မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၆)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၆)
(ပိုက်ဆံကြောင့်ပျက်စီးရတဲ့ ကျနော့်အနုပညာ)
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူ က အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြ သည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
    —-

မာန်။ ။ ဆရာစာရော မရေးသေးဘူးလား။
မင်းသစ်။ ။ ရေးပြီလေ၊ နောက်ပြီးတော့ ကျူရှင်သင်ရင်းတန်းလန်းနဲ့ မဂ္ဂဇင်းထုတ်နေပြီ၊ ၁၉၇၀ မှာ မိုးဝေမဂ္ဂဇင်းကို နတ်နွယ်နဲ့ ပေါင်းပြီးထုတ်နေပြီ၊ နောက် ကုန်တော့လည်း ရပ်သွားတာပေါ့လေ။ စာတော့ရေးဖြစ်တယ်၊ ဒီလကဗျာဆို နောက်လဝတ္ထု၊ နောက်လ ကဗျာ၊ နောက်လဝတ္တု၊ အဲဒီမှာမောင်မြင့်မြတ် (အညာတက္ကသိုလ်) ကနေ မောင်နဲ့နောက်က တက္ကသိုလ်ပြုတ် သွားတယ်၊ မြင့်မြတ်ဖြစ်သွားပြီ၊ ၁၉၇၀ ဩဂတ်စ်လမှာ ကျနော့်ရဲ့ပထမဆုံးဝတ္တုတို'လန်ဒန်မိုးခါးရေ'၊ နောက်ပိုင်းကျတော့ ကျနော်မင်းသစ်လို့ ကလောင်အမည် ပြောင်းပစ်လိုက်တယ်၊ ၁၉၇၀ စက်တင်ဘာလမှာ၊ မိုးဝေမဂ္ဂဇင်းထဲ'ကူးစက်တတ်သောခေတ်' ဆိုတဲ့ကဗျာမှာမင်းသစ်နဲ့စရေးတာ။

ကျနော်ပြောပြချင်တာက ဒီလိုပါ၊ ကာရန်ကို ဇွတ်ရှောင်နေရင်လည်း မရိုးသားတာပဲ၊ ဇွတ်ရှာနေရင်လည်း ညံ့ရာကျတယ်၊ အညံ့စားကဗျာဆရာပဲ၊ နောက် ပြီးတော့ ခေတ်သစ်ကြီးဖြစ်လာလို့၊ ခေတ်ပေါ်ကြီးဖြစ်လာလို့၊ ခေတ်သစ်မှာပေါ်တဲ့ စကားလုံးတွေ၊ ကာရန်တော့မနိုင်တော့ဘူးထင်ရင် မရေးကြနဲ့၊ အဲဒါကြောင့် အဲဒီကဗျာကျနော်ရေးတာ။

မာန်။ ။ပြောပါဦးဆရာအဲဒီကဗျာအကြောင်း..
မင်းသစ်။ ။ဂီတအသုံးအနူန်း အင်္ဂလိပ်စကားလုံးတွေကို  ကျနော်ကာရန်နဲ့ရေးပစ်တာ၊ (ဆရာက ကဗျာကို ခပ်အေးအေး ရွတ်ပြပါသည်)

တေးရေးမယ်လို့
အတွေးကလေးဈာန်ဝင်ပြီး
ကာရန်တွင်သံစဉ်နှော
အတောကလေးရှာဖွေ၊
တျာထံ၊ မြန်မာသံစစ်စစ်လေးတွေနဲ့
ခေတ်ရေးကိုတခါသီလို့၊
သာယာကြည် မဖောက်ပြန်သဘောရယ်နဲ့
မြန်မာပီ အနောက်ဟန်မနှောလေတဲ့
တေးကြောကိုတျံထာနဲ့
ရေးဖွဲ့မယ်လေ
ပယတ်၊ ဋ္ဌာန်၊ ဟန်၊ ကရိုဏ်းရယ်နဲ့
လမိုင်းမကွာ မပြတ်တီးသော်လည်း
မြည်ဟီးတာ ဘယ်လိုအသံလဲ
မြန်မာသံပျောက်ပြန်ထင်ထင့်
အောက်ပြန်မဝင် ဖလက်တဖန် ဟပ်(ဖ်)တွေနဲ့
ဖောက်ပြန်ချင် ကလပ်(ပ်) မမှန် ရှပ်(ပ်)တွေမို့
ဖြတ်ချင်ပါရဲ့ငါ့လက်တွေ။
အခက်သားလေ
ရတက်ပွားဗျာပွေလို့
အဖြေအရှာခက်လှချည်ရဲ့
စက်မပျော် ထိုင်လိုထလိုနဲ့
ချစ်သူကိုတိုင်တည်ညည်းကာ
အဖြေရှာတကယ်တွေ့ပြီပဲ
မနက်က နှစ်ကိုယ်ဆုံတော့
သင်းထုံထုံ ချစ်သူပါးမှာလ
သနပ်ခါး ဘယ်မမြင်ဘု
ဒီဇင်ဘာ ဆူဇင်မာ မိတ်ကပ်မွှေးတွေနဲ့
ဆေးနီခြယ်သူ့နူတ်ခမ်းကို
ချစ်သူရေ
ဗိုလ်လိုနမ်းခဲ့မိလို့လား။ ။

ကျနော်ပြောချင်တာက ရေးလို့ရပါတယ်ကွ၊ မင်းတို့ကြိုးစားကြပါ၊ အားထုတ်ကြပါဆိုတာ။

မာန်။ ။ကောင်းလိုက်တဲ့ကဗျာဆရာရယ်၊ (အသံဖိုင်အား သီးသန့်စီဒီကူးထားပါသည်)၊ ဆရာ အလွတ်ရွတ်သွားတာ တော် တော် အရသာရှိတယ်။ စကားလုံးတွေကို ကိုယ်ကြိုက်သလို သုံးလို့ရတာပဲနော်၊ ဒီတော့ဆရာရယ်၊ ဆရာတို့ အဲဒီခေတ် ကာလက စာပေမှာ ကာရန်မဲ့တာနဲ့ ဘာနဲ့ တော်တော်ပြင်းထန် ကြတယ်နော်။
မင်းသစ်။ ။ စပြီ၊ စနေကြပြီ။ အဲဒီတော့ ရှုမဝအုပ်စုက ကာရန်နဲ့ ရေးတယ်၊ မိုးဝေအုပ်စုက လွတ်လပ်ကာရန်နဲ့ ရေးတယ်၊ ကာ ရန်တော့ ပါတယ်၊ free verb ပေါ့၊ အဲဒါကို ရန်လုပ်ခံရတာနော်။ ဒါ ကာရန်ပါသေးတယ်။ ထားတော့။ အဲဒီမှာ ကျနော်စာ တော်တော်ရေးဖြစ်ပါပြီ။ ကဗျာ၊ ဝတ္တု၊ ကဗျာ၊ ဝတ္တု၊ ရေးတယ်။ နောက်ကျနော်မရေးတော့ဘူး။

မာန်။ ။ အကြောင်းရင်းက…
မင်းသစ်။ ။ အကြောင်းက ဘာမှမဟုတ်ဘူး။ ကျနော်ပိုက်ဆံရှာတာလေ။ ဟုတ်ပြီနော်။ တနည်းပြောလို့ရှိရင် ကျနော်ပိုက်ဆံတွေအများကြီးရတဲ့အချိန်မှာ ကျနော့်အနုပညာ ပျက်စီးသွားတယ်။ ကျနော့်ရဲ့ကာရိုက်တာလည်းပျက်စီးသွားတယ်။ ပိုက်ဆံ အရမ်းရတယ်။ အနုပညာအလုပ်များလုပ်ဖို့သတိကိုမရတာ။ ပေဖို့တေဖို့ သုံးဖို့ဖြုန်းဖို့ပဲ။ ကျူရှင်နဲ့ရတဲ့ပိုက်ဆံတွေပေါ့။
အဲဒီမှာအရက်မူးမူးနဲ့ ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့နေ့ချင်းပြန် မြီးရှည်သွားစားတာတို့ ဘာတို့ပေါ့။ အဲဒါအမှန်တော့ ကျနော့်ကာရိုက်တာ ပျက်စီးသွားတာပဲ။ ပိုက်ဆံ၊ ပိုက်ဆံကြောင့်၊ အနုပညာလည်း မလုပ်ဖြစ်ဘူး။ ဘယ်လောက်နာသလဲ။ စာမရေးပြန်ဘူး။ ဆယ်နှစ်လောက် ကြာသွားတယ်။

မာန်။ ။ ဆရာအိမ်ထောင်ကျတဲ့ကာလလေးပြောပါဦး။
မင်းသစ် ။ ။ အိမ်ထောင်ကျတာ ၁၉၇၁၊ မင်္ဂလာဆောင်တာတောင်မှ ဇာတ်ညွန်းရေးခလေးနဲ့ ဆောင်ရတာ။ ခင်မောင်ချင်းနဲ့ စန်းစန်းဝင်တို့ရဲ့ စပယ်မွှေးမွှေးအထွေးဖို့ဇာတ်ကားကို ကျနော် ဇာတ်ညွန်းရေးတယ်။ အဲဒီရတာလေးနဲ့ဆောင်ရတာ။ ဇာတ် ညွန်းရေးခလေးနဲ့ မင်္ဂလာဆောင်စရိတ်လုပ်ခဲ့ရတာ၊၊ တီးဝိုင်းကပလေးဘိုင်းက အလကားတီးပေးတယ်။ အဆိုတော်တွေ ကလည်း အလကားဆိုပေးတယ်။ မင်္ဂလာဩဘာဖတ်တာက မြန်မာ့အသံက အဘဦးသန်းမြင့်။ အဲဒါက အိမ်ထောင်ကြတာပေါ့၊

မာန်။ ။ ဟုတ်ပါပြီဆရာ၊ဆရာကျူရှင်သင်ပြီးတော့ပိုက်ဆံတွေတအားရ၊ အဲဒီမှာ စာပေဘက်မှာမလှည့်နိုင်၊ လူကလည်း ပျက်စီးတယ်။
မင်းသစ်။ ။ဟုတ်တယ်၊ ကာရိုက်တာပျက်စီးတယ်။ အနုပညာပျက်စီးတယ် အနုပညာအလုပ်ကို မလုပ်တော့ဘူး။ သီချင်း ကဗျာ ဘာမှမရေးတော့ဘူး။ ရေးဖို့လည်း မလိုတော့ဘူး။ အဲဒါက ပိုက်ဆံက လူကိုဖျက်ဆီးတယ်ဆိုတာ တနည်းအားဖြင့် ကိုယ်ညံ့လို့၊ ကိုယ်ညံ့တာပဲ။ လူငယ်တွေကို အဲဒီလိုမဖြစ်စေချင်ဘူး။ ဆိုပါစို့ ကဗျာဆရာလေးတယောက်နေ့ချင်းညချင်း သိန်းထောင်ချီပြီး ချမ်းသာသွားရင် ကဗျာရေးဖြစ်ပါ့မယ်လို့ သူအာမခံရဲလား၊ မလွယ်ဘူး။ အဲဒီလိုဗျာ၊ နောက်၊ ဆယ်နှစ်လောက်ကြာတဲ့အခါကျတော့လည်း ကျနော်မနေနိုင်ပြန်ဘူး၊ ဒီပိုးကြီးကရှိနေတာပဲ၊ ဟုတ်တယ်မို့လား၊ ဘယ်လောက်ပျက်စီးပျက်စီး၊ အဲဒါနဲ့ ကျနော် ငါးနှစ်လောက် ပြန်ရေးတယ်၊ မိုးဝေ၊ မြဝတီ၊ စစ်ပြန်။ တောင်းတဲ့နေရာတွေပေါ့၊ စစ်ပြန်ဆိုရင်တက္ကသိုလ်နန္ဒမိတ်၊အောင်သာမိုးရှိလို့ရေးဖြစ်တာ၊ မြဝတီမှာတော့ အောင်ပြည့်ရဲ့ညီ၊ ကိုကောင်းညွန့်ရှိလို့၊ မိုးဝေကတော့ထားတော့။

ဆက်လက်ဖော်ပြပါမည်။


သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။


အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃)အပိုင်း (၄)အပိုင်း (၅)