မောင်စွမ်းရည် - တင်မိုးပျော်တဲ့အိမ်
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆
သူငယ်ချင်း ကဗျာဆရာတင်မိုးပျော်တဲ့ နယူးယောက်က အိမ်အကြောင်းကို ကျွန်တော်တင်ပြမှာဖြစ်ပါ တယ်။
ကိုဘဂျမ်း (တင်မိုးရဲ့နာမည်ရင်း)က ထောင်ကလွတ်ပြီးတဲ့နဲ့ နောက် ၁၉၉၉ ခုနှစ်မှာ ဥရောပကိုထွက် သွားခဲ့ပါတယ်။ ဥရောပ-ဘယ်လ်ဂျီယံမှာ သူ့သမီးလတ် ဒေါက်တာ မိုးမိုးနှင်းရှိပါတယ်။ သူ့သမီးက ဘယ်လ်ဂျီယံ နိုင်ငံသားတစ်ဦးနဲ့ အိမ်ထောင်ကျပြီး ဘယ်လ်ဂျီယံ၊ အန်းတွပ်မြို့မှာနေပါတယ်။ သမီးလေးနှစ်ယောက် ရနေပါပြီ။ ကိုဘဂျမ်းအဖို့ ဗမာပြည်မှာနေရတာ အန္တရာယ်များပါတယ်။ စစ်အစိုးရက သူတို့ကိုဆန့်ကျင်တဲ့လူမှန်သမျှ တနည်းမဟုတ်တနည်း စီးပွားပျက်အောင် အသက်အန္တရာယ်ဖြစ်အောင် လုပ်နေမှာပါပဲ။ ဒါ့ကြောင့်ဗမာပြည်၊ အမိမြေကိုမခွာချင်ဘဲ၊ ပြည်ပကို ထွက်သွားခဲ့ပါတယ်။
ဘယ်လ်ဂျီယံမှာ သူမပျော်ပါ။ ဘယ်လ်ဂျီယံရဲ့မြောက်ဖက်ကျပြီး ပိုအေးတဲ့နော်ဝေကိုလည်း 'ဒီမိုကရက် တစ်ဗမာ့အသံ'ကို ကူညီရင်း ခေတ္တ သွားရောက်နေခဲ့သေးတယ်။ ဗမာပြည်က အညာသားဟာ အေးလွန်းတဲ့ ဒေသကိုမကြိုက်နိုင်ဘူး။ စကားပြောဘက်၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖော်ထိုင်ဖက်၊ ဗမာသူငယ်ချင်းတွေ မရှိတဲ့ နေရာမှာလည်းမနေချင်ဘူး။ ဒါ့ကြောင့်သူ့သမီးငယ် မိုးချိုသင်းကိုစောင့်ခေါ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း-ဗမာနယ်စပ်၊ ဗမာတွေရှိရာဒေသကို မကြာခဏသွားလည်ပါတယ်။
ဥရောပနဲ့နှိုင်းစာရင် အမေရိကားမှာ ဗမာလူမျိုးတွေ ပိုပြီးများပါတယ်။ ၂၀၀၁နောက်ပိုင်း၊ ၂၀၀၂လောက် မှာထင်ပါတယ်။ နယူးယောက်မှာရှိနေတဲ့ ဗမာတွေက စာပေဟောပြောပွဲလုပ်ချင်တယ် ဆိုတာမျိုးဖြစ်လာတယ်။ နယူးယောက်မှာက လူထုသတင်းစာလုပ်ဖော်ကိုင်ဖက်၊ မန္တလေးတက္ကသိုလ် ကျောင်းနေဖက်-ပန်းချီဝင်းဖေရှိပါ တယ်။ နယူးယောက်လူငယ်တွေထဲက မိုးချမ်းနဲ့ဇော်ဝင်းတို့ ဦးဆောင်တိုင်ပင်ပြီး တင်မိုးကိုဖုန်းဆက်တယ်။ နယူး ယောက်မှာစာပေဟောပြောပွဲလုပ်ရင် လာနိုင်မလားလို့မေးတော့ ၀မ်းပမ်းတသာနဲ့လက်ခံတယ်။ ဒီလိုနဲ့တင်မိုး ရောက်လာတော့ ၀င်းဖေတို့၊ အောင်စောဦးတို့နဲ့တွဲပြီး စာပေဟောပြောပွဲတစ်ခု အောင်အောင်မြင်မြင်လုပ်ဖြစ် လိုက်ပါတယ်။
နယူးယောက်မှာ ဗမာတွေများတော့ တင်မိုးသဘောကျတယ်။ ရာသီဥတုကလည်း ဘယ်လ်ဂျီယံတို့၊ နော်ဝေတို့လို မပြင်းထန်လှဘူး။ သူက စာရေးဆရာတို့၊ ပန်းချီဆရာတို့လို အနုပညာရှင်တွေနဲ့ နေချင်တာ။ ထိုင်း- ဗမာနယ်စပ်မှာ ရင်းရင်းနှီးနှီးနေခဲ့ရတဲ့ ကာတွန်းဝင်းထွန်းက နယူးယောက်နဲ့ မလှမ်းမကမ်း နယူးဂျာစီမှာနေ တယ်။ နယူးယောက်မှာ စာပေဟောပြောတော့ ကိုဝင်းထွန်းနဲ့လဲပြန်ဆုံရတယ်။ ဒါ့ကြောင့် ကိုဇော်ဝင်းကို နယူးဂျာ စီ၊ ကိုဝင်းထွန်းဆီကို ပို့ပေးဖို့ပြောသတဲ့။ ကိုဝင်းထွန်းအိမ်ကို ၀င်လိုက်တော့ ကိုဝင်းထွန်းရဲ့သမီးကာတွန်းလေး နှစ်ယောက် ၄-၅နှစ် အရွယ်လေးတွေ ကစားနေကြတာ တွေ့ရတယ်။ ကိုဘဂျမ်းက ထုံးစံအတိုင်း ဆေးလိပ်ကိုလက် ကမချဘဲ အိမ်ထဲဝင်လာတော့ ကိုဝင်းထွန်းက ကပျာကယာမေတ္တာရပ်ခံတာပေါ့။ နယူးယောက်ပြည်နယ်မှာက အိမ်ထဲမှာ ဆေးလိပ်သောက်ရင် အဖမ်းခံရနိုင်ပါတယ်။ ဆေးလိပ်မသောက်ရဘူးလဲ ဆိုရော အိမ်ထဲမှာတောင် ခါးပူအောင်မထိုင်တော့ဘဲ နယူးယောက်ကို ပြန်လာခဲ့သတဲ့။ နယူးယောက်မှာ ဇော်ဝင်းက သူ့ဦးလေးတစ်ယောက်နဲ့ မြေအောက်တိုက်ခန်းထဲမှာနေတာကို ဇွတ်လိုက် နေပါတယ်။ ဥရောပကို ပြန်ဖို့အရေးကတော့ လုံးဝ မစဉ်းစားတော့ဘူး။
နောက်တော့ အင်ဒီယားနားပြည်နယ် ဖို့(တ်)၀ိန်းမြို့မှာနေတဲ့ ကဗျာဆရာမောင်စိုးချိန်က ၁၂နာရီ ခရီးကို ကားမောင်းပြီး လာခေါ်တယ်။ စာပေဟောပြောပွဲ လုပ်ဖို့တဲ့။ မောင်စိုးချိန်ရဲ့အိမ်က ကျယ်ဝန်းတယ်။ မြေ အောက်ခန်းရော ဆိုရင် သုံးထပ်ရှိတယ်။ ကိုဘဂျမ်းက မြေညီထပ်၊ ဧည့်ခန်း၊ ပြတင်းပေါက်နားမှာ စားပွဲချပြီး အိမ် ထဲမှာပဲ တနေကုန် ဆေးလိပ်သောက်ပါတယ်။ ခဏတဖြုတ်ဆိုပြီး ညအိပ်ညနေ လာတတ်တဲ့ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းခက်ကလည်း တင်မိုးနဲ့စကားလက်ဆုံကျရင်း တနေကုန် ဆေးလိပ်ဖွာပါသတဲ့။
အိမ်ရှင်ကိုစိုးချိန်က ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒ ဆရာလေးပါ။ သူက ဆေးလိပ် လုံးဝမသောက်ပေ မဲ့ သည်းခံရှာပါတယ်။ ဒါပေမဲ့ သူ့မှာ အသက်၆နှစ်၊ ၇နှစ်အရွယ် ကလေးငယ်လေးရှိတာကို ကျောင်းကပြန်လာရင် အိမ်အပေါ်ထပ်မှာဖြစ်စေ၊ တခြားအခန်းတခန်းမှာဖြစ်စေ မီးခိုးကင်းရာကို ပို့ထားလေ့ရှိပါတယ်။ ကျွန်တော် ရောက်သွားတော့ ကျွန်တော်ကလည်း လုံးဝဆေးလိပ်နံ မခံနိုင်သူပါ။ ဒါ့ကြောင့်ကလေးနဲ့အတူ 'ညှော်ရှောင်'ပါ တယ်။ အိမ်ထဲမှာ သူတို့ နှစ်ဦးနဲ့ အတူထိုင်ဖို့ကိစ္စကို ရှောင်ပါတယ်။
နောက်တော့ ကျွန်တော်က မြောက်အီလီနွိုက်တက္ကသိုလ်က သူငယ်ချင်းမြန်မာစာဆရာ ဦးစောထွန်းနဲ့ သွားနေပါတယ်။ သူက ဆေးလိပ် မသောက်တတ်ပါ။ တင်မိုးက အလည်အပတ်ဆိုပြီးလိုက်လာတဲ့အခါ မသိ ယောင်ဆောင်ပြီး အိမ်ထဲမှာပဲ ဇွတ်ဒရွတ်ဆိုသလို ဆေးလိပ်သောက်ပါတယ်။ တစ်ခါတော့သူ့ကို နေသာလန်က 'ပရင့်ကလော့' စာပေဆုတစ်ခုပေးပါတယ်။ မိသားစုတွေရော သူငယ်ချင်းတွေရော ဖိတ်ကြားခွင့်ပေးပါတယ်။ နယူးယောက်မြို့ရှိ ဟိုတယ်ကြီးတစ်ခုမှာ တည်းခိုခွင့်ပေးပါတယ်။ ကျွန်တော့်ကိုလည်း ဖိတ်ကြားလို့ ဆုံကြရပါ တယ်။ ကျွန်တော်က သူတည်းခိုတဲ့ဟိုတယ်ကြီးမှာ တညအိပ်ပြီး နယူးယောက်မှာ ကျွန်တော်တည်းခိုနေကျ မိတ်ဆွေအိမ်ကို သွားနေပါတယ်။
အဲဒီအိမ်ကို လွယ်လွယ်ခေါ်ရရင် 'မချောစုတို့အိမ်လို့' ခေါ်နေကျအတိုင်းခေါ်ပါ တယ်။ မချောစုက စာရေးဆရာနိုင်ငံရေးသမား၊ ဘောဂဗေဒပညာရှင် မောင်စူးစမ်း ခေါ် ဦးချမ်းအေးရဲ့သမီးဖြစ်ပါ တယ်။ ဦးချမ်းအေးနဲ့ ကျွန်တော်တို့က လူချင်းမတွေ့ရပေမယ့် ဆွေမျိုးလိုခင်နေကြပါတယ်။ သူကမန္တလေးလူထု ဂျာနယ်မှာ စီးပွားရေးစစ်တမ်းဆောင်းပါးတွေ ရေးခဲ့သူပါ။ တင်မိုးက ကိုရင်လေးဘ၀နဲ့ကတည်းက လူထုဂျာနယ် မှာ ကဗျာရေးခဲ့သူဆိုတော့ မောင်စူးစမ်းနဲ့ ကလောင်ညီအစ်ကိုပါ။ ကျွန်တော်ကတော့ လူထုဂျာနယ်မရှိတော့မှ လူထုသတင်းစာမှာ ကလောင်သွေးခဲ့ရတာပါ။
မောင်စူးစမ်းရဲ့သမီး မချောစုက ကျွန်တော်တို့နဲ့ ဦးချမ်းအေး၊ မတွေ့ဖူးတာတောင် သိမှာ မဟုတ်ပါ။ ကျွန် တော်တို့ကသာ မဟားတရားဆွေမျိုးစပ်ပြီး နယူးယောက်ရောက်တိုင်း သူ့အိမ်သွားပြီး တည်းကြတာပါ။ မချောစု ရဲ့ခင်ပွန်း ကိုစိုးနိုင်ကလည်း တပြုံးပြုံးနဲ့ အလွန်သဘောကောင်းသူပါ။ ပထမအကြိမ်ကိုဘဂျမ်း (တင်မိုး)နဲ့ ကျွန် တော် မချောစုအိမ်ရောက်တော့ တင်မိုးက အိမ်လှေကားကို ဖြေးဖြေးတက်နေဆဲ ကျွန်တော်က ဦးအောင်ပြေးပြီး မချောစုကို သတိပေးပါတယ်။ 'မချောစုရေ ... ကိုဘဂျမ်းက အိမ်ထဲမှာ ဆေးလိပ်သောက်တတ်တယ်။ ကြိုတင်ပြီး တားမြစ်ထားပါ'လို့ မချောစုက ဘာပြောတယ်မှတ်သလဲ။ 'အို ... ဆရာကလည်း ကျွန်မအဖေက သူ့သူငယ်ချင်း ဆေးလိပ်သမား၊ အရက်သမား၊ အားလုံးကို လွတ်လပ်ခွင့်ပေးတာ။ အဖေမပါပေမဲ့ ကျွန်မကလည်း မတားမြစ်ပါ ဘူး'တဲ့။ သွားရော..။
ကိုဘဂျမ်းအိမ်ထဲဝင်လာတော့ ပြတင်းပေါက်နားမှာ စာပွဲတလုံး၊ ကုလားထိုင်တခု ချပေးပြီး 'ဆရာ-ဒီမှာ ဆရာဆေးလိပ်သောက်ဖို့နေရာ'တဲ့။ အဲဒီကတည်းကကိုဘဂျမ်းက နယူးယောက်ရောက်ရင် မချောစုကိုအိမ်ကို တန်းသွားတော့တာပါပဲ။ ခုလဲ- ကျွန်တော်က၊ မူလ ကျွန်တော်တည်းခိုရာ မချောစုအိမ် တန်းသွားတော့ နောက်နေ့ မှာ (သူလဲဟိုတယ်မှာ နယ်သာလန်က သူ့ဧည့်သည်တွေနဲ့ မနေဘဲ) မချောစုအိမ်ကို ဆေးပေါ့လိပ်ထုပ် လွယ်အိတ် လွယ်ပြီး လိုက်ချလာလေရဲ့။ အဲဒါ တင်မိုးအစစ်ပါ။ မချောစုအိမ်က သူ့အပျော်ဆုံးအိမ်ပါပဲ။ ဘယ်တော့မှ သူများ အိမ်မတည်းပါ။ မချောစုတို့အိမ်သွားမယ်။ ဒါပဲ။
နောက်နေ့ကျတော့ ဟိုတယ်ကြီးပေါ်က သူ့သမီးတွေအားလုံးလည်း မချောစုအိမ်ကို လိုက်လာကြပါ တယ်။ သူတို့က ဥရောပကနေလာကြရတာ။ ဒီအဖေကြီးကိုတွေ့ဖို့ မဟုတ်လား။ ဒီအဖေကြီးက ဆေးလိပ်လွတ် လပ်ရေးရှိရာ ဆင်းပြေးတော့ နောက်ကနေ သမီးတွေလည်း လိုက်ရတာပေါ့။ မချောစုတို့အိမ်က နယူးယောက်မှာ ... တင်မိုးပျော်စံရာ၊ မချောစုတို့အိမ်ပါ။