လှကျော်ဇော - မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ


လှကျော်ဇော -  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆

ကျမရဲ့ “အလွမ်းစာပန်းခြင်းလေး” စာအုပ်ရဲ့အခန်းတခန်းမှာ ဒီလိုရေးဖူးပါတယ်။

 “ မေမေဟာ ဖေဖေ့ကို ပါရမီ တောက်လျှောက်ဖြည့်လာရာမှာ ထူးခြားပြောင်မြောက်လှတဲ့ ကဏ္ဍတခုကတော့ ကျမတို့ တောတွင်းရောက်ပြီး လေးနှစ်အကြာ မေမေနောက်ကလိုက်လာပြီး ပန်ဆန်းမှာ ကျမတို့နဲ့ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် နေခဲ့မှုပါပဲ”

ဒီလိုရေးခဲ့ဖူးပေမယ့် အခုပြန်လည်စဉ်းစားကြည့်မိတဲ့အခါ အဲဒီအခန်းကဏ္ဍထက် ပိုမိုပြောင် မြောက်တဲ့အခန်းကဏ္ဍတခု မေမေဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သတိရမိပါတယ်။


 တကယ်တော့ မေမေဟာ ငယ်စဉ်ကတည်းကစလို့ မတောင့်မတ မကြောင့်မကြနေခဲ့ရသူပါ။ မိဘများလက်ထက်မှာလည်း ခြွေရံသင်းပင်းများစွာနဲ့ နေခဲ့ရပါတယ်။ အိမ်ထောင်ကျတော့လည်း လျှမ်းလျှမ်းတောက်စစ်ဗိုလ်တဦးနဲ့လက်ထပ်ခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်ကလေးနဲ့ ဗိုလ်ချုပ်ကတော် ဘဝကို ရရှိသူပါ။ ဖေဖေဗိုလ်မှူးချုပ်ရာထူးနဲ့ တိုင်းမှူးဖြစ်တော့ ၃၀ ကျော်လေးပဲ ရှိပါသေးတယ်။ အဲသလို ဘဝတလျှောက် ပန်းခင်းသောလမ်းကို လျှောက်နေရာက ၁၉၅၇ ခုနှစ် ဖေဖေ အသက် ၃၈ နှစ်၊ မေမေ အသက် ၃၆ နှစ်မှာ တပ်ကပင်စင်ယူပြီး အရပ်သားဘဝကို ရောက်ခဲ့ရပါတယ်။

 မေမေငယ်စဉ်က နေခဲ့တဲ့ သုံးဆယ်အိမ်ကြီးကလည်း နှစ်ထပ်အိမ်ကြီး၊ ခြံဝင်းကလည်း ပန်းပေါင်းစုံ၊ အသီးပင်ပေါင်းစုံရှိတဲ့ ခြံဝင်းကျယ်ကြီး၊ အိမ်ထောင်ကျပြီး ဖေဖေ့နောက်လိုက်လာပြီးတော့လည်း မင်္ဂလာဒုံနဲ့ မေမြို့တို့မှာ နေခဲ့တဲ့အိမ်တွေဟာ အင်္ဂလိပ် စစ်ဗိုလ်ကြီးတွေ နေသွားခဲ့တဲ့ တိုက်ကြီးများ ဖြစ်ပါတယ်။ တင်းနစ်ကွင်း၊ ကလေးကစားကွင်းများပါရှိတဲ့ ပန်းခြံကျယ်ကြီးများနဲ့ပါ။ ကင်းနဲ့ အလံတိုင်နဲ့ အိမ်တွေပါ။ ကားတွေကလည်း အလံတလူလူနဲ့ပါ။ 

အဲသလိုနေနေရာကနေ ဗြုန်းဆို တပ်ကထွက်ရပြီး စမ်းချောင်းဆီဆုံလမ်းက တလိုင်းအိမ်(ပေ ၂၅+ ၅၀) ကလေးကို ပြောင်းရွှေ့လာရပြီး လူမမယ်ကလေး ၅ ယောက်အတွက် ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေးစတာတွေကို တယောက်တည်း ဒိုင်ခံသိမ်းကျုံးတာဝန်ယူ ထမ်းဆောင် ရာမှာ တခါမှ ငြီးငြူတာ ငြိုငြင်တာ မရှိခဲ့တာ အံ့သြစရာပါပဲ။ ဒီလောက်ကြီးမားတဲ့ လောကဓံအလှည့် အပြောင်းကြီးကိုတချက်မှ မြည်တွန်တောက်တီး အပြစ်တင် ငြီးငြူခြင်းမပြုဘဲ ဘယ်လိုများ အောင့်အီးသည်းခံသွားသလဲဆိုတာ ကျမမစဉ်းစားနိုင်ပါဘူး။ အဲဒီအိမ်ကလေးမှာ ကျမတို့မိသားစု ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်းနဲ့ ၁၇ နှစ်နီးပါး နေခဲ့ရပါတယ်။

အဲဒီကာလအတွင်း မေမေရဲ့ဖြတ်သန်းမှုဟာ အပြောင်မြောက်ဆုံးကဏ္ဍပဲ ဖြစ်ပါတယ်။

တခါကရွှေထီးဆောင်းခဲ့ရတဲ့ဘဝကိုလည်း မတောင့်တ၊ ဖေဖေ့ကိုလည်း အပြစ်မတင်၊ လက်ရှိကျပ်ကျပ်တည်းတည်းနေရမှုအပေါ်မှာလည်း မငြီးငြူမငြူစူ၊ သူရဲ့အိမ်ထောင်ရှင်မ ဝတ္တရားတွေကို တစက်မှမလစ်ဟင်းအောင်လုပ်ဆောင်သွားနိုင်ခဲ့တာကိုတော့ ကျမက တွေးလေ၊ ကျေးဇူတင် မဆုံးဖြစ်လေပါပဲ။ အချိန်ကြာလေ မေမေ့တန်ဖိုးကို သိလေပါပဲ။

 ဖေဖေကလည်း ဒါကို တွေးမိ၊ သတိထားမိဟန် ရှိပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်တနေရာမှာ အခုလို ရေးထား တာတွေ့ရပါတယ်။

“ကျွန်တော်သည် ကျွန်တော့်ဇနီးနှင့် လက်မထပ်မီကတည်းကပင် ဆွေးနွေးထားခဲ့သည့် အချက်များ ရှိထားခဲ့ပါသည်။ ကျွန်တော်တို့ ဂျပန်မှာ စစ်ပညာသင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဂျော့ဝါရှင်တန်တို့ အမေရိကန်လွတ်လပ်ရေးအတွက် ၇ နှစ် တိုက်ခဲ့ရသလို တို့များရဲ့ လွတ်လပ်ရေး တိုက်ပွဲလည်း ရေရှည်တိုက်ရင် တိုက်ရနိုင်တယ်လို့ ပြောခဲ့ဖူးပါသည်။ ဒါကို ကျွန်တော် သူ့ကို ပြန်ပြောထားပါသည်။ နောက်ကျွန်တော် ကွန်မြူနစ်ဖြစ်လာပြီးနောက် ရှေ့ရေး ဘေးဒုက္ခမျိုးစုံ ကြုံလာနိုင်ရသည့်အတွက် မိမိ နှင့် အိမ်ထောင်ပြုလျှင် မိမိမှာနိုင်ငံရေးသမားဖြစ်သဖြင့် ရှေ့တွင် ဘေးဒုက္ခမျိုးစုံ တွေ့နိုင်သည်။ ဆင်းရဲကျပ်တည်းမှုတွေလည်း ရှိမည်။ ဒီဒုက္ခမျိုးတွေကို ရင်ဆိုင်နိုင်မှ မိမိနဲ့လက်ထပ်ဖို့ စိတ်ကူးဖို့ ပြောပြဆွေးနွေးခဲ့ဖူးပါသည်”

“ဤသို့ ပြောရခြင်းမှာလည်း ကျွန်တော့်ဇနီးမှာ ငယ်စဉ်ကတည်းကစပြီး တလျှောက်လို ချမ်းချမ်း သာသာ ပြည့်ပြည့်စုံစုံနှင့် အေးချမ်းသည့်ဘဝတွင် နေထိုင်လာခဲ့ရသူဖြစ်နေ၍ ဖြစ်ပါသည်။ ထို့အပြင် သူသည် နိုင်ငံရေးသမားတဦးလည်းမဟုတ်ဘဲ လင် ယောကျာ်းအပေါ် မေတ္တာစိတ်အရင်းခံ သက်သက်သာ ရှိနေမည်ဖြစ်၍ ပြောရခြင်းဖြစ်ပါသည်”

“ထိုစဉ်ကတည်းက သူက ‘လင်ရယ်၊ မယားရယ်ဖြစ်လာမှတော့ ဆင်းရဲအတူ၊ ချမ်းသာအမျှပေါ့။ ကျမဒီလို ဒုက္ခတွေတွေ့လာရလျှင်လည်း ရင်ဆိုင်သွားပါ့မယ်’ဟု ပြောခဲ့ဖူးပါသည်။ တကယ်လည်း သူ့စကားတည်ပါသည်။ ဘာမှ ငြိုငြင်ပူပင်ခြင်းမပြုပါ။ တွေ့လာသမျှ ဒုက္ခဆင်းရဲဟူသမျှ ခါးစည်းခံခဲ့ပြီး ကျွန်တော့်စိတ်ကြိုက်လိုက်လျောနေထိုင်ခဲ့ရှာပါသည်” ….. တဲ့။

 နောက်ပြီး ဆီဆုံလမ်း အိမ်လေးပြောင်းလာခါစ အတွေ့အကြုံကိုရေးရာမှာလည်း ဖေဖေရေးထားတာက-

“ကျွန်တော်တပ်က ထွက်ရပြီး ထိုအိမ်လေးသို့ ပြောင်းရောက်လာစက ကျွန်တော့်ဇနီးက အိမ်ဖော်လေးတယောက်တော့ ရှိမှ ဖြစ်မည်ဟု ပြောလာပါသည်။ ကျွန်တော့်အနေနှင့် အိမ် လုံခြုံရေးအတွက် လူပိုထားလို့မဖြစ်ကြောင်းနှင့် အိမ်အလုပ်တွေကို ကျွန်တော်ကူလုပ်ပါမည်ဟု ဆိုကာ နှစ်သိမ့်ပြီး တားမြစ်ရပါသည်။ သူက ဤကိစ္စတခါပဲပြောဖူးပြီး နောက်ထပ်ဘယ်တော့မှ ထပ်ပြော ဆိုခြင်းလည်းမရှိတော့ဘဲ အိမ်အလုပ်ဟူသမျှ တယောက်တည်း ကျုံးလုပ်ခဲ့ပါသည်” … တဲ့။

ကြည့်ရတာတော့ ဖေဖေလည်း ကျမလိုပဲ မေမေတန်ဖိုးကို ကြာလေသိလေဖြစ်ပြီး ကြိတ်ဆွေးနေဟန် ရှိပါတယ်။

 လှကျော်ဇော
မှတ်ချက် ။ ။ အလွမ်းစာပန်းခြင်းလေး၊(နေရီရီစာပေ)မှ …