မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၂၇)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၂၇)
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆

● ကမာရွတ်ဂါတ်တဲ
ယခုတော့ ရဲစခန်းဟုခေါ်ကြသည်။ ယခင်ကတော့ ရဲစခန်းများကို ဂါတ်တဲများဟုသာ ခေါ်ဆိုလေ့ရှိကြသည်။ ကမာရွတ် ဂါတ်တဲသည် အင်းစိန်လမ်းမနှင့် ပြည်လမ်းမဆုံရာ လှည်းတန်းရှိ သင်္ဘောဦးချွန်ပုံနေရာတွင် ရှိသည်။ ယခုတော့ ယာဉ် ထိန်းရဲရုံးနှင့် အနော်ရထာအိမ်ယာရှိ သည့်နေရာတဝိုက်ဖြစ်သည်။ ထိုနေရာတွင် ကမာရွတ်ဂါတ်တဲဟုခေါ်ကြသည့် ကမာ ရွတ်မြို့ နယ်ရဲစခန်းရှိသည်။ ရန်ကုန်တက္ကသိုလ်နှင့် အနီးကပ်ဆုံးရှိနေပြီး ကျောင်းသားများနှင့် ပြဿနာအဖြစ်ဆုံး ရဲစခန်း လည်းဖြစ်သည်ဟု ဆိုရမည်။

၁၉၇၄ နှစ်ဆန်းပိုင်းဟု ထင်ပါသည်။ ရန်ကုန်ပင်မတက္ကသိုလ် ဥပဒေအဓိကကျောင်းသားတဦးအား ခါးပိုက်နှိုက်ဟု ရဲက မှား ယွင်းဖမ်းဆီးရာမှ ကျောင်းသားများနှင့် ရဲတို့ အချင်းများကြပြီး ကျောင်းသားများက ကမာရွတ်ဂါတ်တဲ ဝိုင်း၍ စီးနင်းကြပြီး ဂါတ်တဲအဆောက်အဦးနှင့် ရဲကားများအား မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။ ပင်မတက္ကသိုလ်အဆောင်အသီးသီးမှ ကျောင်း သားများထွက်လာ၍ လှည်းတန်းတဝိုက်ကျောင်းသားများဖြင့် ပြည့်နှက်သွားသည်။ ဆရာများလည်း ထိမ်းမနိုင်တော့။ ထိုစဉ် ပညာရေးဝန်ကြီးဌာနညွှန်ချုပ်ဖြစ်နေသော ဦးစိုးသိန်းလာရောက်သော်လည်း မည်သို့မှမတတ်နိုင်ခဲ့ပေ။ တောင်ငူဆောင်ရှေ့ တွင်စုဝေးရောက်ရှိနေသော ကျောင်းသားများကို လာရောက်ထိမ်းသိမ်းသည်ဆိုကာ အော်ဟစ်ငေါက်ငမ်းနေသော အ ဆောင်မှူးတစ်ဦးလည်း ပြန်ပြေးသွားရသည်။ ထိုအဆောင်မှူးကား မဆွကတည်းက ကျောင်းသားများ၏ မျက်မုန်းကျိုးခြင်း ကို ခံထားရသူဖြစ်သည်။

ရဲတို့၏ မှားယွင်းရိုက်နှက်ခံလိုက်ရသော ကျောင်းသား ကိုယ်စား ကျောင်းသားထုက ဒေါသတကြီးတုန့်ပြန်လိုက်ကြသည်။ တကယ်တော့ ပြဿနာအစကား အကြီးကြီးတော့မဟုတ်။ ၁၉၆၂ ခုနှစ်ကစပြီး ဗိုလ်ကျလာခဲ့သမျှကို ပေါက်ကွဲတုန့် ပြန် ခြင်းဖြစ်သည်။ ထို့အတူ မကြာမှီ ဖြစ်ပေါ်လာတော့မည့် ၇၄/၇၅/၇၆ ကျောင်းသားသပိတ်များ၏ ရှေ့ပြေးလည်းဖြစ်သည်။ ကမာရွတ် ဂါတ်တဲမီးဟုန်းဟုန်းတောက်၍ ပြာကျသည်။ မီးတောက်များအတွင်း ကျည်ဆံ ပေါက်ကွဲသံများပေါ်ထွက်နေ သည်။ ကျောင်းသားတို့၏အော်ဟစ်သံများဆူညံ နေခဲ့သည်။ မိမိအဖို့ကား ပထမဆုံးတွေ့လိုက်ရသော ကျောင်းသားလှုပ် ရှားမှုတခုဖြစ်သည်။

ကမာရွတ်ဂါတ်တဲအရေးအခင်းပြီးတော့ ရှေ့တန်းမှပါဝင်သူများ အဖမ်းခံရသည်။ ပြဿနာအစ ကျောင်းသားဖြစ်သည့် နော် ရိန်းနှင့် တောင်ငူက ကိုမြင့်အောင်တို့ပါကြသည်တော့ မှတ်မိသည်။ ကျန်သူများကို မမှတ်မိတော့။ သို့သော် မကြာမှီပင် သူတို့ အားလုံးအား အာမခံပေးသည်။ ကမာရွတ်ဂါတ်တဲအားလည်း နေ့ရော ညပါ မီးမောင်းထွန်း၍ ပြန်ဆောက်လိုက်ရာ သုံးရက်ခန့်အတွင်းပြီးစီးသွားသည်။

အာမခံရထားသည်အထဲမှ ကိုနော်ရိန်းကတော့ အမှုမရင်ဆိုင်တော့ဘဲ ကချင်ပြည်နယ်ပြန်သွားပြီး KIA ထဲသို့ဝင်ရောက်သွား သည်။ သူ့ဘဝကားအကူးအပြောင်းများလှသည်။ KIA တွင် ဗိုလ်ဆမ်မိုင်ဟု နာမည်ပြောင်းထားသောသူသည် ၁၉၈၀ ခုနှစ် ခန့်တွင် CPB သို့ ကူးပြောင်း၍ ရဲဘော်ဆမ်မိုင်ဖြစ်လာခဲ့ပြီး အစောပိုင်းကာလက CPB မြောက်ပိုင်းဗျူရိုရုံးတွင် တာဝန်ယူရာ မှနောက်ပိုင်းတွင် CPB ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ပြောင်းရွှေ့သွားသည်။

၁၉၈၉ ခုနှစ် CPB အာဏာသိမ်းခံရပြီးနောက် ကိုဆမ်မိုင်တယောက် ကချင်ပြည်နယ် ပန်ဝါသို့ရောက်လာသည်။ CPB ၁၀၁ စစ်ဒေသမှနေ၍ NDAK ဒီမိုကရေသစ်တပ်မတော် ကချင်ဌာနချုပ်ရှိရာ ပန်ဝါတွင် သူတာဝန်ယူသည်။ နောက်ပိုင်းတွင်တော့ သူသတင်းသေချာစွာမကြားရ။ မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ကျသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။

၂၀၁၀ ခန့်တွင် ဒေါက်တာတူးဂျာ KIA ဒုဥက္ကဌ တာဝန်မှနှုတ်ထွက်ပြီး တရားဝင် ကချင်ပါတီတရပ်ထူထောင်ရန်စတင်စဉ်ကာလက ကိုဆမ်မိုင်တယောက် ပူးပေါင်းခဲ့သေးသော်လည်း နောက်ပိုင်းတွင် ပါဝင်ခြင်းမရှိဟုကြားရသည်။ နောက်ပိုင်းကာလ တွင်တော့ NLD ကချင်ပြည်နယ် လှုပ်ရှားမှုများတွင်တွေ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ်မှ အနိုင်ရအမတ်ဖြစ်လာပြီး ယခုတော့ နေပြည်တော်လွှတ်တော်တွင် NLD လွှတ်တော်အမတ်မင်းဖြစ်နေသည်ဟု ကြားသိရ သည်။ လွှတ်တော်အမတ်မင်းအား လွန်ခဲ့သော နှစ် ၄၀ ကျော်က ကမာရွတ်တဲမီးရှို့မှု က အာမခံဖောက်ဖျက်ပြေးသွားသူအဖြစ် နောက်ကြောင်းပြန်အရေးယူ၍ မရနိုင်တော့ပြီဟု ထင်ပါသည်။

လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ကမာရွတ်ဂါတ်တဲမီးရှို့ရာတွင်ပါဝင်ခဲ့ရာမှ ယနေ့လွှတ်တော်အမတ်ဖြစ်နေသော ကို ဆမ်မိုင်၏ ဇတ်ကြောင်းသည်လည်း စိတ်ဝင်စားဘွယ်ပင် ဖြစ်ချေတော့သည်။

● ကုန်ဈေးနှုံး
တကယ်တော့ ၁၉၇၄ ကာလသည် ကုန်ဈေးနှုံး တရိပ်ရိပ်တက်သည့်ဒဏ်နှင့် စီးပွါးရေးအကြပ်အတည်းဒဏ်ကို လူထု တစ ထက် တစ တိုး၍ခံစားနေရကာလဟု ဆိုရမည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လွဲမှားသော လမ်းစဉ်နှင့် ညံ့ဖျင်းသောစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည် အကြပ်အတည်းကြားထဲသို့ တိုးဝင်လာသည်ဟု ဆိုရမည်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီး မကြာမှီ ပုပ္ပါး အုန်းတောခပေါင်း ဒူးယားစသည်တို့တွင် တောင်သူလယ်သမားနှီး နှောဖလှယ်ပွဲဆိုသည်များကိုလုပ်သည်။ ဗိုလ်နေဝင်း၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်သည် တစုံတရာအကောင်းဖက်ကို ပေးမည်လောဟု တွေးထင်ဆဲမှာပင် ဆန်ပြဿနာပေါ်သည်။ နှစ်စဉ် ဆန်တန်ချိန်သိန်းနှင့်ချီ၍ နိုင်ငံရပ်ခြားသို့ပို့နေသော တိုင်းပြည်တပြည်အတွက် ဆန်ရှားပါးခြင်း ဆန်ပြဿနာပေါ်ခြင်းကား အံ့သြဘွယ်ဟု ဆိုရမည်။ ခပေါင်းတို့ ဒူးယားတို့လည်း စီးကရက်နာမည်များသက်သက် ဖြစ်သွားတော့သည်။

ဆန်ပြဿနာအထွဋ်အထိပ်အဖြစ် ၁၉၆၇ သြဂုတ်လအတွင်း စစ်တွေ၌ ဆန်လုပွဲဖြစ်သည်။ အစိုးရ၏ပစ်ခတ်နှိမ်နင်းခြင်းခံ ရသည်။ လူတရာကျော်သေဆုံးသည်ဟု အရပ်သတင်းများကဆိုသည်။ စစ်တွေဆေးရုံ ရင်ခွဲရုသို့ ရောက်လာသော အ လောင်း ၃၀ နီးပါးစာရင်းကို အစိုးရက တရားဝင်ကြေညာသည်။ ၇ ရက်ဇူလိုင်အပြီး ဒုတိယအကြိမ် အစုလိုက်အပြုံ လိုက် သွေးမြေကျခြင်းဖြစ်သည်။ ထိုဆန်ပြဿနာကို တရုတ် - ဗမာ လူမျိုးရေးအဓိကရုဏ်းက ဖုံးအုပ်သွားပြီး ခေတ္တဖြေရှင်းနိုင်ခဲ့ သော်လည်း ငွေကြေးဖေါင်းပွမှုနှင့် ကုန်ဈေးနှုံးကြီးမြင့်မှုက တရိပ်ရိပ်တက်လာနေသည်။

မိမိတက္ကသိုလ်ရောက်ပြီးတနှစ်အတွင်းမှာ ကုန်ဈေးနှုံးက တဆတက်သွားသည်။ မိမိသောက်နေကြ ဘလက်ကော်ဖီက တ ခွက် ၂၅ ပြားမှ ပြား ၅၀ ဖြစ်သွားသည်။ ဘလက်ကော်ဖီနှင့်မြည်းသည့် ရွှေဘဲဆေးပေါ့လိပ်က တစ်လိပ် ၅ ပြားမှ နှစ်လိပ် ၁၅ ပြားဖြစ်သည်။ သိပ်မကြာမှီ တလိပ် ၁၀ ပြားထိ တက်သွားသည်။ ၁၉၇၃ ခုနှစ် ကျောင်းရောက်စက အဆောင်မှာ ဘဲဥ ဟင်းကျွေးလျင် သို့မဟုတ် ဝက်မစား အမဲသားမစားများအတွက် ဟင်းစီစဉ်ပေးလျှင် ဘဲဥ တလုံးနှင့် တခြမ်းပေးသည်။ နောက် တလုံးသာ ပေးနိုင်သည်။ နောက်ပိုင်းတော့ တလုံးတောင် မလွယ်ဟုထင်သည်။ ပင်လယ်ငါးဟုဆိုသည့် ပေါ့ရွှတ်ရွှတ် အရသာမရှိသော ငါးဟင်းချက်သည့်နေ့များလာသည်။ ဝက်သားဟင်းချက်သည့်နေ့ဆိုလျှင် အဆီ၊ အမဲသားဟင်းနေ့ဆိုလျှင် အရွတ်၊ ကြက်သားနေ့ဆိုလျှင် အရိုးတို့ဖြင့် နှစ်ပါးသွားရတော့သည်။

လဆန်းစ အိမ်ကပို့ပေးသည့် ငါးပိကျော်ပုလင်း၊ ဆီချက်ပုလင်းများမှာလည်း ကြာကြာမခံ။ အပေါင်းသင်းများသူများ ဖြစ်သ ဖြင့် ဝိုင်းဝန်းစားသောက်ပြီး လဆန်း လေး ငါးရက်ဆိုလျှင်ကုန်ပြီ။ မိမိတို့ကျောင်း၌ အိမ်မှတက်သောသူငယ်ချင်းများက သူတို့ထမင်းချိုင့်အတွင်း တခါတရံ ဟင်းတွေချည်းထည့်လာတတ်သောနေ့များတွင် မိမိတို့ အားရဝမ်းသာလွေးခဲ့ကြ သည်။ ထိုစဉ် ၈ မိုင်မှာနေသော မြသိန်း၊ ၆ မိုင်တွင်နေသော ဝေမင်းတို့က သူတို့ထမင်းဘူးများအတွင်း ဟင်းအပြည့်ထည့်လာတတ်သူများဖြစ်သည်။ သို့သော် သူတို့လည်း နိစ္စဓူဝတော့ ထည့်မလာနိုင်ကြ။

ဤသို့နှင့် ဟင်းများညံ့ဖျင်းသည်ကို ဖြေရှင်းဘို့ ထမင်းစားဆောင်တွင် ဟင်းရောင်းသည့်ဆိုင်ငယ်လေးများပေါ်လာသည်။ ထမင်းစားဆောင်ကော်ရစ်ဒါတွင် မီးဖိုဆောင်အလုပ်သမားများကပင် ဖွင့်လှစ်လာကြခြင်းဖြစ်သည်။ ကြက်ဥကျော် ဝက်အူ ချောင်းကျော် ကန်စွန်းရွက်ကျော် စသဖြင့်ဖြည့်စွက်ဟင်းဟုဆိုရမည်။ တပွဲလျှင် ဟင်းပွဲကိုလိုက်၍ ပြား ၅၀ မှ တစ်ကျပ်ခန့်ပေး ရသည်ဖြစ်သည်။ ဟင်းမကောင်းအပြင်ထွက်မစားနိုင်သည့် နေ့များစွာအတွက် ဖြည့်စွက်ဟင်းဟု ဆိုရမည်။ လကုန်ရက် အိမ်က ပိုက်ဆံရောက်သည့် ရက်ပိုင်းသာ အပြင်စာထွက်စားနိုင်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယနေ့ ဆေးကုမ္ပဏီ များတင်သွင်းရောင်းချနေကြသည့် ဖြည့်စွက်အစာ (Food Suplement) နှစ်ပေါင်းများစွာစော၍ မိမိတို့အဆောင်ကျောင်း သားများသည် ဖြည့်စွက်ဟင်းနှင့် ရှင်သန်ခဲ့ရသည်ဟု ဆိုရမည်။

ဤသို့ ဟင်းအမယ်ရောင်းသည့်ဆိုင်ကလေးများကို မည်သည့်အဆောင်က စလိုက်သည်တော့မသိရသော်လည်း တက္က သိုလ်တိုင်းရှိ ထမင်းစားဆောင်တိုင်းတွင် ထိုသို့ ဟင်းအမယ်ရောင်းသည့် ဆိုင်ကလေးများ အလျှိုလျှိုပေါ်လာသည်ကို တွေ့ ရသည်။ ပုံမှန် မှန်တမ်းကျသည့်အခြေအနေတရပ် လျော့ရဲသွားပါက ၎င်းနေရာတွင် ပုံမှန်မကျသည့်အရာများ အစားထိုးဝင် ရောက်တတ်သည်က ထုံးစံလိုဖြစ်သည်။ ၎င်းဖြစ်ရပ်များကို ယခုကာလများမှာတော့ အကြံအဖန်ဟုလည်းကောင်း၊  မှောင်ခို ဟုလည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြသည်။

အိမ်က လက်ဖြန့်၍ ပိုက်ဆံတောင်းနေသော မိမိတို့ကျောင်းသားများကား အရပ်ရပ်ဈေးတက်လာသဖြင့် ယခင်ကလို သိပ် ဂိုက်မကျတော့။ ယခင်ကတော့ အင်္ကျီလုံချည်အဟောင်းများကို ထမင်းစားဆောင်တွင် စောင့်နေသော ဒိုဘီသမားလက် အပ်လိုက်ပြီး ဒိုဘီကျ မီးပူတိုက်သော အဝတ်အစားနှင့် ဂိုက်ပေးနိုင်သော်လည်း နောက်ပိုင်းမှာတော့ လလယ်လောက်ကစပြီး ဒိုဘီမပေးနိုင်တော့။ ကိုယ်ဟာကိုယ်လျှော် ခေါင်းအုံးအောက်ထားပြီးဝတ်ရသည်။ တခါတရံလည်း လှမ်းထားသည့်အတိုင်း ယူဝတ်ရသဖြင့် သိပ်ဂိုက်မကျတော့ ဆိုရပေမည်။

မိမိမိဘများကလည်း အစိုးရဝန်ထမ်းများဖြစ်သဖြင့် တိုးလာသောကုန်ဈေးနှုံးနှင့်ကိုက်အောင် လစာမတိုးကြသဖြင့် မိမိအား လည်း တိုးမြှင့်မပေးနိုင်ကြပေ။ ဤသို့ဖြင့် ကုန်းဈေးနှုံးဒဏ်ကို အဆောင်နေကျောင်းသားကာလ တနှစ်အတွင်းမှာ သိသိ သာသာ ထိတွေ့ခံစားခဲ့ရတော့သည်။

● အရှိန်မြင့်လာသော နိုင်ငံရေးလေထု
ကမာရွတ်တဲအရေးအခင်းနောက်ပိုင်း ကျောင်းသားများကြား မိမိတို့ကြား နိုင်ငံရေးဆွေးနွေးပွဲအရှိန်များ မြင့်လာခဲ့သည်။ တ ကယ်တော့ မိမိတို့သာမက ကျောင်းတိုင်းမှာရှိသည့် နိုင်ငံရေးစိတ်ဝင်စားသည့် ကျောင်းသားများကိုယ်အစုလေးနှင့် ကိုယ် ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲအများစုတွင် လက်ဝဲလေထုက အများစု လွှမ်းခြုံနေသည်ကတော့ အထူးပြောစရာ လိုမည် မထင်ပါ။

သို့သော် ဖဆပလ လူဟောင်းများ ထိုင်းနယ်စပ်အခြေစိုက် ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) တို့နှင့်ဆက်နွယ်နေသည့် အ သိုင်းအဝိုင်းများလည်း သူ့နေရာနှင့်သူ ရှိနေသည်ရှိနေသည်။ သူအားနှင့်သူ လှုပ်ရှားနေကြသည်။ လက်ဝဲအနွယ်များလောက် တော့ ထိုစဉ်က အင်အားမတောင့်ဟု ဆို၍ရသည်။

မည်သို့ပင်ဖြစ်စေ ကမာရွတ်ဂါတ်တဲအရေးအခင်း ပြီးနောက်မှစ၍ကျောင်းသားထုအတွင်း လှုပ်လှုပ်ခတ်ခတ်ရှိလာခဲ့သည်။ နိုင်ငံရေးတွင် ကျောင်းသားများ စိတ်ဝင်စားမှုပိုလာခဲ့သည်။ စာအုပ်ထူထူကြီးများကို ယခင်ကထက် ရှာဖွေ ဖတ်ရှု လာကြ သည်။ စာအုပ်ထဲက သဘောတရားများ အခြားနိုင်ငံက အတွေ့အကြုံ များနှင့် မြန်မာပြည်အခြေအနေကို စပ်ဟပ်ကြည့်ဘို့ ကြိုးစားခဲ့ကြသည်။ ကမာရွတ်ဂါတ်တဲအရေးသည် သာမန်ပဋိပက္ခငယ်တခုဖြစ်ခဲ့သော်လည်း အထွေထွေမကျေနပ်မှုများ စတင်ပေါက်ကွဲရာဖြစ်ခဲ့သည်။နောက် ၁၀ နှစ်ကျော်အကြာ လဘက်ရည်ဆိုင်တွင် ကက်ဆက်ခွေလုဖွင့်ရာမှ အချင်းများခြင်း သည်လည်း ၁၉၈၈ အထွေထွေမကြေနပ်မှုများ ပေါက်ကွဲရာဖြစ်ခဲ့သည်။

တကယ်တော့ ထိုအထွေထွေမကျေနပ်မှုများသည် စီးပွားရေးကြပ်တည်းမှု ကုန်ဈေးနှုံးကြီးမြင့်မှု ငွေကြေးဖေါင်းပွမှု စသည် များကြောင့် အခြေခံလူတန်းစားများတွင် လူမှုစီးပွားဘဝကြပ်တည်းရာမှ အစပြုသည်။ မဆလခေတ်တွင် ကုန်ဈေးနှုံးကြီးမြင့် သည့်အပြင် ကုန်ပစ္စည်းက လွန်စွာရှားပါးသည်။ မဆလအခွင့်ထူးခံများအတွက် ဖွင့်လှစ်ထားသည့် ပဒုမ္မာဆိုင်များအပလူထုအတွက်ဖွင့်လှစ်ထားသည့် ပပက/ပြည်သူ့ဆိုင်များတွင် ကုန်ပစ္စည်းမရှိ။ထိုထိုသော စီးပွားရေးအကြပ်အတည်းကြောင့် အလုပ်သမားများ လစာနည်းဝန်ထမ်းများ၏ ဘဝကပိုဆိုးလာသည်။ ကြာတော့ တုန့်ပြန်မှုများ ရုန်းကန်လှုပ်ရှားမှုများရှိလာ သည်က သဘာဝကျဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)