ဇာနီကြီး - ဂျပန် ဘာကြောင့် အောင်မြင်တာလဲ (မောင်ထွန်းသူ)နဲ့ အိုင်ကီကီတာမြန်မာ


ဇာနီကြီး - ဂျပန် ဘာကြောင့် အောင်မြင်တာလဲ (မောင်ထွန်းသူ)နဲ့ အိုင်ကီကီတာမြန်မာ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆


နိဒါန်း

ပုသိမ်မြို့က လူငယ် ကျောင်းအုပ်ဆရာမ တဦးနဲ့ ဆွေးနွေးခွင့်ရတော့ ""မြန်မာပြည် လက်ရှိပညာရေး (၂၀၁၆) ကတော့ ဂျပန်နိုင်ငံကို ကော်ပီလုပ်ထားတယ်" လို့ သူ့အမြင်ပြောသွားပါတယ်။ အသက်၃၀ အရွယ် ဖခင် ကွန်မြူနစ်တဦးရဲ့ စာအုပ်စင်နဲ့ကြီးပြင်းလာခဲ့သူ ၊ ပညာရေးတက္ကသိုလ်ဘွဲ့ရ ငယ်ရွယ်သူ ကျောင်းအုပ်ဆရာမပါ။ ယိုယွင်းပျက်စီးနေတဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းအုပ်ဆရာမ တာဝန်ယူထားသူပါ။ ပညာရေးဟာ လူတစ်ဦး မိသားစုတစ်ခု မက တိုင်းပြည်တခုကိုပါ အမြစ်က လှန်ပြောင်းလဲစေတဲ့ အရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက လူမည်းအနိုမ်ခံဘဝကနေ လွတ်မြောက်အောင်မြင်လာသူများရဲ့ တခုတည်းသောနည်းလမ်းက ပညာရေး ဖြစ်ပါတယ်။ ဒါကို အမေရိကန်က သမ္မတအိုဘားမား၊ နိုင်ငံခြားအမျိုးသမီးဝန်ကြီး မစ္စရိုက်စ်၊ လူ့အခွင့်ရေးကြိုးပမ်းသူ မာတင်လူသာကင်း စတဲ့ခေါင်းဆောင်တွေက သက်သေပြခဲ့ပြီးပါပြီ။ မြန်မာပြည် ပညာရေး ပြုပြင်ပြောင်းလဲရေး အမြန်ဆုံးအောင်မြင်ဖို့ ဒီစာအုပ် ဖတ်ရှုသူများအတွက် အသိတခုရရှိမှာပါ။

(၁)
ဂျပန်စီးပွားပညာရှင်တဦး မီချီဘို မိုနီရှီးမား Micho Morishima ကိန်းဘရစ်ဟောပြောပွဲများမှာ ပြောခဲ့တာတွေကို WHY HAS JAPAN SUCCEED စာအုပ်ထုတ်ခဲ့ပါတယ်။ မူစာအုပ်ကို မောင်ထိုက်ကြီးက ဘာသာပြန်ဖို့ မောင်ထွန်းသူ ထံ ချဉ်းကပ်ပါတယ်။ ၁၉၉၅ ကနေ ၁၉၉၉ အထိ စီစဉ်ပြီး ၂၀၀၀ ခုနှစ်မှာ မြန်မာဘာသာနဲ့ စာအုပ်ထွက်လာပါတယ်။ စာမျက်နှာ ၂၉၃ ရှိပါတယ်။ မူရင်းစာအုပ်ကတော့ ဂျပန်တွေရဲ့ နှစ် ၅၀၀၀ ရှည်တဲ့ သမိုင်းကြောင်းများစွာ ရေးသားထားလို့ မြန်မာများအတွက် သင့်လျှော်အောင် သမိုင်းအဖြစ်ပျက်တွေကိုဖြတ်ညှပ်ဘာသာပြန်တယ်လို့ အမှာစာ ရေးထားပါတယ်။

ယခင်က ဒီစာအုပ်ကို ဖတ်ရှုဖူးပြီး အားကျရုံ သက်သက်ပါ။ ယခု ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်စတင်ချိန်မှာ ဖတ်ရှုရခြင်းက ပိုပြီးလက်တွေ့ဆန်လာပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကြီးကို စိုးရိမ်ကြီးစွာ နေခဲ့ရတဲ့ ဂျပန်လူမျိုးများအကြောင်း အမှာစာ (၁၉မျက်နှာ)၊ နိဒါန်း (၂၀မျက်နှာ)၊ တိုင်ကာပြုပြင်ပြောင်းလဲရေးသမိုင်း (၅၂မျက်နှာ)၊ ၁၈၆၇ - မေဂျီပြုပြင်ပြောင်းလဲရေးသမိုင်း၊ ဒုတိယကမ္ဘာစစ်ရှုံးသည်အထိ (၂၄မျက်နှာ)၊ ဂျပန်အင်ပါယာ - ၁ (၅၂မျက်နှာ)၊ ဂျပန်အင်ပါယာ -၂ (၅၅မျက်နှာ)၊ ဒုတိယကမ္ဘာစစ်ရှုံးပြီး ဆန်ဖရန်စစ္စကိုအုပ်ချုပ်ရေး (၅၀ မျက်နှာ)၊ နိဂုံး (၃မျက်နှာ) ရသဆန်ဆန် ပေါ့ပေါ့ပါးပါး ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်း နားလည်ဖို့ စာအုပ်ရဲ့ ၈၀% လောက် ဂျပန်သမိုင်းကို အခန်း ၄ ခန်း တွေ့ရပါတယ်။

(၂)
၇၇နှစ် ကြာတဲ့ မေဂျီပြုပြင်ပြောင်းလဲရေးခေတ်မှာ ဂျပန်နိုင်ငံဟာ အနောက်နိုင်ငံကြီးများရဲ့ စစ်တပ်၊ ရေတပ်နဲ့ စီးပွားရေး အင်အားကြီးများကို ကြံ့ကြံ့ခံ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ကမ္ဘာ့ ထိပ်တန်း စစ်ရေး၊ စီးပွားရေး နိုင်ငံကြီးဖြစ်ခဲ့ပါတယ်။ ကိုးရီးယား၊ တရုတ် နယ်မြေများကို ကိုလိုနီအဖြစ် သိမ်းပိုက်ရင်း မေဂျီခေတ် နောက်ဆုံးကာလ ဒုတိယကမ္ဘာစစ် အမေရိကန်ကို စစ်ကြေငြာ တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးဒဏ်၊ ဗုံးဒဏ်ကြောင့် ဂျပန်လူမျိုး သန်းပေါင်းများစွာ သေဆုံး၊ မြို့ကြီးများ ပြာကျသွားတဲ့နောက် ဂျပန်စစ်အာဏာရှင်စနစ် ကျဆုံးသွားရပါတယ်။ သမိုင်း နှစ် ငါးထောင်လောက် လွတ်လပ်တဲ့နိုင်ငံဘဝကနေ အမေရိကန်ခေါင်းဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။

မြန်မာပြည်လဲ ဗြိတိသျှအင်ပါယာအောက်မှာ အာရှအချမ်းသာတဲ့ နိုင်ငံတခုအဖြစ် တိုးတက်ကြီးပွားခဲ့ပေမဲ့ စစ်အာဏာရှင် ၅၅နှစ် အုပ်ချုပ်ခံရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သွားပါတယ်။ စစ်အာဏာရှင်များက အာဏာလွှဲအပ်ပေးတဲ့ ၂၀၁၆ ရွေးကောက်ပွဲပြီးချိန် အစိုးရသစ်ပေါ်လာပါတယ်။

၇၇ နှစ် မေဂျီခေတ်က အလွန် အောင်မြင်ပေမဲ့ နောက်ဆုံး ၁၅ နှစ်ကာလဟာ စစ်ဝါဒီများ ကြီးစိုးသွားပြီး နောက်ဆုံးမှာ ဂျပန်စစ်ဝါဒီ ကျဆုံးပြီး အမေရိကန်ရဲ့စစ်ရေး အကွယ်အကာအောက်မှာ ဂျပန်နိုင်ငံသားများ နေထိုင်ရတဲ့အခြေအနေ ရောက်သွားရပါတယ်။ ဂျပန်မှာလဲ မေဂျီခေတ်ကတည်းက အစိုးရပိုင်စီးပွားရေး မထားတော့ပဲ အားလုံး ပုဂ္ဂလိကစီးပွားရေးပါ။ အစိုးရပိုင်လုပ်ငန်းဆို ဂျပန်လူမျိုးလဲ လူဆိုတော့ ခြစားတာပဲလေ။

ဂျပန် စစ်အာဏာရှင်များ ကျဆုံးသွားပြီးတဲ့နောက် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မက်အာသာ ခေါင်းဆောင်တဲ့ တပ်ပေါင်းစုကြီးနဲ့ ဂျပန်လူမျိုး အစိုးရအဖွဲ့တို့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ကြပါတယ်။

(၃)
အိုင်ကီကီတာ Ikki Kita (1883 - 1937) ဆိုတဲ့ စာရေးဆရာတဦး ဂျပန်စစ်ဝါဒီများ ကြီးစိုးနေတဲ့အချိန် ၁၉၁၉ ခုနှစ်မှာ စာအုပ်တအုပ်ထုတ်ဝေခဲ့ပါတယ်။ Outline plan for the Reconstruction of Japan စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုနှစ်ခြိုက်တဲ့ ဂျပန်တပ်မတော်က လူငယ်စစ်ဗိုလ် ၁၂ဦး နဲ့ စစ်သားပေါင်း ၁၄၀၀ နဲ့ ဝန်ကြီးချုပ်ရုံး၊ ဘုရင့်အိမ်တော်၊ မြို့တော်ရဲဌာနချုပ် တွေကို သိမ်းပိုက်ခဲ့ပါတယ်။ 26 February Incident 1936 လို့ အမည်တွင်တဲ့ အာဏာသိမ်းပွဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘုရင်မင်းမြတ်မှတပါး အစိုးရအကြီးကဲများနဲ့ စစ်ဝါဒီ ဒုစရိုက်သမားများကို ဖယ်ရှားရေး ဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်ကြီး (၃)ဦး ဘဏ္ဍာရေးဝန်ကြီး၊ ပရီဗီတံဆိပ်တော်ထိန်း နဲ့ ဗိုလ်ချုပ်ကြီးတဦး အသတ်ခံရသေဆုံးပြီး၊ တိုက်ပွဲများနဲ့ ညှိနှိုင်းမှုများ ၃ ရက်အကြာမှာ သူပုန်စစ်ဗိုလ်များ မိမိကိုယ်ကိုအဆုံးစီရင်ပြီး လက်နက်ချ အဆုံးသတ်သွားပါတယ်။

လက်နက်ချတဲ့ အရာရှိနဲ့စစ်သား ၁၄၈၃ ဦး စလုံး ခုံရုံးတင်စစ်ဆေးပြီး၊ ၁၂၄ဦး ကို အပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ ၁၉ ဦး ကို သေဒဏ်နဲ့ ကွပ်မျက်ခဲ့ရာမှာ စာရေးဆရာ ကီတာ အပါအဝင်ဖြစ်ပါတယ်။ ကီတာ ကို ၁၉၃၇ သြဂုတ်လ (၁၉)ရက်နေ့မှာ ကွပ်မျက်ခဲ့ပါတယ်။ ကီတာကို နောက်ဆုံးစကားပြောခွင့်ရတဲ့ သူ့ညီ ပြန်ပြောတာကတော့ "ဒီ ပုန်ကန်မှုမှာ ငါလုံးဝ မပါခဲ့ဘူး၊ ငါရေးထားတဲ့ စာတွေကို ကြိုက်တဲ့လူတွေက ထပြီး ပုန်ကန်တာမို့ ငါ့ကို အထင်ခံရတာ " လို့ ပြောသွားခဲ့ပါတယ်။

ဂျပန်စစ်တပ်က သဘောထားပျော့တဲ့ စစ်ဗိုလ်ချုပ်များ ဖယ်ရှားခံခဲ့ရပါတယ်။ စစ်ဝါဒီများ ပိုမိုအားကောင်းလာပြီး ဒုတိယကမ္ဘာစစ် အာရှတိုက်မှာ ပြင်းထန်စွာဖြစ်ခဲ့ပါတယ်။ ကိုးရီးယား၊ တိုင်ဝမ်၊ တရုပ်ပြည်နဲ့ အရှေ့တောင်အာရှ မြန်မာ၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ဒုတိယကမ္ဘာစစ်ဒဏ် အလူးအလဲခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ဂျပန်စစ်ရှုံးပြီး အမေရိကန် မဟာမိတ်တပ်များ အုပ်ချုပ်ရေး ပြီးဆုံးတဲ့ ၁၉၅၂ ခုနှစ်မှာ 26 February မှာ ကျဆုံးသွားတဲ့ ၂၂ ဦးရဲ့ ပြာအိုးများကို ဆာမူရိုင်း ၂၂ ဦးအုတ်ဂူ အဖြစ် အထိမ်းအမှတ်ပြုလုပ်ထားပါတယ်။

(၄)
ဆန်ဖရန်စစ္စကိုအုပ်ချုပ်ရေး ... ၁၉၄၅ ခုနှစ်မှာ ဂျပန်စစ်အာဏာရှင်များ လက်နက်ချ အရှုံးပေးတော့ အမေရိကန်စစ်တပ်ကြီး ဂျပန်နိုင်ငံကို ဝင်ရောက်တပ်စွဲလိုက်ပါတယ်။ ဂျပန်စစ်တပ်ကြီးလဲ လက်နက်ဖြုတ်သိမ်းလိုက်ပြီး  ဂျပန်စစ်ခေါင်းဆောင်ကြီးများကို ခုံရုံးတင် သေဒဏ်နဲ့ ပြစ်ဒဏ်ကြီးများ ပေးပါတယ်။ ဂျပန်နိုင်ငံမြို့ကြီးများလဲ ဗုံးဒဏ်များကြောင့် ပြာပုံဘဝ ရောက်နေချိန်၊ ထိတ်လန့်နေတဲ့ ဂျပန်လူထုကြီးအဖို့ ဝင်ရောက်လာတဲ့ အမေရိကန်စစ်တပ်ကြီးဟာ အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ မိမိတို့ ဂျပန်စစ်တပ်ကြီးလို ကြမ်းတမ်းရိုင်းစိုင်း ညှင်ပမ်းနှိပ်စက်မှုများ လုပ်လေမလား ဆိုတဲ့ စိုးရိမ်ကြပါတယ်။ လက်တွေ့ကြုံပြီး စည်းကမ်းရှိတဲ့ အမေရိကန်စစ်တပ် အကြောင်းသိရှိ ယုံကြည်လာပါတယ်။ ဗိုလ်ချုပ်ကြီး မက်အာသာက အခြေခံအဓိက (၅)ချက်ကို ကြေငြာပြီး ဒီမိုကရေစီစနစ်သစ်တခု ကိုတည်ထောင်ဖို့ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို စေလွှတ်လိုက်တဲ့ မဟာမိတ်တပ်များဟာ ကိုယ်ကျင့်တရား မြင့်မားပြီး တင်းကြပ်တဲ့ စည်းကမ်းများအတိုင်း တိကျစွာနေထိုင်တဲ့ တပ်များ ဖြစ်ပါတယ်။ စစ်သားများနဲ့ ဂျပန်လူမျိုးများအကြား ပြသနာမပေါ်ပဲ ဆက်ဆံကြတဲ့အတွက် စံပြအုပ်စိုးမှု လို့ အသိအမှတ်ပြုရပါတယ်။

ဂျပန်နိုင်ငံကို နောက်တခါ စစ်အင်အားကြီးဖြစ်မလာဖို့ မဟာမိတ်တပ်ပေါင်းစုက ရည်ရွယ်တဲ့အတွက် ဂျပန်စစ်တပ်ကို လုံးဝဖျက်သိမ်းပါတယ်။ စစ်လက်နက်စက်ရုံများကို ကုန်ထုတ်လုပ်ငန်းများအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ ဒါပေမဲ့ ၁၉၅၀ ကိုရီးယားစစ်ပွဲမှာ အမေရိကန်နဲ့တရုတ် စစ်ပွဲကြီးဆင်နွဲ ရတဲ့အခါ အမေရိကန်ရဲ့ ပေါ်လစီပြောင်းလဲသွားပါတယ်။ အင်အားကြီးလာတဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကွန်မြူနစ်အန္တရယ် ကာကွယ်ဖို့ ဂျပန်နိုင်ငံကို ပျိုးထောင်ပေးတဲ့ ပေါ်လစီ ဖြစ်သွားပါတယ်။

(၅)
လယ်ယာမြေပြုပြင်ပြောင်းလဲမှု
ပြန်လည်တည်ဆောက်တဲ့ ဂျပန်နိုင်ငံသစ် New Japan ဟာ ကီတာရဲ့ စာအုပ်အတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ကီတာရဲ့ စာအုပ်မှာ လယ်ယာမြေပြုပြင်ပြောင်းလဲရေး Land Transform ပါဝင်ပါတယ်။ ကီတာက ဂျပန်လယ်သမားများ ပိုင်ဆိုင်တဲ့ လယ်ယာမြေများ မြေငှားဘဝ ရောက်ခဲ့ပြီး၊ အနည်းငယ်မျှသာရှိတဲ့ မြေပိုင်ရှင်များက လယ်မြေအမြောက်အများ ပိုင်ဆိုင်ကြတာ သတိပြုမိပါတယ်။ ဘုရင်ပိုင်တဲ့ လယ်မြေများကို ပြည်သူတရပ်လုံးကို လွှဲပေးရမယ်လို့ ကီတာ က ဆိုပါတယ်။ ကီတာ ရဲ့ လယ်ယာမြေ ပြုပြင်ရေး အယူအဆများကို မဟာမိတ်တပ်များ ဌာနချုပ်ရဲ့ လမ်းညွန်မှုနဲ့ အကောင်ထည်ဖေါ်ပါတယ်။ ၁၉၄၇ လယ်ယာမြေ ဥပဒေအရ ယခင် လယ်သမားများ လယ်မြေပိုင်ဆိုင်မှု ၂၆.၅ ရာနှုန်း ကနေ ၅၇.၁ ရာနှုန်း တက်လာခဲ့ပါတယ်။ လယ်ငှားလုပ်ရတဲ့ လယ်သမားများဟာ ၂၆.၆ ရာနှုန်းကနေ ၇.၉ ရာနှုန်းကို ကျဆင်းသွားပါတယ်။ လယ်လုပ်သူများ စားဝတ်နေရေး ဖူလုံ အဆင်ပြေပြီးမှ သူတို့ရဲ့ မျိုးဆက်များ စက်မှုကုန်ထုတ်လုပ်ငန်းကို ချောမွေ့စွာ ပြောင်းလဲခြင်းနဲ့ ဆင်းရဲချမ်းသာ ကွာခြားမှု လျော့နည်းလာပါတယ်။

ဘာကြောင့် ကီတာ လယ်ယာမြေပြုပြင်ရသလဲ၊ မေဂျီခေတ်ကတည်းက လယ်ယာမြေပြုပြင်ပြောင်းလဲလို့ စက်မှုလုပ်ငန်းတွေပါ တိုးတက်လာတာပဲ ..ပြောစရာရှိပါတယ်။ စစ်ဝါဒီ စနစ်ကြီးစိုးလာချိန်မှာ တဖြေးဖြေးနဲ့ လယ်လုပ်သူများရဲ့ လယ်မြေ တဖန် ဆုံးရှုံးသွားပြန်လို့ ဖြစ်ပါတယ်။

လယ်ယာမြေပြုပြင်ပြောင်းလဲခြင်းက အလွန်အရေးကြီးပါတယ်။ နိုင်ငံတခု ဂျီဒီပီ မြင့်မားနေပေမဲ့ ဆင်းရဲချမ်းသာကွားခြားမှု နည်းပါးမှ ဖွံ့ဖြိုးတိုးတက်တာပါ။ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား တို့ဟာ လယ်မြေပြုပြင်ပြောင်းလဲခြင်းကို အောင်မြင်စွာလုပ်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သွားပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကတော့ မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံလည်း လယ်မြေပြသနာ အလွန်များပြားနေလို့ ပြုပြင်ရေး အမြန်ဆုံး လုပ်ရပါမယ်။

(၆)
ပညာရေးပြုပြင်ပြောင်းလဲမှုများ
မေဂျီခေတ်ကတည်းက ဂျပန်ပညာရေးစနစ်က ကမ္ဘာမှာ အကောင်းဆုံးတခု ဖြစ်ပါတယ်။ အနောက်တိုင်းက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများကို ပိုက်စိတ်တိုက်လေ့လာပြီး ပညာယူခဲ့ပါတယ်။ ရေတပ်ဝန်ကြီးဌာနမှာ ဗြိတိသျှ ၈၇ယောက်၊ အမေရိကန်တယောက်၊ ဒပ်ခ်ျ ၂ယောက်၊ ပေါ်တူဂီ ၁ယောက်၊ ကြည်းတပ်မှာ ပြင်သစ် ၄၆ ယောက်၊ ဗြိတိသျှ ၁၆ ယောက်၊ အီတလီ ၃ယောက်၊ မီးရထားဘုတ်နဲ့ကြေးနန်းဌာနမှာ ဗြိတိသျှ ၅၆ယောက်၊ ဆောက်လုပ်ရေး ဘုတ်အဖွဲ့မှာ ဒပ်ခ်ျ ၆ယောက်၊ ဆေးကောလိပ်မှာ ဂျာမန် ၆ယောက်၊ တိုကျိုအင်ပီရီယယ် တက္ကသိုလ်မှာ ဗြိတိသျှ ၅ယောက်၊ တရုတ် ၁ယောက် တို့ဖြစ်ပါတယ်။ မေဂျီအစိုးရဟာ ဂျပန်တက္ကသိုလ်ကျောင်းသား အမြောက်အများကို အနောက်နိုင်ငံများနဲ့ အမေရိကန်နိုင်ငံကို ပညာသင်စေလွှတ်ခဲ့ပါတယ်။

ဂျပန်ပညာရေး မေဂျီခေတ်ကတည်းက အလွန်မြင့်မားခဲ့ကြောင်း ထင်ရှားပါတယ်။ ဂျပန်နိုင်ငံ စစ်အပြီး စီးပွားရေးကမ္ဘာ့ထိပ်တန်း နှစ်တိုတိုအတွင်း ရောက်ရှိသွားသည်မှာ နဂိုကတည်းက ပညာရေးကောင်းခဲ့တဲ့အတွက် ၁၉၄၅ - ၁၉၅၅ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဟာ တိုတောင်းလှတဲ့ အချိန်အတွင်း ကမ္ဘာထိပ်တန်းအဆင့် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

စက်မှုပြုပြင်ပြောင်းလဲခြင်းများ ... အမေရိကန်မဟာမိတ် တပ်ပေါင်းစုနဲ့ ဂျပန်အစိုးရ စီးပွားရေးပြောင်းလဲမှုများကို စာအုပ်မှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစား လူတော်လူကောင်းများစွာကို တက္ကသိုလ်ပညာတတ်များ ဖြစ်အောင်လုပ်ပေးတဲ့ စနစ်၊ အင်ဂျင်နီယာများစွာ ပေါ်ပေါက်လာခြင်း နဲ့ သင်္ဘော၊ လူသုံးကုန်၊ ကုန်ထုတ်လုပ်ငန်း၊ ၁၉၆၀ နောက်ပိုင်း တဟုန်ထိုး တိုးတက်သွားပါတယ်။

နိဂုံး
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး
ဂျပန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ နောက်ဆုံး တရုတ်နိုင်ငံအထိ အောင်မြင်စွာပြုပြင်ပြောင်းလဲခြင်းမှာ ပညာရေးက အဓိကအချက်ပါ။ လူငယ်ပညာရေး အတွက် လူကြီး ဆရာ၊ ဆရာမတွေ ပညာရှာတတ်ဖို့လိုပါတယ်။ လစာနဲ့လောက်ငှစွာ စားနိုင်ဖို့၊ နေစရာအိမ်ခန်း၊ ကျန်းမာရေးအထောက်ပံ့ တွေလည်း မကြာခင် အဆင်ပြေလာမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမများကိုယ်တိုင် လေ့လာဖတ်ရှု ကြိုးစားဖို့အတွက် ဒီစာအုပ်မျိုးက နိုင်ငံအကျိုးပြု ရသ၊ သုတ စာပေဖြစ်ပါတယ်။

ဂျပန်စနစ်တွေ အတိုင်း လုပ်ဖို့ကတော့ မြန်မာလူမျိုးများအတွက် မသင့်လှပါ။ ဂျပန်စနစ်ကို မြန်မာ့သမိုင်းနဲ့အညီ မြန်မာမှုပြု  အသုံးချရမှာ ဖြစ်ပါတယ်။ ဂျပန်စနစ်ဆိုရင် တကမ္ဘာလုံးက အားကျ၊ လေးစား၊ အတုယူဖို့ စံနမူနာထားကြပါတယ်။ ဒီစာအုပ်ကလည်း ဂျပန်တွေ သူတို့သမိုင်း၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းများအကြောင်း ဖြစ်ပါတယ်။

အဂတိဆိုတာ နိုင်ငံအတွက် မကောင်းတဲ့ စရိုက်ပါ။ လက်ဆောင်ပေးတဲ့ စရိုက်က မြန်မာနဲ့အရှေ့တိုင်း ဂျပန်၊ ကိုးရီးယား၊ တရုတ်တွေမှာ ရှိပါတယ်။ ဒါပေမဲ့ လာဘ်နဲ့လက်ဆောင် ခွဲခြားတတ်ဖို့ အရေးယူဖို့ ဘယ်လိုလုပ်မလဲ ဆိုတာမျိုးပါ။ မြန်မာ့သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း က သမိုင်းသင်တာ "မအ" အောင်လို့ ပြောခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု အခြေခံပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပညာရေးဘတ်ဂျတ်ကို များစွာမြှင့်ပေးရုံမက ဘတ်ဂျတ်ငွေကို အဂတိနည်းပါးစွာ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။

စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာတပ်မတော် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေရာမှာ မြန်မာ့တပ်မတော်ကြီး ကိုယ်ကျင့်တရား မြင့်မားပြီး တင်းကြပ်တဲ့ စည်းကမ်းများအတိုင်း တိကျစွာနေထိုင်တဲ့ တပ်မတော်သားများ ဖြစ်လာပြီး တပ်နဲ့ပြည်သူအကြား စံပြအုပ်စိုးမှု ဖြစ်လာ(သင့်)ပါပြီ။ မြန်မာ့တပ်မတော်က နိုင်ငံအရေးအတွက် အလျှော့ပေးမှ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာတာ လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အထွေထွေအုပ်ချုပ်ရေးဌာနက ကာချုပ်လက်အောက်ခံ အုပ်ချုပ်နေတယ်ဆိုတာ အမှန်ပါ။ ညွန်ချုပ်၊ ညွန်မှုး၊ ပြည်နယ်တိုင်း၊ ခရိုင်၊ တချို့မြို့နယ်အထိတောင် စစ်ဗိုလ် သို့မဟုတ် အငြိမ်းစားဗိုလ်များ ဖြစ်နေပါတယ်။ ဒါကြောင့် တယ်မတော်သား သူတို့လည်း ဒီစာအုပ်ဖတ်ရှုသင့်ပါတယ်။

ဒီလို စာအုပ်မျိုးက မြန်မာပညာရေးရဲ့ ကမ္ဘာ့သမိုင်းပြဌာန်းစာအုပ်အဖြစ် အသုံးမပြုရင်တောင်၊ ကျောင်းဆရာ၊ ဆရာမ များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ဝေငှ သင့်လှပါတယ်။ မြန်မာများရဲ့ နှလုံးသားကို ရိုက်ခတ်စေတဲ့ စာအုပ်ဖြစ်ပြီး .. ပြုပြင်ပြောင်းလဲလိုသူတိုင်း ဖတ်ရှု လေ့လာသင့်တဲ့ စာအုပ်ကောင်းတခု ဖြစ်ပါတယ်။

ဇာနီကြီး
၁၀-အောက်တိုဘာ-၂၀၁၆