မောင်စွမ်းရည် - "သဋ္ဌေးခေတ်"



မောင်စွမ်းရည် - "သဋ္ဌေးခေတ်"
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆

လုံးဝမမှောင်ဘဲ၊ လင်းမြဲလင်းလဲ
ညဟာ ညပါပဲ။ ဒါပေမဲ့
လင်းဆဲ။ နေ့လိုပဲ။ နေတွေ ထွက်မြဲ။

အကုသိုလ် ပိတ်၊ ပုတီးစိပ်သူ စိပ်ကြ
ညောင်းညာ ကင်းအောင်၊
အနင်းခံသူ ခံကြ။

သူခိုးကတော့ ညညဆို ခိုးမြဲ။
သူကတော့ သူခိုးအစစ်ပဲ
"ငတတ်ပြား"ပြီး၊ " ငဆုတ်ပြား " - သားစဉ်မြေးဆက်။

ဒို့ခေတ်က၊ ခေတ်သစ်၊
မလျော်ကန်အဖြစ်၊ "မော်ဒန်" ခေတ်။
မော်ဒန်သူခိုးဟာ၊ နေ့မှာခိုးကာ
မျက်နှာဖုံး မပါဘူး။

မျက်နှာဖုံး ဘယ်ပါမလဲ
ခိုးတာကို ခိုးတယ်လို့မခေါ်ဘဲ
"ပြည်သူပိုင်သိမ်းတယ်" လို့ခေါ်တယ်။

ဒီလိုနဲ့ - ပြည်သူ့ ပစ္စည်းဟာ
ပြည်သူမပိုင်တော့ဘဲ
မပိုင်သူက ပိုင်သွားတော့တာပါပဲ - တဲ့။

အရှေ့ တောင်အာရှမှာ
ကမ္ဘာကျော်ရွှေတောင်ကြီးရဲ့ အရိပ် -
ညမအိပ်၊ နေ့မအိပ်။
လက်ထိတ်၊ ခြေထိတ်များ
သူတစ်ပါးရဲ့  လက်ခြေမှာခတ်။
ပါးစပ်ကိုလဲ ကော်နဲ့ကပ်။
သေနတ်မှာ ကျည်ထိုးပြီး
ခိုးသူဟာ သူခိုးမဟုတ်ဘဲ
မွဲသူတွေချမ်းသာအောင်၊ အကျိုးဆောင်သတဲ့။

အကျိုးဆောင်သူတွေချမ်းသာပြီး
ချမ်းသာသူတွေဟာ၊ ချမ်းသာသည်ထက်ချမ်းသာမြဲ
မချမ်းသာသူတွေကတော့ မချမ်းသာမြဲ
မွဲကုန်ကြလေရဲ့ ။

ဒီလိုနဲ့ ညလဲ ညဖြစ်မြဲ
သိတယ်မဟုတ်လား။
ပုတီးစိတ်ချိန်မှာ၊ မီးမပိတ်ဘဲ
လူမွဲတွေလဲ မလွဲခေတ်မီ
သရဲဖြစ်ကြပြီ။

နေပွင့်နေသော်လဲ၊ ညဟာ ညပါပဲ။
ညမှာ မခိုးလို့ သူခိုး မခေါ်ချင်လဲ
ကိုယ့်ဖာသာ မခေါ်ချင်လို့၊ မခေါ်ဘဲ
သူခိုးကို သူခိုးလို့ မခေါ်  သဋ္ဌေးလို့ခေါ်လဲ
ဖြစ်ချင်ရင် ဖြစ်တော့ဖြစ်မှာပါပဲ။
ခေါ်ကြပေါ့ - သဋ္ဌေး၊ သဋ္ဌေး - သဋ္ဌေးလို့။

မောင်စွမ်းရည်
2016 နိုဝင်ဘာ 9
(ပန်ဒိုရွာတို့ကဗျာတွေဖတ်ပြီးနောက် စိတ်ကူးပေါက်လို့ရေးတာ)