ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ - အပိုင်း (၂)


ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ - အပိုင်း (၂)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

၁၀။ အလားတူ နယ်ဘက်တက္ကသိုလ်ဘွဲ့ရကျောင်းဆင်း(OTS) အရာရှိတွေကိုလည်း အသက်ကြီးလို့ဆိုပြီး မသိမသာ ဖယ်တာ၊ ဗိုလ်မှူးချုပ်အဆင့်နဲ့အထက်အဆင့်ထိ သတ်မှတ်အချိန် ကာလပြည့်လို့မှ ရာထူးမတက်ဖူး (အပြစ်ရှာမရလို့ဖယ်ရခက်တာမို့) ဆိုပါက ပင်စင်ပေးထွက်ရမည်ဆိုကာ အောက်ပါအတိုင်းဖြစ်လာပြန်တယ်။

ဗိုလ်မှူးချုပ်ဆို (၁+၅) နှစ်၊ ဗိုလ်ချုပ်ဆို (၁+၄) နှစ်လို့ဆိုပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အဆင့်ဆိုရမှာ တိုင်းမှူးကို မရည်ရွယ်ဘဲ တွဲဘက် (စစ်ရေးချုပ်/ စစ်ထောက်ချုပ်)၊ တပ်ထိန်းချုပ်၊ ညွှန်ကြားရေးမှူး အချို့ရာထူးတွေ က ဗိုလ်ချုပ်တွေကို ဆိုလိုဟန်တူပါတယ်။ ဒါဟာ Line Up ထိုးတားတဲ့ DSA အများစုပေးထားတဲ့ တိုင်းမှူးတွေကို ထိခိုက်မှာစိုးလို့ဖြစ်ပြီး မကောင်းတတ်လို့ ဗိုလ်ချုပ်အဆင့်ပေးထားတဲ့ အခြားအပါတ်စဉ်အရာရှိကြီးတွေကို ပစ်မှတ်ထား ဖယ်လာမည့် သဘောရှိတယ်လို့ ဗိုလ်မှူးကြီးတစ်ဦး (ငြိမ်း) က ယူဆပါတယ်။ နောက်ပိုင်း နယ်ဘက် ဝန်ကြီးဌာနတွေကို ပြောင်းရွေ့ခွင့်ပိတ်နေရာ တချက်ခုတ်နှစ်ချက်ပြတ် အနေကြာ ရာထူးမတက်တော့ပါက ဗိုလ်မှူးချူပ်မှ ဗိုလ်ချုပ်အဆင့်ထိရှိသူတွေကို ပင်စင်ပေးမယ်ဆိုတာဟာ OTC နဲ့OTS ကျောင်းဆင်းတွေကို ရာထူးလည်း မတိုးပေးချင်၊ အပြစ်လည်းရှာမရ ၊ပြသနာလည်း မဖြစ်ပေမဲ့ အလိုလို ဖယ်လိုက်ပြီးသား ဖြစ်မဲ့အနေအထားလို့ သူက မြင်ပါတယ်။

၁၁။ ဘွဲ့ရမှ NDC (ယခု နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်)ပေးတက်ပြီး တပ်မမှူးအထက် အရာရှိကြီးအဆင့် ရာထူး စဉ်းစားမယ် ဆိုလို့ ဘွဲ့မရသေးတဲ့ OTC အလုပ်သင်ဗိုလ် (တေဇ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ထား) များဟာ စာပေးစာယူကို ပင်ပန်းကြီးစွာ ယူခဲ့ရပေမဲ့ တဖန် ဒီဘွဲ့ကို တန်ဖိုး မရှိသယောင် DSA တချို့က ပြောလာကြပါတယ်။ တကယ်တမ်း DSA မှာ သင်ခဲ့တဲ့ နယ်ဘက်တက္ကသိုလ်က သင်ခန်းစာ ၄နှစ်စာကို  ၂နှစ်နဲ့ချုံ့ပြီး သင်ကြားပေးထားရာ အဆိုပါ DSA ဘွဲ့ကို နယ်ဘက်မှာကော နိုင်ငံတကာကပါ အသိအမှတ်ကော ပြုကြရဲ့လား မေးစရာရှိပါတယ်။ အရာရှိတိုင်း ဘွဲ့ရမှ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းနိုင်မယ်ဆိုတာ  လက်ခံပေမဲ့ ဘွဲ့ရ OTC နဲ့ OTS ဆင်းအရာရှိများကို ဘာကြောင့် တိုင်းမှူး အများစု မပေးရတာလဲ ဆိုတော့ DSA ကို ဦးစားပေးချင်လို့အဖြေထွက်တယ်လို့ အဲဒီ ဗိုလ်မှူးကြီးက ဆိုပါတယ်။

၁၂။ တိုင်း၊ တပ်မ၊ စကခ၊ ဒကစ တပ်များ တိုးချဲ့လာရာ တပ်ဟောင်းများမှ လုပ်သက်ရင့် တပ်သားမှ ဆရာတွေကို တဆင့်မြှင့် ရာထူးတွေတိုးပေးကာ တပ်သစ်တွေ ပြောင်းခိုင်းလေရာ တပ်သစ်တွေမှာ ဆရာတွေများကာ တပ်ဆိုင်းဘုတ်သာရှိပြီး တပ်သားနည်းတဲ့ တပ်မဲ့ ဗိုလ်ဘဝ ကြုံရတဲ့ အရာရှိတွေလည်း ရှိပါတယ်။ တဖန် အရာရှိတွေ တဆင့်မြှင့် ရာထူးလစာ ခံစားရတဲ့ OFFICIATING ဘဝမှာ လူသစ်စုဆောင်းရမည် ဆိုတာမျိုး ဖြစ်လာပြန်တယ်။ စာရေးသူ သိရတာက စစ်ရေးချုပ်ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ကိုယ်ရေးအရာရှိဗိုလ်ကြီးဟာ တပ်မ(၁၁)မှာ တဆင့်မြှင့်ရာထူးအတွက် ပုသိမ်သွားပြီး ရဲဘော်(တပ်သားသစ်) တစ်ဦးကို ကျပ် တသိန်းပေးဝယ် ဖြည့်ပေးရတယ်လို့ဆိုပါတယ်။ စစ်သားစုဆောင်းရေး ဖိအားပေးလို့ တချို့တပ်တွေက လူသစ်ရပေမဲ့လည်း ချက်ခြင်း မပြရဲသေးဘဲ မိမိတပ်မှာ ခွင့်မဲ့ပျက်ကွက်များနေလို့ ချိန်ထိုး တင်နေရတာလည်း ရှိပါတယ်။ လူသစ် ဒလကြမ်း စုဆောင်းမှုကြောင့် ဘူတာရုံ၊ ဈေး၊ ကားဂိတ်တွေမှာ ကလေး၊ စိတ်လေသူများ၊ စာရိတ္တ ပျက်ယွင်းသူများ ပါလာပြီး တရားမဝင် လူကုန်ကူးမှုသဖွယ် ဖြစ်လာပါတယ်။

၁၃။ လူမှုမီဒီယာက ပေးပို့လာတဲ့ စစ်သည်တစ်ဦးရဲ့ လတလရဲ့ လစာရှင်းတမ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အသက်အာမခံ - ၈၄၂၀ ကျပ်၊
ဦးပိုင်အကျီင်္ -       ၇၀၀၀ ကျပ်၊
နာရေး -              ၅၀၀ ကျပ်၊
စစ်ဝတ် -             ၆၀၀ ကျပ်၊
ဦးပိုင်စုငွေ -     ၁၀,၀၀၀ ကျပ်၊
ကထိန် -            ၃၀၀၀ ကျပ်၊
လစာထုတ်စရိတ်-   ၅၀၀ ကျပ်၊
ဘုရားအလှူငွေ -     ၅၀၀ ကျပ်
---------------------------------------
ဖြတ်ငွေစုစုပေါင်း - ၃၀,၅၂၀ ကျပ်
-----------------------------------------
လစာ ဝင်ငွေ -    ၁၄၄,၄၈၀ ကျပ်
ဖြတ်ငွေ -          ၃၀,၅၂၀ ကျပ်
-------------------------------------------
ကျန်ငွေ -          ၁၁၃,၉၆၀ ကျပ်

အထက်ပါရှင်းတမ်းအရ စစ်သည်(တပ်သား)တစ်ဦးရဲ့ အခြေခံလစာမှာ (ရေး/၁၄) အရ (၁၂၀,၀၀၀) ကျပ် ရှိပြီး နှစ်တိုး ၂နှစ် လျှင် ကျပ်(၁၀,၀၀၀) နှုန်းနဲ့ အများဆုံး ကျပ်(၂၀,၀၀၀) ထိ ထားရှိသဖြင့် အဆိုပါ စစ်သည်အနေနဲ့ (၁၄၀,၀၀၀) ကျပ် ရဟန်တူပါတယ်။ ဒါ့အပြင် ဟင်းစားဖိုး ရိက္ခာစိုငွေကို တနေ့ (၇၅၀)ကျပ် နှုန်းရဖို့  ရှိနေသေးရာ ရှေ့တန်းမထွက်တဲ့ ရက်တွေအတွက် အစွန်းထွက် ကျပ် (၄၀၀၀) ကျော်ရနေတာ ဖြစ်နိုင်ပါတယ်။ အဆိုပါစစ်သည်ရဲ့ ခံစားချက်  ပေါ်ထွက်ပုံရပြီး ဖြတ်ငွေ ခေါင်းစဉ်အချို့ (ဦးပိုင်စုငွေ၊ ရောင်းမစွံတဲ့ ဦးပိုင်အကျီင်္ ဇွတ်ယူခိုင်းမှု၊ စစ်ဝတ်ဖိုး သဘာဝ မကျမှု၊ လစာထုတ်စရိတ် ယူတာ မရိုးသားမှု၊ ကထိန်နဲ့ ဘုရားအလှူငွေ) ဟာ ကာယကံရှင် ဆန္ဒမပါနိုင်ဘဲ ဖြတ်ထားတာ တွေ့ရပါတယ်။

၁၄။ အရာရှိဆိုရင် ယခင်ကလို ကက(နက်)က ဖွင့်ပေးတဲ့ သက်သာဆိုင်ပုံစံမျိုး အရာရှိစစ်ဝတ်ပစ္စည်း အရောင်းဆိုင် မရှိတော့သလို ဆေးပစ္စည်းနဲ့ ARMY RUM အရက်တွေဟာ ရောင်းမကောင်းကြတဲ့အတွက် အပိုဝင်ငွေ နည်းပါးသွားပါတယ်။ ပေါ်တာလို့ခေါ်တဲ့ ဝန်ထမ်းဆန် မရတော့တာမို့ တပ်သက်သာ ချောင်ချိရေး တဖက်တလမ်းမှ မလုပ်ပေးနိုင်တော့တာ ဖြစ်လာပါတယ်။ ဦးသိန်းစိန်အစိုးရကာလမှာ ကက(ဆေး)မှ စစ်ဗိုလ်ဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွေ့မည်အလုပ်မှာ နယ်ဘက်ဆရာဝန်များက ကန့်ကွက်တာမို့ နယ်ဘက်ပြောင်းပေးဖို့ ပိတ်သွားစေပါတယ်။

 ဆေးတက္ကသိုလ်မှ ပေါ်တာချောဆွဲခံရတဲ့ ဗိုလ်ကြီးသန့်ဇာနည်ဇေယျဟာ မယ်နယ်ပလော၊ ဝမ်ခတိုက်ပွဲကြီးတွေနဲ့ ရှမ်းပြည်နယ် ဝေလံခေါင်ဖျားတဲ့ တပ်နယ်တွေမှာ စွမ်းစွမ်းတမန် ကြိုးစားလုပ်ပြခဲ့ပေမဲ့ တပ်မှာ နှစ်စေ့လို့ သူ့ကို ထိပ်ပိုင်းလူကြီးတွေက ပြန်မကြည့်ခဲ့တာ တွေ့ခဲ့ရပါတယ်၊

၁၅။ တဖန် စစ်တိုက်ရန် မရှိက ပြည်သူ့အကျိုးပြုလုပ်ဆောင်ရန် ဆိုတဲ့ ခေါင်းစဉ်လှလှလေး တပ်ကာ Fatigue လုပ်အားပေး အတင်းအဓမ္မ ခိုင်းစေမှု ကြောင့် ခွင့်မဲ့ပျက်ကွက်၊တပ်ပြေးတွေ ဖြစ်ပွါးရတဲ့ အကြောင်းရင်း တရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့တန်းစစ်ဆင်ရေးမှ ပြန်လာလို့ လက်ချိုးရေရတဲ့ အနားယူကာလ ၁လ ခန့်ကာလလေးမှာ စစ်သည်တွေကို အနားပေး၊ မိသားစု ဧဧလူလူ မနေခိုင်းဘဲ လုပ်အားပေးခေါင်းစဉ်အောက်မှာ လိမ့်နေအောင် ခံခဲ့တာတွေ၊ တိုင်းစစ်ဌာနချုပ်က တပ်နယ်လုံခြုံရေး၊ ရန်သူသတင်းပေါ်လို့ဆိုကာ နားတဲ့ တပ်တွေကို အတင်းအဓမ္မ ရှင်းလင်းထွက်ခိုင်းတာတွေဟာ စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်။ ဒါကြောင့် စစ်သည်တွေက မြန်မြန် ရှေ့တန်းထွက်ရပါစေလို့ ရွှဲ့ပြီး ဆုတောင်းတာလည်း ရှိပါတယ်။ နဝတခေတ် ဝန်ကြီးဌာနတွေက ဈေးပေါပေါနဲ့ရတဲ့ စစ်သည်လုပ်အားကို (ပြောတော့ မင်းတို့နောင်ရေး ဦးပိုင်မှာ ထည့်ပေးမယ်ဆို ကာ) သုံးပြီး မြေလတ် မီးရထားလမ်း ဖေါက်လုပ်ခိုင်းတာမျိုးတွေဟာ တိုက်စွမ်းရည် ကျယုံမက စစ်စိတ်၊ စစ်မာန်ပျောက်ဆုံးကုန်တယ်၊ စစ်သားပေါက်တူးကိုင်တာ မဖြစ်သင့်ဖူးလို့စစ်ဆင်ရေးနံမည်ကျော် ဒုဗိုလ်ချုပ်ကြီး မောင်လှက ဝေဖန်ဖူးပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ပါတီ၊ စည်ပင်သာယာလို မြို့နယ် ဌာနဆိုင်ရာ ဆေးရုံ၊ ကျောင်းတွေက တပ်နယ်အစည်းအဝေးတွေမှာ မြို့သာယာလှပရေး၊ ကျန်းမာရေး၊ သန့်ရှင်ရေးဆိုတဲ့ ခေါင်းစဉ်များနဲ့ချယ်သပြီး ရှေ့တန်းပြန်တပ်တွေကို အနိုင်ကျင့်ကြကာ လုပ်အားပေး ထုတ်ခိုင်းနေလို့ စစ်ပြေးတွေ ဖြစ်ကုန်ကြပါတယ်။

၁၆။ တပ်မတော်က ထွက်သွားကြတဲ့ အရာရှိစစ်သည်တွေဟာ ပြင်ပနယ်ပယ်မှာ ဘာမှ မလုပ်စားတတ်ဘဲ မျက်စိသူငယ်နားသူငယ်နဲ့ မန်နေဂျာ မဖြစ်တဖြစ်၊ ဈေးကွက်အရောင်းတာဝန်ခံလိုလို၊ လုံခြုံရေး အကြပ်လိုလို ၊ ကားဒရိုင်ဘာ၊ စပယ်ယာ၊ အငှားကားမောင်း၊ ဆိုက်ကားနင်း၊ မြင်းလှည်းမောင်း၊ သမ္မာန်ခပ်၊ လက်မှတ်၊ ဂျာနယ် စာစောင်လိုက်ရောင်း ဘဝတွေမှာ ကျင်လည် ဖြတ်သန်းနေရပါတယ်။ ဦးပိုင်၊ MEC လို ဖက်စပ်ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်ခန့်ထားပေးတာ၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းတွေမှာ မတည် ထူထောင်ပေးခြင်းဖြင့် သူတို့ရဲ့ စားရေး၊ နေထိုင်ရေးကို ဦးစွာ ဖြည့်ဆည်းပေးမဲ့အစား သေခါနီးကျမှ ဘိုးဘွားရိပ်သာ ဆောက်လုပ်ပေးတာကြတော့ စိတ် မသက်မသာ ဖြစ်မိပါတော့တယ်။

၁၇။ တပ်တွေ စစ်သား(လူသစ်) မစုဆောင်းဖူးဆိုရင် အထက်ကလည်း လူသစ် မချပေးဖူးဆိုတာ သိရလို့ဒီလို အကြပ်ကိုင်တာမျိုး မဖြစ်သင့်ဖူးလို့မြင်ပါတယ်။ လက်ရှိ ခြေလျင်၊ခြေမြန်တပ်ရင်းတွေဟာ အင်အားအများဆုံးရှိ  (၁၂၀) ဦးသာ ရှိလို့ တပ်ရင်းပေါင်း (၅၂၂) နဲ့ (၇၀,၀၀၀) ခန့်သာရှိနိုင်တယ်လို့ တပ်မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ စာရေးသူ ယူဆတာက ဒီအင်အားဟာ ရှေ့တန်း စစ်ထွက်အင်အားဖြစ်နိုင်ပြီး နောက်ချန် အင်အားအနေနဲ့ တပ်ရင်းဌာနချုပ် တပ်ခွဲ၊ လစာကြပ်၊ လက်နက်ကုတ်၊ ဂတ်ကင်းအပါအဝင် ဆေးနိမ့်၊ ဆေးရုံ၊ သင်တန်းတက်၊ အားကစား၊ တွဲဘက်အင်အား (၈၀) ခန့် ရှိနေသေးရာ တပ်ရင်းတရင်း (၂၀၀) ခန့်ရှိနိုင်သေးပြီး မည်သို့ဆိုစေ အင်အား (၂၀၀) နဲ့တွက်ဦးတော့ ယခုဆိုရင် တပ်ရင်းပေါင်း (၆၀၀) ကျော်နေပြီး တပ်မတော်(ကြည်း) တိုက်ခိုက်ရေးအင်အားမှာ ယန္တယားတပ်ဖွဲ့၊ ပညာသည်၊ အကူလက်ရုံးတပ်ဖွဲ့၊ ရုံးSTAFFS များ မပါ အသားတင် အင်အား (၁၂၀,၀၀၀) ကျော်ရှိနိုင်ပါတယ်။ တပ်မတော်မီဒီယာမှ တက်လာတဲ့သတင်းအရ ကမ္ဘာနိုင်ငံပေါင်း ( ၁၂၆ )နိုင်ငံတွင်အဆင့်(၁၅) ရှိပြီး မြန်မာ့တပ်မတော်မှ တိုက်ပွဲဝင် စစ်သည်အင်အား (၄၀၆,၀၀၀ )ဦးရှိတယ်လို့ဆိုပါတယ်၊

၁၈။ တပ်သားသစ် စုမရလို့ ဖိအားဒဏ်မခံနိုင်ကာ တပ်ပြေးဖြစ်ကုန်တဲ့ စစ်သည်တွေ ရှိတယ်လို့အရာရှိ (ငြိမ်း) တစ်ဦးက ဆိုပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပိုနည်းသွားပြီး ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ (နောက်ပိုင်း တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အဆင့် သီးခြားခွဲထုတ်စေကာ) အဓမ္မ လူသစ်စုဆောင်းရေး လုပ်ကြတယ်လို့သူက ဆိုပါတယ်။ အိမ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေ၊ဘူတာရုံ ၊ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ ယောင်လည်လည် ဖြစ်နေတဲ့ ကလေးတွေ၊ သစ်ခိုးမှုနဲ့ ဖမ်းမိတဲ့ တရားခံတွေဟာ ပစ်မှတ်ဖြစ်လာတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ပြင်ပမှာ ရာဇဝတ်မှုဖြစ်ပြီး အရေးပေါ်ခိုလုံရာ နေရာဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ တစ်ရွာကို ဘယ်နှစ်ယောက်ဆိုတာလည်း ဦးသန်းရွှေ လေယာဉ်နဲ့သွားနေစဉ် အောက်ငုံ့ ကြည့်လို့ ရွာကြီးတွေကို တွေ့လိုက်ရာမှ ဒီလောက်လူတွေ အများကြီး မင်းတို့မရှာနိုင်ဖူးလား ဆိုပြီး ကြားသိရတယ်လို့ သိရပါတယ်။ စာရေးသူ သိရတဲ့ အခြားသတင်းအရင်းအမြစ်တခုက ကက(ကြည်း) လေးလပတ် အစည်းအဝေးတခုမှာ ဦးသန်းရွှေ တပ်မမှူး လုပ်ခဲ့တဲ့ သူ့ခေတ်နဲ့နှိုင်းယှဉ်ပြီး မြန်မာပြည်မှာ ရွာပေါင်း (၅၀,၀၀၀) ကျော်ရှိရာ တစ်ရွာ တစ်ယောက်နှုန်း နဲ့ဆိုရင် လူသစ် (၅၀,၀၀၀) ကို ဘာလို့မရှာနိုင်ရတာလဲ ဆိုပြီး ဖိအား ပေးတယ်လို့သိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)