ဆောင်းယွန်းလ ● ဒီကဗျာ သတ်ပုံမှားရင် ပြင်ဖတ်ပါမေမေ



ဆောင်းယွန်းလ ● ဒီကဗျာ သတ်ပုံမှားရင် ပြင်ဖတ်ပါမေမေ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆

မေမေနားထောင်ဖူးမှာပေါ့
ဆရာစိုင်းခမ်းလိတ်က
အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက်တဲ့
မြွေမသေ တုတ်မကျိုး မလွယ်တဲ့အဖြစ်မျိုးတဲ့
ဗိုလ်ထီးကို သီချင်းအဖြစ် ဆိုခိုင်းခဲ့တယ်လေ။

သိပ်ကိုမှန်တာပေါ့ ဆရာရေလို့
မြွေမသေခဲ့ပဲ တုတ်အပိုင်းပိုင်းကျိုးခဲ့ပါတယ် ဗိုလ်ထီးရေလို့
ကျနော် သူတို့ကို ပြောလိုက်ရမလား မေမေ။

ကျနော်တို့ မျှော်လင့်ချက်တွေ
အမြင့်ဆုံးတောင်တွေလို ကြီးမားခဲ့ဖူးပါရဲ့
အနက်ဆုံးသမုဒ္ဒရာတွေလိုလည်း ကျယ်ပြန်ခဲ့ဖူးပါရဲ့
အရည်မရတဲ့၂၈ နှစ်ထဲမှာတော့
၂၀၀၈ဆိုတာကြီးသာ အဖတ်အဖြစ်တင်ကျန်ရစ်ခဲ့ပါပေါ့ မေမေ။

မေမေ
မေမေက ပညာတတ်ပဲ
ဒီကဗျာသတ်ပုံမှားရင် ပြင်ဖတ်ပေါ့ မေမေ။

ဆောင်းယွန်းလ (နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၆)