ကိုသန်းလွင် - လိုင်စင်

http://www.ukprogressive.co.uk/

ကိုသန်းလွင် - လိုင်စင်

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆

(၁)

ကျွန်တော်တို့သည် “ဟော်တယ်နှင့်တည်းခိုရိပ်သာ လိုင်စင်မရှိဘဲ နိုင်ငံခြားသားလက်ခံပါက ထောင်ဒဏ်ချမည်” ဆိုသော သတင်းနှင့်အတူ “လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လက်ဝယ်မရှိလျင် နိုင်ငံခြားသား အိမ်ငှါးရမ်း နေထိုင်ခွင့် မရှိ” ဟုဟော်တယ်နှင့်ခရီးသွားဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တဦး၏ပြောကြားချက်သတင်းကိုဖတ်လိုက်ရပါသည်။

(၂)

ဒီမိုကရေစီအစိုးရအသစ်သည် ကျွန်တော်တို့နိုင်ငံတွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နေချိန် ဖြစ်ပါသည်၊ ကျွန်တော်တို့ နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို နိုင်ငံခြားသား အကူအညီမပါဘဲ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ၊ ကျွန်တော်တို့ နိုင်ငံတွင် ဂလိုဘယ်လိုက်ဇေးရှင်း ဟူ၍ကမ္ဘာကြီးနှင့် ကူးလူးဆက်ဆံ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် နိုင်ငံခြားသားများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနိုင်သော လူနေမှုစနစ် တရပ် ဖွံ့ဖြိုးလာရန်လိုအပ်ပါသည်၊။

Adam Smith က နိုင်ငံနှစ်ခု ကူးသန်းရောင်းဝယ် ဆက်သွယ်မိကြပြီဟုဆိုလျင် ဆင်းရဲသော နိုင်ငံအနေဖြင့် လူနေမှုအဆင့်အတန်း မြင့်တက်လာပြီး နိုင်ငံနှစ်ခုသည် ဆင်းရဲချမ်းသာ အဆင့်အတန်းတူညီသွားကြရမည် ဟု ဟောကိန်းထုတ်ခဲ့ပါသည်၊ ဂလိုဘယ်လိုက်ဇေးရှင်း၏ သဘောမှာလည်း နိုင်ငံများသည် တံခါးဖွင့်ဝါဒကိုကျင့်သုံး ကြပြီး အချင်းချင်း ကူးသန်းရောင်းဝယ် ဆက်သွယ်ကြရမည် ဟု ဆိုလိုပါသည်။

Jeffrey Sachs နှင့် Andrew Warner တို့၏ လေ့လာချက်တခုတွင် ကမ္ဘာပေါ်၌ တတိယကမ္ဘာဟု ခေါ်ရမည့် ဆင်းရဲသားနိုင်ငံ ၈၇ နိုင်ငံရှိရာတွင် ၁၃နိုင်ငံသည်သာ တံခါးဖွင့်ပြီး ဆက်ဆံမှု လုပ်နိုင်ခဲ့ကြကြောင်း ၁၉၇၀ နှင့် ၁၉၉၀ ကြား အနှစ် ၂၀ ကာလတွင်၎င်းတို့ ၏ကြွယ်ဝမှုမမာဏမှာ ၆ ဆ မျှတိုးလာခဲ့ကြသည် ဟုဆိုသည်၊ ထိုနိုင်ငံ ၁၃ နိုင်ငံထဲတွင် မြန်မာနိုင်ငံ မပါဝင်သည်က သေချာပါသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ သွင်ပြင်လက္ခဏာများတွင် အမြတ်အစွန်းရရှိသော စီးပွားရေး လုပ်ငန်းများ အများအပြားရှိခြင်းဆိုသော အချက်တခုပါဝင်ပါသည်၊ ထိုကုန်သည် စီးပွားရေးသမားများသည် တိုင်းပြည်၏ Middle Class ခေါ် အလယ်တန်းစား လူအုပ်စု ဖြစ်ပြီး ၄င်းတို့၏ အတတ်ပညာ၊ လုပ်အား၊ စွမ်းအား သည် တိုင်းပြည်၏ အရေးကြီးသောအင်အား (Resources) များဖြစ်လာကြပါသည်၊

ပုဂံညောင်ဦးဒေသတွင် တည်ဆောက်ပြီး ဧည့်သည်လက်ခံနိုင်သော တည်းခိုရိပ်သာ ဟိုတယ်ဟု ဆိုနိုင်မည့် နေရာများစွာရှိသည်ဟုကြားသိရဖူးသည်၊၊ နိုင်ငံခြားသားဧည့်သည် များရာချီပြီးရောက်လာကြပြီ ဆိုလျင် ထိုနေရာ အားလုံးမှာ ဧည့်သည်တွေဖြင့် ပြည့်နေတတ်သည်၊ လမ်းဘေးအိမ်တွေမှာ တံခါးခေါက်ကာ ဘယ်လိုပင်အိပ်ရ အိပ်ရ တညဥ့်တာတည်းခိုပါရစေ ဟု တောင်းပန်သူ နိုင်ငံခြားသား ခရီးသည်များလည်းရှိ သည်။

အထက်ကပြဌာန်းထားသော ဥပဒေအရဆိုပါက ထိုတည်းခိုခန်းပိုင်ရှင်များအားလုံး ပြဿနာဖြစ်ကြရပေတော့ မည်၊ သူတို့သည် လိုင်စင်ကိုမလျှောက်ကြသည်မဟုတ်၊ တချို့ကလည်း လိုင်စင်ကျပြီးကြပြီ၊ တခါက ထိုဟိုတယ် ပိုင်ရှင်များကို နေပြည်တော်သို့ခေါ်ကာ “ခင်ဗျားတို့ကို နိုင်ငံခြားသား လက်မခံဘို့ မပြောလိုဘူး၊ ဒါပေမယ့် ခင်ဗျား တို့မှာလိုင်စင်မရှိဘူး၊ ပြဿနာဖြစ်ရင် ကိုယ့်ဖါသာကိုယ်ရှင်းကြ” ဟု တာဝန်ရှိသူတွေက ပြောလိုက်ကြ သည်ဟုကြားရဘူးသည်။

အစိုးရ ပေါ်လစီရေးဆွဲသူများမှာဤအချက်ကိုသတိပြုကြရပါမည်၊ အောင်မြင်သောစီးပွားရေး လုပ်ငန်းရှင် နှင့် လုပ်ငန်းများ တဖြည်းဖြည်းများပြားလာအောင်အစိုးရက ဖန်တီးပေးရပါမည်၊ လုပ်ငန်းလုပ်လိုသူက တင်ပြလာ လျင်တာဝန်ရှိသူများက ထိုလုပ်ငန်းများအောင်မြင်ရေးအတွက် လိုင်စင်ကို ထုတ်ပေး လိုက်ရန်သာရှိပါသည်၊ တိုင်းပြည်၏အခြေအနေအရ ဟော်တယ်များ၏ Star အရေအတွက်ကို ဟော်တယ်ဦးစီးဌာနက သတ်မှတ် ပေးနိုင်ပါသည်၊ အဆင့်အတန်းမမှီပါက လုပ်ငန်းပိုင်ရှင်ကို ပြုပြင် ခိုင်းနိုင်ပါသည်၊ ယခုကိစ္စတွင် အစိုးရက စီးပွားရေးလုပ်ငန်းများကိုအားပေးရမည့်အစား အခွင့်အလမ်းကို ဟန့်အတားနေသလိုဖြစ်နေပါသည်။

တခါတုန်းက အလွန်အေးဆေးစွာ နေလေ့ရှိသော အင်ဒိုနီးရှားသမ္မတကြီး ၀ီဒိုဒိုမှာ ဒေါသပေါက်ကွဲ အမျက် ထွက်ခဲ့ရသည်ဟု ကြားဖူးသည်၊ သူတို့နိုင်ငံသို့လာပြီး မိမိကုမ္ပဏီ၏ ၀န်ထမ်းများ၏ အစည်းအဝေးကို တက် ရောက် စကားပြောရန်လာသော နိုင်ငံခြားသားကုမ္ပဏီလူကြီးမှာ Work Permit ကြိုပြီး လျှောက်မထား မိသဖြင့် အစည်း အဝေးကို တက်ခွင့်မပြုခဲ့ကြဟုဆိုသည်။

(၃)

ကျွန်တော်တို့နိုင်ငံတွင် အချို့သောအရာများမှာ အလွန်ခက်ခဲကြပါသည်၊ နိုင်ငံခြားသားတယောက် နေထိုင်ခွင့် ဗီဇာသက်တမ်းတိုးရန်အတွက် ရုံးတွင် တနေကုန်ထိုင်စောင့်ရသည်၊ အမြဲတမ်းနေထိုင်ခွင့် (PR) ချပေးရန် အတွက် နေပြည်တော်သို့ ညအိပ်သွားပြီး လူကြီးများနှင့်တွေ့ရန် စောင့်ရသည်၊ ကားလိုင်စင် သက်တမ်းတိုး နိုင်ရန် ကညန ရုံးတွင်ကားနှင့်အတူတနေကုန်သွားပြီး စောင့်ကြရသည်၊ ၁၉၉၀ ခုနှစ်က ထောင်ဝင်စာတွေ့လိုသူ တယောက်သည် မနက် ၈နာရီတွင် အရောက်သွားရပြီး ညနေစောင်းမှ တွေ့လိုသူကို တွေ့ကြရသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်ဆန်အောင် အလွယ်တကူစီစဉ်ပေးနိုင်ပါလျက် ပြည်သူလူထုဖက်ကရွေး ချယ်စရာမရှိ လိုက်နာကြရသော ကိစ္စများမှာ မဖြစ်သင့်တော့ပါ၊ ပြည်သူကို ဦးစားပေး၍ အခက်အခဲ မရှိအောင် တာဝန်ရှိသူ အဆင့်ဆင့်က ဆောင်ရွက်ပေးကြလျင်ပြည်သူအများ စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်နိုင်ကြမည် ဖြစ်ပါသည်။

တာဝန်ရှိသူများက စည်းကမ်းကို လိုအပ်သလိုချပေးနိုင်ပါသည်၊ ဥပမာ ပါမစ်ရှိမှ နိုင်ငံခြားသားတယောက်သည် ရပ်ကွက်ထဲက နေအိမ်တွင် ငှါးရန်းနေထိုင်နိုင်သည် ဆိုသော စည်းကမ်းကို စဉ်းစားကြည့်ပါ၊ လိုအပ်သည်ဟု ယူဆ၍ ချထားသောစည်းကမ်းကို ပြည်သူက မလိုက်နာနိုင်စရာအကြောင်းမရှိ၊ သို့ပါသော်လည်း တာဝန်ရှိ သူများက ထိုပါမစ်ဆိုသည်ကို အလွယ်တကူ လျင်မြန်စွာချပေးနိုင်ရပါမည်၊ ပါမစ်အတွက် လိုအပ်ချက်ကို သတ်မှတ်ပါ၊ ထိုလိုအပ်သော စာရွက်၊ စာတမ်း၊ အချက်အလက်၊ ပြည့်စုံပြီဆိုလျင် ပါမစ်ကိုချပေးရပါမည်၊

စင်္ကာပူတွင်ကား လိုင်စင်သက်တမ်းတိုးရန် ကားအတွက် အာမခံ (Insurance) ရှိရမည်၊ ၅နှစ်သက်တမ်း ထက်ပိုသော ကားများကို ၂နှစ်လျင်တကြိမ် စစ်ဆေး Inspection လုပ်ကြရပါသည်၊ ထိုကိစ္စများ ပြီးသည်နှင့် Network ချိတ်ဆွဲထားသောစနစ်ကြောင့် ရီကော့ဝင်သွားပါပြီ၊ ၁နှစ်(သို့) ၆လစာ ဘီးခွန်ကို ပေးသွင်းပြီးပြီ ဆိုသည်နှင့် ကိစ္စပြီးပါတော့သည်၊ ယခုအခါ လိုင်စင်ကဒ်ပြား (Wheel Disc) ဆိုသည်ကိုပင် မိမိကားတွင် ကပ်ထားရန်မလိုတော့ဘူးဟု ကြားရပါသည်။

နေ့ချင်းညချင်း ဒီဂျစ်တယ်စနစ်ကိုပြောင်းပါဟု ကျွန်တော်တို့က မဆိုလိုပါ၊ သို့ပါသော်လည်း ဌာနကြီးမှူးများက ကားလိုင်စင်လဲလှယ်ခြင်းကဲ့သို့သော အလုပ်ကိုအမြန်ဆုံး ပြီးစီးအောင၊် လူတွေ၊ ကားတွေကို ခေါ်ပြီး တန်းစီခိုင်း ခြင်း မဖြစ်ရအောင် စီစဉ်ပေးသင့်ပါသည်။

စင်ကာပူတွင် နိုင်ငံခြားသားများ မိမိဗီဇာသက်တမ်းတိုးရန်ကိစ္စကို ပဌမ ရက် ၃၀အတွက် ဘယ်ကိုမှ သွားဖို့ မလိုပါ၊ White card နံပါတ်ကို ပါစင်ဂျာသို့ လေဆိပ်တွင် ထုတ်ပေးလိုက်ရာ ထိုနံပါတ်နှင့် အင်တာနက်တွင် သက်တမ်းတိုးရုံသာ လိုပါသည်၊ တနေကုန်သွားပြီး တန်းစီးစောင့်ရခြင်းစနစ်မှာ ကာယကံရှင်နှင့် ၀န်ထမ်းများ ၏လူအား၊ လုပ်အား၊ အချိန် တို့ကိုဖြုန်းတီးရာရောက်နေပါသည်။

(၄)

ခေတ်မှီသော စီးပွားရေးဖွံ့ဖြိုးသော နိုင်ငံကြီးဖြစ်ရန် နိုင်ငံခြားသားများ အကူအညီ၊ နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှု၊ နိုင်ငံခြားမှ အတက်ပညာ Technology မပါဘဲ မဖြစ်နိုင်ပါ၊ နိုင်ငံအတွင်း၌ နေထိုင်ကြမည့် ဧည့်သည်နိုင်ငံခြား သားများအတွက် ရင်းနှီးသော ပတ်ဝန်းကျင်တခုကို ဖန်တီးပေးရပါမည်၊

အလားတူ အောင်မြင်သော စီးပွားရေး လုပ်ငန်းကြီးများ ဖြစ်ပေါ်လာရန် အမြတ်အစွန်းရှိသော စီးပွားရေး လုပ်ငန်းကလေးများအများအပြားဖြစ်ထွန်းနေရန်အားပေးကြရပါမည်။

ကျွန်တော်တို့သည် နိုင်ငံကို တံခါးပိတ်၍ ကာလအကြာကြီးနေခဲ့ကြပါသည်၊ တံခါးပိတ်ဝါဒ၏ အကျိုးဆက်ကို ယနေ့လက်ရှိနေရာတိုင်းတွင် အခြားနိုင်ငံများနှင့် မယှဉ်နိုင်ဘဲ နောက်ကျနေရပုံကို အထင်အရှားတွေ့မြင်နိုင်ကြ ပါသည်၊ Globalization ခေါ် ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် အမြှော်အမြင်ကြီး သော မန်နေဂျာကောင်းများ နေရာတိုင်းတွင် လိုအပ်နေပါသည်။

ကိုသန်းလွင်