ရေခဲမိုးတိမ် ကဗျာစာအုပ်


 
ရေခဲမိုးတိမ် ကဗျာစာအုပ်
(ကဗျာစာအုပ်မိတ်ဆက်နှင့် မိတ်ဆက်ကဗျာ)
(မိုးမခ ၊ သစ်ခက်သံလွင်) နိုဝင်ဘာ ၂၄၊ ၂၀၁၆




မက္ကဆီကိုဝေးဝေး မက္ကဆီကိုနီးနီး


ဘယ်နိုင်ငံတနိုင်ငံမှ သမိုင်းရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
ပြီးတော့ဘယ်နိုင်ငံတနိုင်ငံမှလည်းပထဝီရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
အမေရိကနဲ့ကလည်းနီးပ ဘုရားသခင်နဲ့ကလည်းဝေးပ
အဲဒီ မက္ကဆီကို။

အနားကျယ်ကျယ် ဦးထုပ်တလုံးရဲ့အောက်မှာ
သူ့မျက်လုံးထဲကအဓိပ္ပာယ်ကို ဖုံးကွယ်ထားတတ်တဲ့မက္ကဆီကို။
ငါတို့နဲ့ ရေမြေခြားသလောက် ရင်ချင်းနီးတဲ့
အော်တိုဗီယိုပါ့ဇ်လို ကဗျာဆရာတယောက်ရှိတဲ့မက္ကဆီကို
အဲဒီ မက္ကဆီကို, ကို ငါသွားမယ်။

အဲဒီမက္ကဆီကိုမှာ သေနတ်နဲ့မူးယစ်ဆေးဝါးပေါသလောက်
သေခြင်းတရားဟာ လက်လည်းမကွေးရဲ ခြေလည်းမဆန့်ရဲ။

သေနတ် မူးယစ်ဆေးဝါး နဲ့ သေခြင်းတရားဈေးပေါတဲ့နေရာမှာ
အချစ်နဲ့ လိင်ကိစ္စကလည်း ဝယ်လိုက်ရင် ချောဆီပါသုတ်ပြီးသား။

သေနတ်၊ မူးယစ်ဆေးဝါး၊ သေခြင်းတရား၊ အချစ်နဲ့လိင်ကိစ္စဈေးပေါတဲ့နေရာမှာ
အမှန်တရားဟာ
ဝယ်တဲ့တောင်းက တမျိုး၊ ရောင်းတဲ့တောင်းက တမျိုး။

အမေရိကရဲ့မြေအောက်ပိုက်လိုင်းထဲစီးဝင်နေတဲ့ရေဆိုးမြောင်းလို့
အစွပ်အစွဲခံနေရတဲ့ မက္ကဆီကို
ဒါပေမဲ့ အမေရိကရဲ့မိလ္လာပိုက် သူ့ဖဝါးအောက်က ဖြတ်ဖောက်ထားတာကို ခွင့်ပြုထားရတဲ့မက္ကဆီကို။

အဲဒီ မက္ကဆီကိုကိုငါသွားမယ်
အဲသလိုနေရာမျိုးမှာ ကန္တာရထဲကုလားအုတ်တကောင်ရှင်သန်သလို
ကဗျာ … ဘယ်လိုရှင်သန်လဲ
ပါ့ဇ် ကိုနားထောင်ဖို့ ငါသွားမယ်။

မက္ကဆီကိုမှာ အားအကောင်းဆုံး Institution ဟာ လူဆိုးဂိုဏ်းပဲ
တနိုင်ငံလုံး ယမ်းထုပ်တွေချိတ်ပြီး Remote ကိုသူတို့က ကိုင်ထားတာ
ငါ့နိုင်ငံမှာရှိရှိသမျှအကြောတွေပေါ် တည့်တည့်ခွထိုင်ထားတဲ့ အိုင်းအနာတွေလို
အားအကောင်းဆုံး Institution ဟာ စစ်တပ်ပဲ
သိင်္ဃိုရ်ပြည်ရဲ့ရှေ့ရေးဟာ သူ့အမြီးရဲ့Mindset အပေါ်မူတည်တယ်။

ပထဝီများများ သမိုင်းများများနိုင်ငံကြီးတွေကြား
ပွန်းလိုကစားခံနေရတဲ့ တော်လှန်ရေးများများငါ့နိုင်ငံ
အဲဒီလိုနိုင်ငံတနိုင်ငံမှာ
ဗမာကဗျာဆရာတွေ ကဗျာ ဘယ်လိုရေးကြလဲ
ပါ့ဇ်ကို ရှင်းပြဖို့ ငါသွားမယ်။

ဘုန်းကြီးထက် ဖာပိုပေါတဲ့ငါ့အိမ်နီးချင်းဗုဒ္ဓဘာသာနိုင်ငံ
အဲဒီနိုင်ငံကို ဖာအိတ်စ်ပို့လုပ်တဲ့ ငါ့နိုင်ငံ
ဖာထက် မိန်းမပျက်ယောက်ျားပျက် ပိုပေါတဲ့ငါ့နိုင်ငံ
အပျင်းနည်းနည်းကြီး ဣဿမစ္ဆေရိယစိတ်များများ ငါ့နိုင်ငံ
အဲ့သလိုနိုင်ငံမျိုးမှာ ကဗျာဘယ်လိုဆက်ရှင်သန်မလဲ
ပါ့ဇ်နဲ့ ဆွေးနွေးဖို့ ငါသွားမယ်။

အဖိနှိပ်ခံနိုင်ငံဆိုမှတော့
ချွတ်ခနဲ အသံကြားရင် ထရံကဓားပြေးဆွဲမိတာမျိုး
ကိုယ့်ခေါင်းရင်းက မာက္ခဝါဒ ထ မစမ်းဖူးတဲ့သူရှိမလား
ပါ့ဇ်နဲ့ငါ …

အေး …ငါပြန်လာမယ်
မက္ကဆီကိုနေရောင်အောက်မှာ သံလွင်သီးရောင်ပေါက်လာတဲ့အသားအရေနဲ့
ငါပြန်လာမယ်
လက်တင်အမေရိကဆန်တဲ့ကဗျာတချို့နဲ့
ငါပြန်လာမယ်
ဗမာကဗျာဆရာတွေအတွက် ပါ့ဇ်ပါးလိုက်တဲ့အထုပ်တထုပ်နဲ့
ဒါဘာလဲ - လျှော်ဖွတ်ထားတဲ့ ငွေမည်းတွေလား
အဲ့ဒီငွေမည်းတွေနဲ့လဲလှယ်ခဲ့တဲ့ ဆေးခြောက်တထုပ်လား
ဒါဘာလဲ - မက္ကဆီကန် ဂစ်တာတလက်လား
အဲဒီဂစ်တာအိမ်ထဲဝှက်ထည့်လာတဲ့သေနတ်တလက်လား
ဒါ ဘာလဲမမေးပါနဲ့
ငါတို့လိုနိုင်ငံမျိုးမှာ ဒီအထုပ်ဟာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

(ကိုသန်းထွန်း)

...


ရေခဲမိုးတိမ်ကဗျာစာအုပ်အား ရန်ကုန်မြို့တွင် -

စာပေလောက စာပေ
ရာပြည့် စာပေ
အင်းဝ စာပေ
စာပေဗိမာန် စာပေ
စာပေနန်းတော် စာပေ
စောဦး စာပေ
နေစေး စာပေ
ပန်းရွက်နု စာပေ
မန္တလေး ညို
ပိုယက်ထရီဟောက်စ် / ကိုရိုးဒီ
နေစေး စာပေ ( ပြည်မြို့)
စောဦး စာပေ (ပဲခူးမြို့)
ပဲခူး သဇင်စာပေ(စောဦးမှ တစ်ဆင့်)
ချင်းတွင်းအိမ် စာပေ (မုံရွာမြို့)
ပန်းဆိုးတန်း၊ လှည်းတန်း၊ ၃၁လမ်း၊ ၃၂ လမ်းရှိ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပြီဖြစ်ပါကြောင်း

နယ်ဝေးမှ မှာယူချင်သူများအနေဖြင့် Arkar Toewai ထံ Cb မှတဆင့်မှာယူနိုင်ပါသည်
09 - 787 909 674 သို့ဆက်၍ မှာယူနိုင်ပါကြောင်း....။