ချမ်းငြိမ်းနိုင် ● သိင်္ဂါရတေးနှင့် တောနက်ကြီးဝါဒ


ချမ်းငြိမ်းနိုင် ● သိင်္ဂါရတေးနှင့် တောနက်ကြီးဝါဒ
(မိုးမခ/သစ်ခက်သံလွင်) နိုဝင်ဘာ ၂၇၊ ၂၀၁၆

ကျွန်တော် နံနက်စောစောအိပ်ယာထသည်နှင့် မျက်နှာသစ်ပြီး ခြံထဲ ခဏလမ်းလျှောက်သည်။ တခါတလေ နေကြောင့် မညှိုးခင် လန်းဆန်းနေသော ကုမုဒြာတွေကို တွေ့ရသည်။ စင်္ကြာပန်းတွေကတော့ အတော်ပွင့်နေကြသည်။ မြေပေါ်မှာလည်း ကြွေကျနေသည်။ အရိုးပြိုင်းပြိုင်းထနေသော ခံပင်ကိုလည်း ကြည့်ရသည်။ ဆန်မွှေးရွက်ပင်တွေကတော့ အတော်များနေ သည်။ သေသွားပြီဟုထင်ရသော မာလကာချဉ်သီးပင်မှာ အရွက်နုလေးတွေထွက်လာ၍ ဝမ်းသာရသည်။ အိမ်ခေါင်းရင်း ထောင့်က ခတ္တာပန်းပင်ကလည်း ကြီးထွားနေသည်။ စိန်တလုံးပင်ကလည်း လောင်းရိပ်အောက်က ထိုးထွက်နေသည်။ မနက်တိုင်း ခြံထဲကအပင်တွေကိုကြည့်ပြီး စိတ်ကျေနပ်ရသည်။

“လေချိုအေးသန့်၊ စံပယ်နှံ့၍
သင်းပျံ့လှိုင်စွာ၊ အဘယာဝယ်
တဝါတမိုး ခိုချင်ပြီ။”

ဆရာမနုယဉ်၏ယာခင်းသာကလေးသည် အပင်မျိုးစုံလှသည်။ အလွန်လည်း သာယာလှသည်။ ကျွန်တော့်၏ ခြံလေးသည် ယာသမား အဘ၏ ယာလေးလောက် မသာယာပေမဲ့။ ကြွက်လည်း ကြွက်အထွာလောက်တော့ သာယာပါသည်။ ကျွန် တော့်ခြံလေး၏ စိမ်းလန်းစိုပြေမှုသည် ကျွန်တော့်ကို အေးမြစေပါသည်။

ခြံတပတ်ကြည့်ပြီးလျှင် ကျွန်တော်လုပ်နေကျ အလုပ်တခုရှိသည်။ စာကလေးတွေကို အစာကျွေးခြင်းပင်ဖြစ်သည်။ သူတို့ ရောက်နေကြပြီဖြစ်သည်။ ခံပင်ပေါ်တွင် ဆူညံနေကြသည်။ တချို့လည်း အိမ်ပေါက်ဝသို့ ရောက်နေကြသည်။  တချို့လည်း ငါးကန်ဘောင်ပေါ်နားထိ လာနားပြီး အသံစုံပေးနေသည်။ သူတို့အဆာလာတောင်းနေကြပြီ ဖြစ်သည်။ မနက်တိုင်း ဆန်များ ကြဲပက်ကျွေးနေ၍ သူတို့သိနေကြပြီဖြစ်သည်။ နောက်ကျနေလျှင် အစာတောင်းတတ်နေကြပြီ ဖြစ်သည်။

ကျွန်တော်သူတို့အတွက် ဆန်ကိုကြဲပက်ပေးလိုက်သည်။ စာကလေးအကောင် ၂၀-၃၀ လောက်ရောက် လာကြသည်။ ကျွန် တော် မနက်ခင်းတိုင်းကို ထိုဒါနလေးဖြင့် စတင်အောင် အကျင့်လုပ်နေရသည်။ ပြီးတော့ ကျွန်တော်သူတို့ကို ငေးကြည့်နေ မိသည်။ ကြောက်လန့်နေသည့် စာကလေးများကတော့ သုံးလေးခါကောက်လိုက် အပင်ပေါ်ပျံတက်လိုက် လုပ်နေကြသည်။

ကျွန်တော် သူတို့ကို ထိတ်လန့်မှုမရှိဘဲ စားသောက်စေချင်သည်။ သို့သော် သူတို့မှာ ဗုံးကြဲလေယာဉ်အသံကို နားစွင့်နေရ သလိုပင် အသံလေးနည်းနည်းကြားလိုက် ဝုန်းခနဲ ထပျံလိုက်။ အရိပ်အခြေကြည့်ပြီး ပြန်ဆင်း အစာကောက်လိုက် လုပ်နေ ကြသည်။ ကျွန်တော် “ခဲမှန်ဖူးသော စာသူငယ်” ဆိုတာကို သွားသတိရမိသည်။ မိမိ၏အသက်အိုးအိမ်အတွက် ထိတ်လန့် နေရသည်။ သူတို့က တိရစ္ဆာန်ပေကိုးဟု တွေးမိလိုက်သည်။

စာကလေးများအစာကောက်နေသည်ကိုငေးကြည့်နေတုန်း ဇရက်နှစ်ကောင် ရောက်လာသည်။ စာကလေးများကို အနိုင် ကျင့်၍ အစာလုစားနေကြသည်။ ကျွန်တော် မကျေမနပ်ဖြစ်သွားသည်။

ဒါအနိုင်ကျင့်မှုပင် ဖြစ်သည်။ မတရားမှုပင်။ သို့သော် ကျွန်တော် မမောင်းမိသေးပါ။ စာကလေးများက အလျှော့မပေးဘဲ လွတ်သည့်နေရာတွင် ခုန်ပျံပြီး စားသောက်နေကြ၍ဖြစ်သည်။ ကျွန်တော် မောင်းလိုက် လျှင် သူတို့ပါလန့်သွားပေတော့မည်။ ဒါကြောင့် အနိုင်ကျင့်မှုကို မြင်တွေ့နေရပေမဲ့လည်း ကျွန်တော် မကျေ မနပ်ဖြင့် ဆက်ကြည့်နေရသည်။

ဟော ကျီးကန်းနှစ်ကောင်ရောက်လာပြန်သည်။ တကောင်တွင်လည်ပင်း၌ အဖြူရစ်ပါသည်ကို တွေ့လိုက်ရသည်။ သူတို့ လည်း ဇရက်များနှင့် စာကလေးများကို ထိုးဆိတ်၍ အစာလုစားနေကြပြန်သည်။

နံနက်စောစောမှာ မြင်နေရသောအစာလုပွဲဖြစ်နေသည်။ တိရစ္ဆာန်လောကသည် ကြီးနိုင် ငယ်ညှဉ်းဖြစ်နေသည်။ အားကြီးသူ က အားငယ်သူကို အနိုင်ကျင့်နေကြသည်။ သူတို့မှာ ယဉ်ကျေးမှုမရှိ။ ကိုယ်ချင်းစာစိတ်မရှိ။ တရားသည်မတရားသည်မသိ။ မိမိအတွက်သာ ကြည့်ပေ တော့သည်။ စာကလေးကို ဇရက်က အနိုင်ကျင့်သည်။ ဇရက်ကို ကျီးကန်းက အနိုင်ပြန်ကျင့်သည်။ တကယ်လို့ သူတို့မှာသာ ဥပဒေရှိလျှင် ခုလို သူတို့အနိုင်ကျင့်ခံရမည်မဟုတ်ပေ။

ကျွန်တော်နေသော လူ့လောကနှင့် တိရစ္ဆာန်လောက မတူပေ။ တိရစ္ဆာန်လောကမှာ မရှိသော ဥပဒေလူ့လောကမှာ ရှိသည်။ လူတို့သည် ဥပဒေများကို လူ့အဖွဲ့အစည်းအတွင်းမှာ တရားမှု၊ မတရားမှုများဖြစ်ပေါ်ရင်း တီထွင်ဖန်တီးလာကြသည်။ ဥပဒေ တွင်လည်း တရားမျှတသောဥပဒေနှင့် တရားမမျှတသောဥပဒေတို့ ရှိကြသည်။ တရားမျှတမှုမရှိလျှင်တော့ ဥပဒေမခေါ် ထိုက်ပေ။ ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်လောက အမူအကျင့်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းကလက်ခံယူပြီး ကျင့်သုံးလျှင် ဥပ ဒေ ဖြစ်နေသည်။

ကျွန်တော်ငယ်ငယ်က ခရေပန်းကောက်သည်ကို မှတ်မိပါသေးသည်။ ကျွန်တော်တို့ ညနေရောက်လျှင် ရွာလယ်ရွာမရှိ ခရေ ပင်ကြီးအောက်ရောက်ကြတော့သည်။ စကောလေးတွေ ကိုယ်စီ ကိုယ်စီဖြင့် ခရေပင်ကြီးအောက်တွင် နေရာယူကြသည်။ ခရေပန်းကောက်သူတွေများနေ၍ အပွင့်များ ခရေပင်အောက်တွင်မရှိကြတော့ပေ။ ခရေပန်းကောက်သူအားလုံးနီးပါး အပင် ပေါ်သို့ မော့ကြည့်နေကြသည်။

ခရေပန်းတပွင့် ဝေ့လည်ဝေ့လည်ဖြင့် ကြွေကျလာသည်နှင့်တပြိုင်နက် စကောကိုယ်စီဖြင့် လုခံကြတော့သည်။ တယောက် စကော တယောက်တိုက်မိရင်း ကောက်ထားသောပန်းတွေ ထွက်ကျလာသည်။ ရန်တွေဖြစ်ကြသည်မှာ ခဏခဏပင် ဖြစ် သည်။

နောက်တော့ ကျွန်တော်တို့ပန်းကောက်သူတွေ နားလည်မှုဖြင့် ဥပဒေထုတ်ကြတော့သည်။ ခရေပန်းပင်ကြီးအောက်မှာ ပန်း ကောက်သူတွေ ဦးရေအလိုက် ညီတူ ညီမျှ စည်းတားကြသည်။ သူ့စည်း ကိုယ့်စည်းခွဲကြသည်။ ဘိုးဘွားပိုင်မြေကို ညီအစ် ကိုမောင်နှမတွေ အညီအမျှ ခွဲဝေနေသလိုပင် ဖြစ်နေသည်။ သူ့စည်းထဲကြွေကျလျှင် သူကောက်၍၊ ကိုယ့်စည်းထဲ ကြွေကျ လျှင် ကိုယ်ကောက်ရုံပင် ဖြစ်သည်။ ကျွန်တော်တို့အချင်းချင်း သဘောတူညီစွာ ထုတ်ထားသောဥပဒေကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရသည်။ ပန်းလုကောက်စရာ မလိုတော့ပေ။ ရန်ဖြစ်စရာလည်း မလိုတော့ပေ။

“ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမိုက်မှောင်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏စိတ်ကို ဖန်ဆင်းသည့် နတ်သိကြားတို့အား
ငါကျေးဇူးဆိုပါ၏..။”

ဟင်နလေ

တခါတလေမှာ ကျွန်တော်တို့လူ့လောကတွင် ဥပဒေမဲ့စွာကြီးနိုင်ငယ်ညှဉ်းသဘော တိရစ္ဆာန်လောကအပြုအမူတွေကို တွေ့ ကြုံခံစားရသည်။ မတရားမှုကို တွန်းလှန်လိုသောစိတ်၊ အနိုင်မခံလိုသောစိတ်တို့က ဖြစ်ပေါ်လာသည်။ ဝီလျံအားနက် ဟင်နလေ၏ အနိုင်မခံကဗျာလေးကို သဘောကျပြီး မကြာ မကြာ နှလုံးသွင်းနေမိသည်။

ကျွန်တော်တို့နေသော လူ့လောကသည် တိရစ္ဆာန်လောကနှင့်ကွဲအောင် ဥပဒေစိုးမိုးမှု ရှိရပေမည်။ ဥပဒေသည် တရားမျှတ ရမည်။ ဥပဒေကို လူတိုင်းလေးစားလိုက်နာရမည်။ ဥပဒေသည် အားကြီးသူ၏ အနိုင်ကျင့်မှုကို အကာအကွယ်ပေးနိုင်ရမည်။

သို့မှသာ ကျွန်တော်တို့ လူ့လောကသည် တိရစ္ဆာန်လောကနှင့် ကွဲပြားမည်ဖြစ်သည်။ အကယ်၍ အားကြီးသူတို့၏ အနိုင်ကျင့် မှုကို ရေးဆွဲပြဋ္ဌာန်းထားသောဥပဒေများက အကာအကွယ်မပေးနိုင်ပါက ဥပဒေဟူသော စကားလုံး၏အဓိပ္ပါယ်မှာ မည်သို့ လျှင် အဓိပ္ပါယ်ရှိတော့ပါမည်နည်း။

နံနက်စောစော ခြံထဲမှကျေးငှက်ကလေးများ၏သိင်္ဂါရတေးသံကို နားထောင်နေရင်းနှင့် ကျွန်တော်တွေးနေမိလေသည်။

ချမ်းငြိမ်းနိုင်