လက်ျာဝင်း ● ဦးဝင်းထိန်ရေး ဗိုလ်ကြီးအုန်းကျော်မြင့် (သို့မဟုတ်) အမှောင်၏အတွင်းသား




လက်ျာဝင်း ● ဦးဝင်းထိန်ရေး ဗိုလ်ကြီးအုန်းကျော်မြင့် (သို့မဟုတ်) အမှောင်၏အတွင်းသား
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂ဝ၁၆

"အဲ့ဒီနေ့က ညနေငါးနာရီလောက်ပေါ့၊ ထမင်းစားပြီး၊ အထဲဝင်ပြီး အေးအေးဆေးဆေးနေဖို့ တံခါးပိတ် ခါနီးမှာ ခဲလုံးကျ လာတယ်။ ကျွန်တော်အပေါ်တက်ကြည့်တော့ မြင်တယ်။ အခုအုန်းကျော်မြင့်ကို သရဏဂုံ တင်နေတယ်တဲ့၊ ကျွန်တော်စိတ် မကောင်းဘူး၊ ဒီနေ့ညတော့ စီရင်တော့မှာပဲတဲ့။ မနက်မိုးလင်းတဲ့အခါ တခါ ကျောင်းသားတွေက ခဲလုံးပေါက်ပြီးပြောတယ်။ ညတုန်းက အုန်းကျော်မြင့်ဟာ ရဲရဲဝံ့ဝံ့နဲ့ စီရင်တာကို ခံသွားပြီတဲ့၊ ကျွန်တော် အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ပြောစကား ကောက်နုတ်ချက်
ဗိုလ်ကြီးဟောင်း (ဦး) ဝင်းထိန် ၏ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုစာအုပ်မိတ်ဆက်ပွဲ
(၁၉-၁ဝ-၂ဝ၁၆)

(၁)
ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စဖြစ်တော့ ကျွန်တော်က ကလေးပဲ ရှိပါသေးတယ်။ အိမ်မှာ အဖိုးနဲ့ အိမ်နီးနားချင်း လူကြီးတွေ စုစုပြီး အဲ့ဒီကိစ္စကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးကြတာ၊ ရေဒီယိုစုပြီး နားထောင်ကြတာကို  ခုထိအမှတ်ရနေဆဲပါ။  အဲဒီအချိန်ကစလို့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဗိုလ်ကြီးဝင်းသိန်း၊ ဗိုလ်ချုပ်ကြီးတင်ဦး စတဲ့ နာမည်တွေဟာ ကျွန်တော်နဲ့ ယဉ်ပါးခဲ့ပါတယ်။  ဘာမှန်းမသိညာမှန်းမသိ အဲဒီပုဂ္ဂိုလ်ကြီးတွေကို သဘောလည်းကျနေမိခဲ့တယ်။  အဖိုးတို့စကားဝိုင်းရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ဖြစ်မှာပေါ့လေ၊ ဒါက ကြီးမှ ပြန်တွေးမိတာပါ။

ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းဟာ နှစ်ပေါင်းများစွာ ဒဏ္ဍာရီဆန်ဆန် တည်ရှိနေခဲ့ပါတယ်။  ခရေစေ့ တွင်းကျ ဘယ်သူမှ မသိခဲ့ရပါဘူး။  ပြောဆိုခွင့်ရေးသားခွင့်လည်း ရှိမှမရှိဘဲကိုး၊ ဒီနေ့ ဒီအချိန်မှာတော့ အဲဒီ အရေးမှာ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ဗိုလ်ကြီးဟောင်း ဝင်းထိန် (ဦးဝင်းထိန်) က စာတစောင်ပေတဖွဲ့ တင်ဆက် ခဲ့ပါပြီ။


ရေးသူ - ဦးဝင်းထိန် ၊ ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု
(ကောင်းကင်သစ် စာပေတိုက်၊ ၂ဝ၁၆ အောက်တိုဘာ၊ တန်ဖိုး ၃,ဝဝဝ ကျပ်)



(၂)
ပထမဆုံးစာရေးသူ ဦးဝင်းထိန်ရဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ် သဘောထားကို ခုလိုတွေ့ရပါတယ်။

"မန္တလေးတက္ကသိုလ်က ဘွဲ့ရပြီးတော့မှ ကျောင်းဆရာလုပ်ရင်းနဲ့ အရာရှိဖြစ်လာတာပေါ့။  တပ်ရောက်တော့ တပ်က တာဝန် တွေထမ်းဆောင်တော့လည်း ပြောင်မြောက်တဲ့ဆောင်ရွက်ချက်တွေ မရှိခဲ့ဘူး၊ သူ့ရဲ့ထူးခြားချက်က အရာရှိကြီးတွေလာပြီ ဆိုရင် အင်မတန်ကို ပြာပြသလဲနဲ့ ဧည့်ခံလှုပ်ရှားတတ်တဲ့ အကျင့်ရှိတယ်။  အဲဒီခေတ်အခေါ်အရတော့ အနားပြာပေါ့။  အဲဒီလို အနားပြာ ဖြစ်ခဲ့တဲ့ပုံစံကို ကျွန်တော်ကသိခဲ့တော့ တပ်မတော်မှာ အဲဒီလိုလူမျိုးက စစ်ရေးအရ ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာစရာအကြောင်းကို မရှိဘူး။  သူက ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ PSO အနေနဲ့ ကျန်တဲ့အရာရှိတွေကို ဗိုလ် ကျတယ် အနိုင်ကျင့်တယ်၊ သြဇာပြတယ်၊ သြဇာပြတဲ့အလေ့အထရှိတော့ ကျွန်တော်နဲ့က ဦးသန့်အရေးအခင်းမှာလား၊ အလုပ်သမား အရေးအခင်းမှာလား မသိဘူး၊ ကျွန်တော်တို့က စစ်ရုံးမှာနေရင်းနဲ့ အဆက်အသွယ်တွေနဲ့ ဖြစ်စဉ်တွေကို လေ့ လာရပါတယ်။ အဲဒီလို နေ့မအိပ်၊ ညမအိပ်လုပ်နေရတဲ့အခါမှာ သူက သြဇာလာပြလို့ ကျွန်တော်နဲ့ ကတောက် ကဆဖြစ်ခဲ့ရ တယ်။ အဲဒီလိုဖြစ်ခဲ့ဖူးတဲ့အပြင် သူ့အရည်အချင်းက သာမန်ဆိုတော့ အထင်ကြီးစရာမရှိဘူး…" တဲ့။

အဲဒီအချိန်ဟာ အများသိကြတဲ့ အတိုင်း အာဏာရှင်ကြီး ဦးနေဝင်း ဗမာပြည်ကို အုပ်စိုးနေတဲ့ကာလပါ။  သူ့လက်အောက်က တပ်၊ လမ်းစဉ်ပါတီ၊ နိုင်ငံတော်ကောင်စီ စတာတွေဟာ ဦးနေဝင်းနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်စောင့် ရှောက်ကြရတာ ဖြစ်ပါတယ်။  တပ်က အရာရှိတွေလည်း ဒီအတိုင်းပဲပေါ့၊  အားတက်သရော စိတ်ပါလက်ပါ ကာကွယ်စောင့် ရှောက်သလား၊ မင်းတိုင်းကျေ (ခေတ်စကားအရတော့ ဖောရှော) ကာကွယ်စောင့်ရှောက်သလားဆိုတာပဲ ကွာမှာပါ။

ဦးဝင်းထိန်က ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ်ပေးတဲ့ မှတ်ချက်တွေဟာ ဟုတ်ကောင်းဟုတ်မှာပါ။  သို့သော်လည်း ဗိုလ်ကြီး အုန်းကျော်မြင့်ဟာ စစ်အာဏာရှင်တစုကို လုပ်ကြံဖို့ကြိုးစားရင်း အသက်စွန့်သွားသူ ဖြစ်ပါတယ်။  ဗိုလ်ချုပ်ကြီး သူရဦးတင် ဦးအတွက် မခံချင်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ပြည်သူအများရဲ့ဒုက္ခကို စာနာနားလည်မိလို့ပဲဖြစ်ဖြစ် သူ့ဘဝ၊ သူ့ရာထူး၊ သူ့အသက် ကိုပေးဆပ်သွားသူ ဖြစ်ပါတယ်။  အဲသလောက်ကြီး နှိမ့်နှိမ့်ချချ မရေးသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။

စာအုပ်ရဲ့အဆုံးမှာ ဦးဝင်းထိန်က ...

"အုန်းကျော်မြင့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က လူတိုင်းကိုသိတဲ့အခါကတော့ ကျွန်တော်အစမှာ ပြောခဲ့တာကတော့ အုန်း ကျော်မြင့်ကို အရာရှိချင်းယှဉ်ပြီးတော့ အထင်မကြီးတာကို ပြောခဲ့ဖူးတာရှိတယ်။ သို့သော် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ သူက ခံစားချက်ဖြင့်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တိုင်းပြည်ရဲ့ အပြောင်းအလဲ၊ ခေါင်းဆောင်တွေရဲ့ အပြောင်းအလဲ၊ လမ်းစဉ်ရဲ့ အပြောင်းအလဲကို လာပြီးတော့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတဲ့အခါ ကျတော့သမိုင်းမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အတွက် တခန်းတကဏ္ဍကနေ အနစ်နာခံပြီးလုပ်သွားတဲ့ပုဂ္ဂိုလ်လို့ ကျွန်တော်ပြောရင် မှားမယ်လို့မထင်ပါဘူး"  လို့ ပြန်လည် ရေးသားခဲ့ပေမယ့် ရှေ့စကားက ကျွံသွားခဲ့ပြီးပါပြီ။

(၃)
ဗိုလ်ကြီးအုန်းကျော်မြင့်တို့အမှု ရုံးထုတ်တဲ့အခါကျတော့ ဦးဝင်းထိန်လည်း ရုံးထွက်ပြီး အစစ်ခံရပါတယ်။  တရားခွင်မှာ ဦး ဝင်းထိန်က (အခြားသက်သေတွနဲ့ မတူဘဲ) တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို တရင်းတနှီး နှုတ်ဆက်တယ်။  နှုတ်ဆက် တဲ့အပြင် ဗိုလ်ကြီးအုန်းကျော်မြင့်လက်ကိုဆွဲပြီး လက္ခဏာတောင်ကြည့်လိုက်သေး တယ်။  ဒါကို SB တပ်မှူး  ဒု-ဗိုလ်မှူးကြီး ဦးစိုးမြင့်ကနေ “ဟေ့လူ ကိုဝင်းထိန် ခင်ဗျားတရားခံတွေနဲ့ မရောရဘူး” လို့ ပြောတယ်။  အဲဒီမှာ ဦးဝင်းထိန်က “ကျွန်တော် ဘယ်သိမလဲဗျာ။ ခင်ဗျားတို့မှ ကြိုပြောမထားဘဲနဲ့” လို့ ပြန်ပြောပါတယ်။  ဒီကိစ္စကို SB က အထက်ကို ဘယ်လို Report တင်ခဲ့သလဲဆိုတာ ဦးဝင်းထိန်က အခုလိုရေးပြထားပါတယ်။

"ကျွန်တော်အပြင်ရောက်တော့ မျိုးမြင့်က ကျွန်တော်ကိုပြောတယ်။ မင်းက တော်တော်နောက်တဲ့ကောင်ပဲ၊ ဘာလဲကွလို့ ပြန်မေးတော့ မင်းကိုရုံးထုတ်တုန်းက ရုံးရောက်တော့ တရားခံတွေထဲက ဗိုလ်ကြီးအုန်းကျော်မြင့်ကို Congratulations လုပ် တယ်လို့ ဟိုအထဲမှာပါတယ်တဲ့။ စသုံးလုံး Report ထဲမှာ ပါတယ်တဲ့"။

(မျိုးမြင့်ဆိုတာ ဦးဝင်းထိန်ရဲ့ သူငယ်ချင်း၊ အဲဒီတုန်းက ရဲချုပ်ဦးသန်းရွှေရဲ့ PSO)

လူတွေအများမြင်ကွင်းမှာ လက္ခဏာ ခဏတဖြုတ်ယူကြည့်တာကို လက်ဆွဲနှုတ်ဆက်တယ်ဖြစ်အောင် သတင်းပို့တတ်တဲ့ စစ်အာဏာရှင်ထောက်လှမ်းရေးအဖွဲ့အစည်းတွေကြောင့် ဒုက္ခရောက်ရသူ ပြည်သူအပေါင်း ဟာ မရေမတွက်နိုင်တော့ပါဘူး။  မဆလတခေတ်လုံး ထင်ရာစိုင်းခဲ့ကြမှာပါ။ ဘာအမှန်တရားမှမသိ၊ ဘာဥပဒေမှ မရှိပါဘူး။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေးစီရင်တာ ဥပဒေနဲ့ မညီပုံကိုလည်း ဦးဝင်းထိန်က --

"ဥပဒေရှိတယ်။ အဲဒီဥပဒေက ဘာလဲဆိုရင် သေဒဏ်ပေးတော့မယ်ဆိုလို့ရှိရင် မသေခင်တရက်မှာ သူ့ဘာသာ ရေးနဲ့ပတ် သက်ပြီးတော့ လုပ်ပေးရမယ်။ ဘုန်းကြီးနဲ့တွေ့ပြီးတော့ သီလယူတာတို့၊ ဘာတို့လုပ်ပေးရတယ်။ နောက်မိသားစုကို တနေ့ လုံး၊ တညလုံးတွေ့ခွင့်ပေးရမယ်။ စားစရာရှိရင် ဘာစားချင်လည်း လုပ်ပေးရမည်။ အဲဒီလိုဥပဒေကြောင်းအရ ရေးထားတာ ရှိသော်လည်းပဲ လုံးဝလျစ်လျူရှုပြီးတော့ ဇနီးကိုတောင်အသိမပေးဘဲ သေဒဏ်ပေးလိုက်တာပါ။ ဦးနေဝင်းရဲ့ လွန်ကဲမှုလို့ ပြောရမှာပေါ့" လို့ ရေးသားခဲ့ပါတယ်။

(၄)
"ဆရာသမားကြီးကလည်း တရက်ကျတော့ပြောတယ်။  ငါကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဖြစ်တုန်းက ငါ အထက် က ပုဂ္ဂိုလ်သမ္မတကော၊ ဝန်ကြီးချုပ်ကောပေါ့၊ အရေးယူချင်တဲ့ကိစ္စတွေကျရင် ဘယ်လို ဘယ်လိုအရေးယူ၊ လွယ်တယ်ကွာတဲ့၊ တချို့ ငါခံလိုက်ရတယ်တဲ့၊ တချို့ ငါ့နောက်ပိုင်းမှဖြစ်တဲ့လူတွေကျရင် အဲဒီလိုမဖြစ်ရအောင် ၁၉၇၄ မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်စေ၊ ပုဂ္ဂိုလ်သည် နိုင်ငံရေးအားဖြင့်၊ အုပ်ချုပ်ရေးအားဖြင့် အစစအရာရာမှာ ထူးထူးချွန် ချွန်ဖြစ်လို့ ဒီလိုနေရာမျိုးကို ရောက်ခဲ့တာ။ ဒီလိုလူမျိုးကိုတော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ကာကွယ်တဲ့ဥစ္စာတော့ ငါလုပ် ပေးခဲ့မယ်ဆိုတော့ အမယ်လေး ကျွန်တော်ဖြင့် ထိုင်ရှိခိုးချင်လိုက်တာ။ ရိုသေလိုက်တာ၊ ကန်တော့ချင်လိုက်တာ၊ သိပ်ချစ် သွားတာ၊ တို့ဆရာသမားကြီး တို့ကို ဒီလိုကာကွယ်စောင့်ရှောက်မှုရှိပါလားဆိုပြီး၊ ဒါပေမဲ့ အဲဒီညကျတော့ တင်ဦးပါလာ ပါတယ်။ ထွက်တော့လည်း တရားရဖို့ ကောင်းတယ် ထွက်တော့တဲ့။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ပြောစကား ကောက်နုတ်ချက်
ဗိုလ်ကြီးဟောင်း (ဦး) ဝင်းထိန်၏ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုစာအုပ်မိတ်ဆက်ပွဲ
(၁၉-၁ဝ-၂ဝ၁၆)

ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးနဲ့ပတ်သက်လို့ ဦးဝင်းထိန်က သူ့စာအုပ်မှာ ခုလိုဖော်ပြခဲ့ပါတယ်။

"တပ်မတော်ကို တပ်မတော်ပီပီသသအနေနဲ့ မဟုတ်ဘဲ နိုင်ငံရေးမှာ အသုံးချတဲ့အခါမှာ တော်လှန်ရေးကောင်စီ တက်က တည်းက တပ်မတော်ဟာ ဆိုရှယ်လစ်စနစ်ကို ကာကွယ်တဲ့ တပ်မတော်အဖြစ်နဲ့ နိုင်ငံရေးဇာတ်သွင်းခဲ့တယ်။  ဦးနေဝင်းက အခါအားလျော်စွာ အာဏာ ကစားတဲ့အခါ ကျွန်တော်တို့ နာယကကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကလည်း ကစားခံရတဲ့အခါမှာ ပါသွားတာပေါ့…" တဲ့။

ဒီနေရာမှာ စကားကြုံပြောချင်တာက တော်လှန်ရေးကောင်စီခေတ်ကတည်းက တပ်မတော်ဟာ ဆိုရှယ်လစ်စနစ်ကို ကာ ကွယ်တဲ့တပ်မတော်ဖြစ်တယ်လို့ ဦးဝင်းထိန်ရေးတာ ကျွန်တော်လက်မခံပါဘူး။း (ဦးဝင်းထိန် အလွယ်ရေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။)

စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့တပ်မတော်ပဲ ဖြစ်ခဲ့ပါတယ်။ သူရဦးတင်ဦး ဘယ်လိုဖြုတ်ချခံရတယ်ဆိုတာ ဦးဝင်းထိန်ရဲ့ စာအုပ်မှာ ဖော်ပြထားပြီး သူရဦးတင်ဦးရဲ့ “ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတဦး” (RFAအသံလွှင့်ချက်များ) စာအုပ်မှာလည်း ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။  ဦးနေဝင်းသား ဖြိုးဝေဝင်းရဲ့ ဆံပင်ရှည်ကို တပ်က ရဲဘော်တယောက်က အတင်းခေါ်ယူညှပ် မိလို့ ဦးနေဝင်းက အမျက်တော်ရှပါတယ်။ ဦးတင်ဦးကို မကြည်မလင်ဖြစ်ပါတယ်။  ဒါကိုမျက်တော်ပြေစေဖို့ ဦးတင်ဦးက ဗကပနယ်မြေ တစိတ်တဒေသကို သိမ်းပိုက်ပြီး ဦးနေဝင်းကို လက်ဆောင်မွန်ပြုဖို့ ကြံစည်စဉ်းစားခဲ့ပုံတွေ ဖော်ပြခဲ့တာလည်း ကျွန်တော်မှတ်မိနေပါသေးတယ်။  ဒါပေမဲ့ ဦးတင်ဦးအချိန်မရလိုက် တော့ပါဘူး။ သူ့ကို ဦးနေဝင်းက ဖြုတ်ချလိုက်ပါပြီ။

(၅)
ဒီလိုအဖြစ်အပျက်တွေကို ဖတ်ရ၊ ပြန်သတိရရတဲ့အခါတွေမှာ စစ်အာဏာရှင်စနစ်ဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပေး၊ နောက်ဆုံးအာဏာရှင်ကိုယ်တိုင်ကိုသော်မှ အကျိုးမပေးပါလားလို့ ဆင်ခြင်ရှုမြင်မိပါတယ်။ ဗိုလ်နေဝင်းတက်လာတဲ့ နောက်ပိုင်း မှာ ဗိုလ်နေဝင်းဟာ သူနဲ့ မတိမ်းမယိမ်းစစ်ခေါင်းဆောင်တော်တော်များများ (အာဏာသိမ်းဖက်များ) ကို အကြောင်းအမျိုးမျိုးနဲ့ လက်ဦးမှုယူကာ ရှင်းလင်းပစ်ခဲ့ပါတယ်။ (ဥပမာ-ဗိုလ်အောင်ကြီး၊ ဗိုလ်စောမြင့်) မဆလဖြစ်လာတော့လည်း ဒီအတိုင်းပဲ ဆက်ကျင့်သုံးပါတယ်။ သူရဦးတင်ဦးတို့ မျက်မှန်တင်ဦးအားနဲ့ ဖြုတ်တယ်။  နောက်တော့ မျက်မှန်တင်ဦးက တိုင်းပြည်ခေါင်း ဆောင် One and Half ဆိုတာမျိုးအထိ ဖြစ်လာတော့ ဗိုလ်နေဝင်းက သူ့အတွက် အန္တရာယ်ရှိလာပြီထင်ပြီး မျက်မှန်တင်ဦးကို ရှင်းပစ်ခဲ့တယ်။ နောက် နဝတခေတ်မှာ ဗိုလ်နေဝင်းက ဦးခင်ညွန့်ကို နေရာပေးမြှောက်စားခဲ့ပြန်တယ်။ ဒီနောက်ပိုင်းကိစ္စ တွေကတော့ ပြည်သူအများသိပြီးသားပါ။ ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွန့်တို့ကိုယ်တိုင် ဘယ်လိုအဆုံးသတ်ခဲ့ကြသလဲဆိုတာကို ပေါ့။

ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီဘက်ကိုကူးပြောင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦး တင်ဦးတို့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့ကို ကျွန်တော်လေးစားတန်ဖိုး ထားပါတယ်။  ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ဒီထက်တိုးပြီး ကြိုးစားအားထုတ်ကြလိမ့်ဦးမယ်လို့လည်း ယုံကြည်မျှော်လင့်မိကြောင်းပါခင်ဗျာ။

လက်ျာဝင်း

ဦးဝင်းထိန် ပုံ Illustration by James Ferguson (Credit Financial Times)