မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၄၁


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၄၁
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

● တိတ်ဆိတ်သောည
ထိုညကတော့ ဘွဲ့နှင်းသဘင်ခန်းမဘေးက အပေါ်တက်သည့်လှေ ခါးထစ်ဘေးတွင် ထိုင်စကားပြောဖြစ်ကြသည်။ မိမိအ တွက်တော့ ခုမှသိရသည့် ကျောင်းသားတယောက်ဖြစ်သည်။ သူက မိမိသူငယ်ချင်းသိန်းမြင့်နှင့် ခင်မင်ရင်းနှီးသူ ပဲခူးက စက်မှု ကျောင်းသားတယောက်ဖြစ်သည်။ ထုံးစံအတိုင်း ယုံကြည်ချက်တွေအနာဂါတ်တွေနှင့်ပတ်သက်၍ အလေးအနက် ဆွေးနွေးဖြစ်ကြသည်။ အမှောင်ထုစိုးမိုးသော ညတည၏ မှုံပြပြအလင်းရောင်အောက်တွင် မိမိတို့စဉ်းစားမျှော်တွေးကြသည့်အနာဂါတ်ကား တောက်ပထိန်လင်းလွန်းလှသည်။

မိမိတို့နှင့် ထိုင်စကားပြောနေသည့် ဆံပင်နဲနဲရှည်ရှည် ပုဆိုးရှည်ရှည်ဝတ်သူ စက်မှုကျောင်းသား၏နာမည်က ကိုသိန်းလွင် ဖြစ်သည်။ ထိုညက ကွဲကွာပြီးနောက် သူနှင့် အတန်ကြာအောင် ပြန်မဆုံဖြစ်ခဲ့ပေ။ သူနှင့်မိမိသိကျွမ်းကြသည့် သူငယ် ချင်း တွေကတူနေတော့ သတင်းတွေတော့ ကြာကြာခဏ ကြားရတတ်သည်။ ၁၉၈၀ ခုနှစ် စလှမောင် ခေါ် စောလှဦးနှင့်တော့ "သိန်းလွင် ပြေးရလို့ ငါနဲ့ စလှငွေစီစဉ်ပြီး KNU ဘက်ပို့ပေးခဲ့ရသေးတယ်၊ နောက်တော့ အခြေအနေပြန်ကောင်းတာနဲ့ ရန် ကုန်ပြန်ဝင်နေတယ်" ဟူ၍ စတင်ကြားရသည်။

၁၉၉၅ နောက်ပိုင်း ကိုစိုးအောင်နှင့်တွေ့တော့ "သိန်းလွင်တစ်ယောက်NLD ပဲခူးတိုင်းစည်း လုပ်ရင်းပြေးရပြီ" ဟု ကြားရ သည်။ ၂၀၀၅ နောက်တွင်တော့ ဂျာမဏီတွင် ပညာရေးနှင့်ပတ်သက်သည့် Phd ဘွဲ့ယူပြီးနောက် ထိုင်းနယ်စပ်က ရွှေ့ ပြောင်းမြန်မာများ၏ စာသင်ကျောင်းများနှင့်ပတ်သက်၍ လှုပ်ရှားနေသည်ဟု ကြားရသည်။ ၂၀၁၂ နောက်ပိုင်းတွင်တော့ ပြည်တွင်းပြန်ရောက်လာသည် ကြားရသည်။ နောက် NLD တွင် အရန် CEC အဖြစ်တွေ့ရသည်။ နောက်တော့ NNER နှင့် ၂၀၁၅ ကျောင်းသားသပိတ်တွင် တွေ့ရသည်။ နောက်ပိုင်းတွင် NLD တွင်သိပ်မတွေ့ရဘဲ NNER ၏ ပညာရေးလှုပ်ရှား မှုများတွင် တွေ့ရသည်။

တကယ်တော့ ပြည်တွင်းပြန်ရောက်လာသော်လည်း မိမိမဆုံဖြစ်ပါ။ ၂၀၁၆ ထဲမှ ပဲခူးတွင်ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ် လည်ပွဲသို့ သွားရင်း ထိုပွဲတွင်ဆုံမိသည်။ သူကားယခုတော့ NNER ခေါ် မြန်မာနိုင်ငံပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်တွင် မြှုပ်နှံလုပ်ကိုင်နေပုံရသည်။ သူနှင့်မတွေ့ဖြစ်သော်လည်း သူငယ်ချင်းဖြစ်ကြသည့် သိန်းမြင့် ကို ဝင်းမြင့် ကိုစိုးအောင်တို့ထံမှ သတင်းတော့ကြားနေရတတ်သည်။ ကိုစိုးအောင် မကြာခဏရီမောပြောလေ့ရှိသည့် " သိန်းလွင် ကတော့ ပြောဘူးတယ်ကွ၊ ကျနော်တို့လက်ဝဲသမားတွေက အားလုံးကောင်းပါတယ်ဗျာ၊ ဝီစကီလေးကြိုက်တာနဲ့ မယားငယ် လေးယူချင်တာတခုပါဘဲလို့" ဟူသည့်စကားကိုတော့ ကောင်းစွာမှတ်မိနေသည်။ မိမိကဘဲ ဝီစကီကောင်းကောင်း ကြို က် လွန်းလှ၍လောတော့ မပြောတတ်။ သို့တည်းမဟုတ် ခြောက်ပြစ်ကင်းသဲလဲစင်မဖြစ်တတ်သော လူတို့၏သဘာဝကို ပေါ် လွင်စေ၍လည်းဖြစ်ပေမည်။

မည်သို့ဆိုစေ ၁၉၇၅ ဇွန်လ သပိတ်ကာလညချမ်းများတွင် ပါဝင်ခဲ့ကြဆုံခဲ့ကြသူများ ယနေ့တိုင်တိုင် မှတ်မှတ်ထင်ထင် ဖြတ်သန်းရင်ဆိုင်ကြဆဲပင်ဖြစ်ကြပေသည်။
စက်အဖွဲ့
၁၉၇၅ ဇွန် ၆ သပိတ်ကာလတွင် သူတို့အဖွဲ့အား လွယ်လွယ်ကူကူ စက်အဖွဲ့ဟုခေါ်ကြသည်။ ဘွဲ့နှင်းသဘင်ခန်းမ စက်ခန်းထဲတွင် သပိတ်ကော်မတီကြေညာချက်များ ပြည်သူသို့ပန်ကြားချက်များကို တရစပ် ပုံနှိပ်ထုတ်ဝေနေသောအဖွဲ့ဖြစ်သည်။ မိမိနှင့် သူတို့ လူချင်းမရင်းနှီးသော်လည်း အယူအဆချင်းက အနီးစပ်ဆုံး အဖွဲ့ဖြစ်သည်။ သူတို့သည်လည်း လက်ဝဲအနွယ်များဖြစ်ကြ၍ပြောရဆိုရအဆင်ပြေသည်။ သူတို့ထုတ်ပြန်နေသော ကြေညာချက်များကလည်း မိမိနှင့် အကြိုက်တူနေ၍ ဖြစ်ပေလိမ့်မည်။

စက်ခန်းထဲက ကိုစိုးဝင်းအကြောင်းတော့ ဖေါ်ပြပြီးခဲ့ပြီဖြစ်သည်။
နောက်တဦးကတော့ ဖိုးခွေးဖြစ်သည်။ ဖိုးခွေးက ထိုစဉ်က ငယ်သေးသည်။ တက္ကသိုလ်ကျောင်းသားမဟုတ်သေး အထက် တန်းကျောင်းသားမျှသာရှိသေးသည်။ သို့ပေမဲ တက်တက်ကြွကြွ ပြေးလွှားလှုပ်ရှားနိုင်သည့် လူငယ်လေးဖြစ်သည်။ သူတာ ဝန်ယူထားသည်က စက်ခန်းထဲက ကိုဦးလှစောတို့အဖွဲ့နှင့်ပြင်ပက တက်ကြွလှုပ်ရှားသူများဟုဆိုရသည့် လက်ဝဲယူဂျီ မြေ အောက်ယူဂျီဆရာကြီးများနှင့် ဆက်သွယ်ပေးခြင်းဖြစ်သည်။

ထိုဆရာကြီးများကတော့ တဦးက ကိုထွန်းအောင်ကျော်ခေါ် လိပ်ကလေးဖြစ်သည်။ ကိုထွန်းအောင်ကျော်က ကိုးကိုးပြန် ဖြစ်သည်။ လူဟောင်းအတွေ့အကြုံရှိသူဖြစ်သည်။ မြေပေါ် လက်ဝဲအုပ်စုကို စုစည်းလှုပ်ရှားနိုင်ရန်ကြိုးစားဆောင်ရွက်နေ သူဖြစ်သည်။ နောက်တဦးက ကိုကျော်ဇောဦးဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သားဖြစ် သည်။ ကိုထွန်းအောင်ကျော်နှင့် ကျော်ဇောဦးတို့ ပူးပေါင်းလှုပ်ရှားနေကြသည်။ အခြားသူများပါနိုင်သေးသော်လည်း ကျန်သူ များတော့ မိမိမသိပါ။ တခုတော့ရှိသည်။ ၁၉၇၅ တွင် CPB ပဲခူးရိုးမ ဗဟိုကျဆုံးပြီး အရှေ့မြောက်ဗဟို ပြန်ဖွဲ့စည်းခါစဖြစ်၍ သူတို့သည်လည်း အရှေ့မြောက်ဗဟိုနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသေးဟန်မတူပေ။ မိမိဘာသာ စုစည်းဖွဲ့စည်းပြီး ဆက်သွယ်ရန် ကြိုးစားနေဆဲကာလဖြစ်ပုံရသည်။

သူတို့နှင့် ကိုဦးလှစောတို့ကြား ဆက်သွယ်ပြေးလွှားနေသူကတော့ ဖိုးခွေးဖြစ်သည်။ ဆက်သားအဖြစ်နှင့် တာဝန်ယူခဲ့သူ ဖိုး ခွေးသည် နောင်စာအုပ်အဟောင်းတန်းတွင်လည်း ရပ်တည်ခဲ့သေးသည်ဟု ကြားရသည်။ သူတက္ကသိုလ် ဒုတိယနှစ် ၁၉၈၀ တွင် CPB ရှမ်းပြည်အလယ်ပိုင်းသို့ တောခိုလာကြသောကျောင်းသားများနှင့်အတူ သူလည်းပါလာသည်။ ၁၉၈၃ ခုနှစ် ရှမ်း ပြည်အလယ်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲတခုတွင်ကျဆုံးသွားခဲ့သည်။ တကယ်တော့ မိမိနှင့် ဖိုးခွေး ဇွန်သပိတ်ကာလက ဆုံဘူးပုံမရခဲ့ပါ။ သို့သော် သူနာမည်ကိုတော့ မကြာခဏ ကြားနေရသည်။ ထိုဇွန်အရေးတော်ပုံတပ်သားလေးသည်သူယုံကြည်ရာအတွက် တိုက်ပွဲဝင်ရင်း ရှမ်းပြည်တနေရာတွင် ကြွေလွင့်ခဲ့ရသည်။ ပြန်မလာနိုင်ခဲ့တော့။

စက်ခန်းထဲတွင် နောက်ထပ်တက်ကြွသူတဦးကတော့ ကိုဦးသာမောင်ဖြစ်သည်။ သို့သော် သူသည် ဇွန်သပိတ်ကာလတွင် အဖမ်းမခံခဲ့ရ။ ထို့ကြောင့်လည်း ၁၉၇၆ မှိုင်းရာပြည့်တွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။ တက်ကြွသူ ဥပဒေ အဓိကကျောင်းသား ကိုဦးသာမောင်နှင့် မိမိတို့ ဇွန်သပိတ်ကာလက မဆုံခဲ့ကြ။ စကားလက်ဆုံမကျခဲ့ကြပါ။ သို့သော် နောက်တနှစ်ကျော်ခန့် အကြာတွင် အရှေ့မြောက်တောင်တန်းများပေါ်တွင် သူနှင့်မိမိရဲဘော်ရဲဘက်များအဖြစ် ပြန်လည်ဆုံစည်းခဲ့ကြရသည်။

နောက်တယောက်ကတော့ မိမိတို့ ပြာလောင်ဟု ခေါ်ကြသည့် ဥပဒေအဓိက ရခိုင်ကျောင်းသား  ကိုအောင်တင်သိန်းဖြစ်သည်။ အရပ်ပုပု သွက်သွက်လက်လက် သွားလာလှုပ်ရှားတတ်သူ သူ့အသွင်အပြင်သည် တခါတရံပျာယာခတ်နေပုံရ၍ ပြာလောင် ဟု ကင်ပွန်းတပ်ခံရခြင်းဖြစ်ပုံရသည်။ သူနှင့ိမိမိက ဇွန်အရေးတော်ပုံမတိုင်မှီကထဲက အီကိုက သူငယ်ချင်းများနှင့် ပတ်သက် ၍ သိသည်။ ဇွန်သပိတ်ကာလအတွင်း မိမိနှင့်သူ သိပ်စကားပြောခွင့်မကြုံခဲ့ပေ။ ခဏတဖြုတ်သာ စကားပြောခွင့်ကြုံခဲ့ သည်။ သူကတော့ သူစတိုင်အတိုင်း ပြာယာခတ်ပြေးလွှားနေ၍ ပြောခွင့်မကြုံ ခြင်းလည်း ဖြစ်ပုံရသည်။ ပြာလောင်ဟူသော နာမည်ပြောင်နှင့် သူနှင့် လိုက်ဖက်သည်ဟု ဆိုရပါမည်။

၁၉၇၅ ဇွန် သပိတ်တွင် ထောင် ၇ နှစ်ကျသွားသည်။ ၁၉၈၈ အရေးတော်ပုံအပြီး နဝတတက်တော့ CPB မြောက်ပိုင်းဗျူရို အခြေစိုက်ရာ မုန်းကိုးသို့ သူရောက်ရှိလာသည်။ ထိုအချိန်တွင် CPB က ၁၉၈၈ ကာလရောက်လာသူများအား DPA ခေါ် ဒီမိုကရေစီပြည်ချစ်တပ်မတော် ဖွဲ့စည်းရန်ပြင်ဆင်နေစဉ် သူလည်း ထိုတပ်ဖွဲ့တွင်ပါဝင်ရသည်။ သိပ်ကံမကောင်းလှဟု ဆိုရမည်။ သူ ရောက်လာပြီး လပိုင်းအကြာ CPB မုန်းကိုးဒေသတွင် ကိုးကန့်တို့က အာဏာသိမ်းပွဲနှင့် ကြုံရသည်။ သို့ဖြစ်ရာ DPA တပ်ဖွဲ့လည်း ထိုစဉ်က CPB ၁၀၁ စစ်ဒေသ ကန်ပိုင်တီဒေသသို့ ပြောင်းရွှေ့ရသည်။ ထို့နောက် CPB ၁၀၁ ဒေသလည်း NDAK ဒီမိုစီသစ်တပ်မတော် ကချင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနဝတ အစိုးရနှင့်ငြိမ်းချမ်းရေးယူလိုက်ရာ DPA လည်း ကန် ပိုင်တီမှ အောင်မြင်စွာ ဆုတ်ခွာခဲ့ရတော့သည်။

ထို့နောက် ကိုအောင်တင်သိန်းတယောက် တရုတ်ပြည် ရွှေလီသို့ရောက်သွားသည်။ ထိုနောက် သတင်းမကြားရဘဲရှိရာမှ ၂၀၀၅ ပတ်ဝန်းကျင် ထိုင်းနယ်စပ်ရှိ ရှေ့နေအသင်းမှာလား ရှေ့နေကွန်ယက်မှာလား လှုပ်ရှားနေသည်ကို ကြားရသည်။ ၂၀၁၂ နောက်ပိုင်းတွင် ရန်ကုန်ပြန်ရောက်လာသည်ဟုကြားရသည်။ ကိုမျိုး (ဥပဒေ) ဟူသောအမည်နှင့် စာရေးနေသည်ဟု ကြားရသည်။ လူချင်းကတော့ ၂၀၁၆ ထဲမှ တွေ့ရသည်။

"အေးကွာ ကိုယ်အခု မျက်စေ့ သိပ်မကောင်းတော့ဘူး။  စာဖတ်လို့ မရတော့ဘူးကွာ" ဟု ဆိုသည်။ နေကာမျက်မှန်အမဲနောက်က သူ့မျက်လုံးအခြေအနေကို ပြောပြသည်။ ပြီးခဲ့သော နှစ်လေးဆယ်ခန့်တွင်း နယ်ပေါင်းများဖြတ်သန်းသွားလာလှု ပ်ရှားခဲ့ရင်း ခန္ဒာကိုယ်လည်း ယိုယွင်းစပြုပြီထင်သည်။ ပြီးခဲ့သော ကိုအောင်ထိုက် အသုဘက နေကာမျက်မှန်တပ်ထားသောသူ့ကို ရိပ် ကနဲ တွေ့လိုက်ရသည်။ လူများလှလွန်း၍ နှုတ်ဆက်ခွင့် မကြုံလိုက်။ လူကတော့သွက်လက်ဆဲဖြစ်ပုံရသည်။ မျက်လုံးက တော့ သိပ်ကောင်းပုံမရ။ မီးစာကုန်စ အရွယ်တွေရောက်လာကြပေပြီ။

နောက်တစ်ဦးကတော့ စက်မှုတက္ကသိုလ်က ကိုမြင့်အောင်ကြည်ဖြစ်သည်။ အနေအေးသကဲ့သို့ စကားလည်းခပ်အေးအေး ပြောတတ်သည်။ သူကိုကဗျာဆရာ မြေဝါ (တန့်ဆည်) ဟုလည်း သိကြသည်။ သူနှင့်လည်း စကားလက်ဆုံကြဘူးသည်။ ၇၅ ဇွန်သပိတ်ပြီးတော့ ထောင် ၉ နှစ်ကျသည်။ သူလည်း ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှ ပြန်လွတ်ပုံရသည်။ သူ နှင့်တော့ ပြန်ဆုံခွင့် မကြုံတော့ပေ။ ကွယ်လွန်သွားရှာပြီဟု သိရသည်။ အချို့ကား သွားနှင့်ကြပေပြီ။

ကိုစံနုလည်း စက်အဖွဲ့က အမာခံ ရခိုင်ကျောင်းသားတဦးဖြစ်သည်။ ခပ်အေးအေးနေတတ်သော သူနှင့် သပိတ်ကာလအ တွင်း စကားမဆုံဖြစ်ခဲ့။ သူလည်း ဇွန်သပိတ်တွင် ထောင် ၉ နှစ်ကျသည်။ သို့သော် သူနှင့် ၁၉၈၈ အရေးတော်ပုံအပြီး တရုတ်ပြည်နယ်စပ် ရွှေလီမြို့တွင် ခေတ္တဆုံခဲ့သည်။ ထိုအခါကျမှ မိမိနှင့် စကားစမြည်ဆိုခဲ့ဘူးသည်။ သူလည်း ထိုအချိန်ထိ သူယုံကြည်ရာ လှုပ်ရှားရုန်းကန်ဆဲဖြစ်ပုံရသည်။ သို့သော် ထိုစဉ်ကာလက တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများအရ သူဘာလုပ်နေသည်ကို မိမိသိခွင့်မကြုံခဲ့ပါ။ နောက်ပိုင်းတွင်တော့ သူနှင့်မဆုံတော့။ သတင်းလည်း တိတိကျကျ မကြားရ တော့ပေ။ ဘုန်းကြီးဘဲဝတ်နေသလိုလို၊ မော်လမြိုင်ဘက်မှာဘဲမှာဘဲ တွေ့သလိုလို၊ မိုးကုတ်မှာဘဲ တွေ့သလိုလိုနှင့် ရေရေ ရာရာ မရှိလှပေ။ လူမတွေ့ရပေမဲ့ "ကျနော်ဖြတ်သန်းခဲ့ရသော မှတ်မိသမျှ ဇွန် ၇၅" ဟူသည့် ဆောင်းပါးလေးအား မောင်စံနု (ရမ်းဗြဲ ) ဟူ၍ ရေးသားထားသည်ကိုတော့ ဖတ်လိုက်ရသည်။

ထိုစက်ခန်းထဲတွင် တက်ကြွစွာ လုပ်ကြသူများဖြစ်သည့် စက်မှုတက္ကသိုလ်မှ ကိုဘလှိုင် ကိုစောနိုင် ကိုမြင့်ဆွေ တိမွေးကုမှ ကိုကျော်ဇောလုပ်သားကောလိပ်မှ ကိုနေဝင်းအောင်တို့ကိုတော့ မိမိကောင်းစွာမသိပေ။ ကိုဦးလှစောပြောမှ သတိထားမိ သည်။

"အဲဒီတုန်းက ကိုဇော်ဖေလည်း ဘွဲ့နှင်းသဘင် ခန်းမပေါ်တက်လိုက်စက်ခန်းထဲ ဆင်းလာလိုက်လုပ်နေတာဘဲလေ" ဟု ကို ဦးလှစောက ဆိုပါသည်။ သူပြောသည့် ကိုဇော်ဖေဆိုသည်မှာ မန္တလေးမှ စက်မှုကျောင်းသား ကိုဇော်ဖေဝင်းဖြစ်သည်။ နှု တ် ခမ်းမွှေးရေးရေး လူပုံခပ်နွဲ့နွဲ့ ကိုဇော်ဖေကို ထိုစဉ်က မသိပါ။ နောက်တနှစ်အကြာတွင် အရှေ့မြောက်နယ်စပ်တနေရာ၌ စစ်ယူနီဖေါင်းအစိမ်းရောင်ဝတ်စုံဝတ်ထားပြီး ကြယ်နီတပ်ထားသောဦးထုပ်ဆောင်းကာ အမ် ၂၂ မောင်းပြန်တလက်လွယ် ထားသည့် ရဲဘော်အေးမောင်အဖြစ် စတင်ဆုံခဲ့ရပါတော့သည်။ CPB တပ်ထဲရောက်ခါစဆိုတော့ စစ်သားပုံတော့ မပေါက် သေးပေ။ လူပုံကတော့ နွဲ့တုန်းဖြစ်သည်။ ယခုတော့ အပတ်စဉ်ထုတ်ဂျာနယ် အတော်များများတွင် ရေးသားနေသည့် စာ ရေးဆရာအေးမောင်ကျော်အဖြစ် သူ့အားသိကြပါသည်။ DVB ရုပ်မြင်သံကြားတွင်လည်း မကြာခဏ တွေ့နေရတတ်သည်။

စက်ခန်းထဲမှသူများအနက် နောက်ဆုံးရေးရမည့်သူကတော့ စက်မှုတက္ကသိုလ်က ရခိုင်ကျောင်းသား ကိုဦးလှစောခေါ် မောင်ခိုင်အောင် (စစ်တွေ) စက်မှုတက္ကသိုလ်က သူပုန်ကျောင်းသားတဦး (သို့မဟုတ်) ဗော်ရှီဗစ် အမျိုးသားရေးဝါဒီတဦး၏ပုံရိပ်ဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


ဓာတ်ပုံသည် ၂၀၁၅ ခုနှစ်အတွင်းက မှတ်တမ်းတင်ထားဖြစ်ခဲ့သည် ဒေါက်တာသိန်းလွင် (NNER) ၏ ပုံ ဖြစ်ပါသည်။