ဓာတ်ပုံ အောင်ဇော်မျိုး ● ကမ်းလက်ဆက်သူများ (Photo Essay)

ဓာတ်ပုံ အောင်ဇော်မျိုး ● ကမ်းလက်ဆက်သူများ (Photo Essay)
(မိုးမခမဂ္ဂဇင်း သြဂုတ်လထုတ်ပါ Photo Essay)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆

■ ပညာ လင်း၏ မလင်း၏၊ ကမ်းလက် ဆက်၏ မဆက်၏
ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အရပ်မျက်နှာအသီးသီးက နေရာအတော်များများမှာ အလုပ်လုပ်နေရတဲ့ ကျောင်းနေ အရွယ် ကလေးငယ်တွေကို တွေ့နေရဆဲပါ။  နယ်မြို့လေးရဲ့ လက်ဖက်ရည်ဆိုင်မှာလည်း သူတို့အသံတွေ ညံလို့၊  ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးရဲ့ ထမင်းဆိုင်ထဲမှာလည်း သူတို့အသံတွေ စူးလို့နေသလို မြို့လယ်ခေါင်က နာမည်ကြီး စားသောက်ဆိုင်မှာလည်း သူတို့အသံတွေ ပြာလို့ပါ။  ခေတ်အဆက်ဆက် လူတဦးချင်းစီဝင်ငွေဟာ နိမ့်ပါးလွန်ခဲ့တော့ ဒီက လေးတွေ ကျောင်းခန်းထဲမှာ စာမအံနိုင်တော့ဘဲ မိသားစု လက်ငင်းစားဝတ်နေရေးကို ဝိုင်းဝန်း ဖြေရှင်းနေရခြင်းပါ။  လက်ရှိ အစိုးရအနေနဲ့တော့ ကလေးတွေ ကျောင်းခန်းထဲက ထပ်ပြီးထွက်မလာဖို့နဲ့ ကျောင်းပြင်ပရောက်နေတဲ့ကလေးတွေ ကျောင်း ခန်းထဲ ပြန်ဝင်နိုင်ဖို့ လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။

■ ရန်ကုန်မြို့ လှည်းတန်း ခုံးကျော်တံတားအောက်က စာအံသံများ
တကယ့်လက်တွေ့မှာတော့ အစိုးရမဟုတ်တဲ့ ပရဟိတအဖွဲ့ငယ်တွေသာ ကျောင်းပြင်ရောက်နေတဲ့ ကလေးတွေကို စာရေး စာဖတ်တတ်အောင် သင်ကြားပေးနေတာတွ မြင်တွေ့နေရပါတယ်။  ဒီလိုအဖွဲ့တွေထဲက တဖွဲ့ကတော့ ရန်ကုန်မြို့ လှည်း တန်းခုံးကျော် တံတားအောက်မှာ ကလေးတချို့ရဲ့ စာအံသံတွေ ညံနေစေပါတယ်။

 
လမ်းဘေး ပရဟိတ စာသင်ဝိုင်းက စာသင်သားတချို့နဲ့ စာသင်ပေးနေသူ ပရဟိတလူငယ်များ။

“ဒီကလေးငယ်တွေထဲမှာ စာလုံးဝ မဖတ်တတ်၊ မရေးတတ်တဲ့သူတွေ ပါသလို အနည်းအကျဉ်း ရေးနိုင်၊ ဖတ်နိုင်သူတွေလည်း ပါပါတယ်။”

စိတ်ဝင်တစားသင်ယူနေတဲ့ လမ်းဘေး ကလေးငယ်များနဲ့ ပရဟိတလူငယ်။

“ကျောင်းပြင်ပရောက်နေသည့်တိုင် ကလေးတွေရဲ့ သင်ယူချင်စိတ်ဟာ ထက်သန်နေဆဲပါ။”

စာသင်သား ကလေးငယ်နဲ့ ပရဟိတလူငယ်။

“စာတင်မက စိတ်ကိုပါ သင်ကြပါတယ်။”

ရောင်းရမယ့်ပန်းတွေကို သီကုံးပြင်ဆင်နေတဲ့ စာသင်သားနှစ်ဦးရဲ့ မိခင်။

“သူ့ရဲ့ ကလေးနှစ်ယောက်ကတော့ ခပ်လှမ်းလှမ်းမှာ စာအံနေပါတယ်။”

စာသင်သား မောင်ရေချမ်း။

“ခိုက်ရန်ဖြစ်ပွားမှုတခုမှာ ပေါက်တူးနဲ့ချောင်းပြီး အရိုက်ခံခဲ့ရပါတယ်၊ ခေါင်းက ပတ်တီးနဲ့ဆိုပေမယ့် နေ့တိုင်း စာလာသင်ပါ တယ်။”

စာသင်သား ကလေးငယ်နှစ်ယောက်အတွက် ကူညီ ပန်းရောင်းပေးနေတဲ့ ပရဟိတလူငယ်များ။


“မီးပွိုင့်မိနေတဲ့ ကားတွေဆီ တစာစာ အော်လို့ ခေါက်တုံ့ခေါက်ပြန် လျှောက်ကြပါတယ်။” 

“ကျန်တဲ့ သူငယ်ချင်းတွေက စာသင်ပေးကြပါတယ်။”

ကျွန်တော်တို့ ဒီမှာ ဈေးရောင်းနေတဲ့ ကလေးတွေကို မေးကြည့်တယ်။

ကျောင်းနေခဲ့ရသလား၊ စာရေးတတ်သလား၊ စာဖတ်တတ်သလားပေါ့။  ရလာတဲ့ အဖြေတွေက အနည်းငယ် ကွဲပြားပေမယ့် တူညီတဲ့ အဖြေတခုကို ဘုံထုတ်ကြည့်တော့  --

“ဟုတ်ကဲ့ ကျွန်တော်တို့ ကျွန်မတို့ စာသင်ခန်းထဲကနေ စာမရေးတတ်ခင် စာမဖတ်တတ်မီ ထွက်ခဲ့ရပါတယ်၊ ပြီးတော့ အခု လို ဈေးရောင်းပြီး အိမ်ရဲ့ ဝင်ငွေကို အထောက်အကူ ပြုနေရပါတယ်၊ စာကို ဖတ်လည်း ဖတ်တတ်ချင်တယ်၊ ရေးလည်း ရေး တတ်ချင်ပါတယ်…”

ဒါဆို ကလေးတို့ ဈေးမရောင်းနဲ့တော့၊ ကလေးတို့ကိုယ်စား ဟိုအစ်မနဲ့ သူ့သူငယ်ချင်းတွေက ရောင်းပေးမယ်၊ ဒီဘက်က အစ်ကိုတို့က ကလေးတွေကို စာသင်ပေးမယ်…။

ဒါဟာ ဒီလမ်းဘေး စာသင်ဝိုင်းလေးရဲ့ အစပါ… လို့ ပါဝင်ကူညီ စာသင်ပေးနေတဲ့  ညီငယ် ကိုစွမ်းညီညီက ပြောပြပါတယ်။


ပရဟိတ လူငယ် ကိုစွမ်းညီညီ

“သူတို့ စာသင်ပေးနေတဲ့ ကလေးငယ်တွေဟာ ပြုပြုပြင်ပြင် နေလာကြတယ်လို့ ပြောပါတယ်။  ပြီးတော့ သတ်သတ်မှတ်မှတ် သင်ရိုးတခုနဲ့ သင်ချင်တယ်လို့ ဆိုပါတယ်။”

ကျောင်းသား နှစ်ယောက်တည်းနဲ့စခဲ့ပေမယ့် တလဆိုတဲ့အချိန်အတောအတွင်း စာတတ်လိုတဲ့ တခြား ကလေးငယ်တွေလည်း ပါဝင်လာတာကြောင့် စာသင်ဝိုင်းဟာ ကျောင်းသူ ကျောင်းသား  ၇ ယောက်ကနေ ၁၀ ယောက် အထိ ရှိလာပါပြီ။

နေ့စဉ် ည ၇ နာရီ က စပြီး ၈ နာရီခွဲမှာ ပြီးဆုံးတဲ့ ဒီလမ်းဘေး စာသင်ဝိုင်းကို ဦးဆောင်ပါဝင် ကူညီလုပ်ကိုင်သူတွေ အားလုံး ဟာ လူငယ်လေးတွေပါ။

မောင်ရေချမ်းနဲ့ သူ့အဖော် စာသင်သား။


“သူတို့ကို မြန်မာစာ ဗျည်းကနေ စ သင်ရတာပါ။ လွန်ခဲ့တဲ့ အချိန်တွေက နှမြောစရာဆိုပေမယ့် အခုအချိန်ဆိုလည်း နောက်မ ကျသေးပါ…။”

ဒီပရဟိတ လူငယ်လေးတွေဟာ သူတို့ရဲ့ အနာဂတ်အိပ်မက်ကို မက်နေရင်း တခြားသူတွေရဲ့ အိပ်မက်တွေကိုလည်း သိ အောင်မြင်အောင် အားထုတ်ပြီး ဆက်လက်ရှင်သန်နိုင်အောင် သူတို့ တတ်အားသရွေ့ ဉာဏ်အား၊ လုပ်အားကို ဝါယမ စိုက် ထုတ်နေကြတာပါ။  



ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဟာနေတဲ့ ကွက်လပ်ဖြစ်နေတဲ့ နေရာကို ဖြည့်ဖို့ ကိုယ့်ကိုယ်ကို တာဝန်ပေးပြီး ကျေ ပွန်တဲ့အထိ တာဝန်ယူမယ့် လူငယ်အဖွဲ့တခုအဖြစ် သူတို့ကို ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။

ဓာတ်ပုံ အောင်ဇော်မျိုး
(Street Photography)

(ယခု Photo Essay ကို မိုးမခမဂ္ဂဇင်း အတွဲ (၃) ၊ အမှတ် (၈)၊ သြဂုတ်လထုတ်တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)