တော့်အတွက် သက်သာမှု မရှိပါ။ ရေးလိုက်ဖျက်လိုက် ခေါင်းယမ်းလိုက်၊ ကိုယ့်ဟာကိုယ်တောင်မကြိုက်မှ ဘယ်သူဖတ်ချက်မှာလဲဟု တစ်ကိုယ်တည်း မာန်မဲရပေါင်းလည်း မနည်း ပါ။ အပျက်ပုံစာရွက်တွေချာလည်ဝိုင်းပြီးမှစာမူတစ်စောင် ခပ်ကုပ်ကုပ် ထွက်လာရသည်မျိုး ဖြစ်ပါသည်။

ဆိုလိုချင်သည်က ယခု စုပေါင်းချုပ်ထားသည့် စာအုပ်မှစာမူများမှာ စာဖတ်သူ မှတ်ချက်တွင် သင့်သည် လျော်သည် မလျော် သည် ခဏထားဦး ဖန်တီးတတ်သူဘက်က အချိန်တိုအတွင်း ဟောတစ်ပုဒ် ဟောတစ်ပုဒ် ထုတ်ခဲ့သည်မဟုတ်၍ စာများ အက်ဆေးများမှာ အဆက်အစပ် ကောင်းလှမည်မဟုတ်ပါ။ အကြောင်းအရာချင်းလည်း အချိန်အဆက် လွဲနေနိုင်ပါသည်။အလေးအပေါ့ရသာများလည်း အတွဲအဖက်ညီလှမည် မထင်ပါ။ ဒါဖြင့် ဘာကြောင့် စုထုတ်ပေးလဲ မေးစရာရှိပါသည်။

မွေးခဲ့သည့် မိဘမှန်သမျှ ကိုယ့်သားသမီး လှသည် မလှသည်၊ ထူးချွန် မထူးချွန် အသာထား တစ်မျိုးစီ ချစ်ကြသလို တကွဲ
တပြားစီ ရှိနေကြသည်ကို စိတ်နှလုံး မသာယာတတ်ပါ။

မလွန်ဆန်နိုင်သော အကြောင်းများကြောင့် တစ်ယောက်တစ်နယ်စီ နေကြသည့်တိုင် သင်္ကြန်ရက်မျိုး၌ အဖေ့အိမ်မှာတစ် စု တစ်ဝေးတည်း ပြန်ဆုံစေချင်ပါသည် (အနောက်တိုင်းမိသားစုတွေရဲ့ ခရစ်စမတ်အားလုပ်ရက်များကို ဆိုလိုပါသည်)

လောကအလယ် တင့်တယ်နေသော သားသမီးဖြစ်စေ၊ကျုံလှီညှိုးငယ်သည့် သားသမီးဖြစ်စေ ဖခင်က သူတို့စုဝေးစုံညီခိုက် ဟေ့... လာကြစမ်းကွာ၊ မင်းက ဒီနားထိုင် မင်းကဒီနားရပ် စသဖြင့် ညွှန်ကြားကာ အဖေ့အိမ် လူစုံတုန်းအမှတ်တရဓာတ်ပုံတစ် ပုံတော့ ရိုက်ထားလိုက်ချင်ပါလိမ့်မည်။

ထိုအဖေ့အိမ် ပြန်ဆုံခိုက် မောင်နှမများ ဓာတ်ပုံကို သတိရသရွှေ့ ပြန်ထုတ်ကြည့်တိုင်း ဖခင်မှာ ဘယ်သူကတော့ မွဲရှာတယ်၊ ဘယ်ဝါကတော့ ဘယ်သူနဲ့ယှဉ်မှ ကျုံလှီမှန်းသိရတာ၊ ဘယ်ကောင်ကတော့ မဆိုးပါလား ကြည့်ကောင်းသားစသဖြင့် ကရု ဏာ၊ မုဒိတာ ပွားရပါလိမ့်မည်။

ဤ စာအုပ်သည်
ပြည်သူ့အရေး၊
ကြေးမုံ၊
မြန်မာ့အလင်း၊
သရဖူမဂ္ဂဇင်း၊
မြန်မာသစ်ဂျာနယ် 
စသဖြင့် စာနယ်ဇင်းအမျိုးမျိုးသို့ပြန့်ကျဲ ရောက်ရှိခဲ့သော သားသမီးများအား စုဝေးစေပြီး အမှတ်တရ ဓာတ်ပုံရိုက်ယူထားသည့် ဖခင်တစ်ဦး၏သံယောဇဉ်အစဖြစ်ကြောင်း ဝန်ခံပါ၏။ ထိုထက်ပို၍ တစ်ပိုဒ်တစ်ကြောင်း၊ အတွေး တစ်စ၊ ဖတ်ရသူအတွက် စိတ်အာဟာရ နည်းနည်းမျှ ဖြစ်ပါစေဟုလည်း မ၀ံ့မရဲ မျှော်လင့်နေပါကြောင်း။

လေးစားသမှုဖြင့်
#မင်းကိုနိုင်
[ ဖိနပ်ဟောင်းရဖို့ သေနတ်ပြောင်းဝသို့ ပြန်မရောက်စေချင် နှင့်..စာစုများ ဆောင်းပါးများစုစည်းမှု စာအုပ်မှ ]