ငြိမ်းချမ်းအောင် ● သမီးရေ .... ဆာမဲ လူမျိုးစုအကြောင်း (ဖင်လန်နိုင်ငံ)



ငြိမ်းချမ်းအောင် ● သမီးရေ .... ဆာမဲ လူမျိုးစုအကြောင်း (ဖင်လန်နိုင်ငံ)
(မိုးမခ / သစ်ခက်သံလွင်) နိုဝင်ဘာ ၂၇၊ ၂၀၁၆

သမီးမှတ်မိသေးလား ဆရာမကို ဖေဖေအကြောင်းကြားပြီး ၄ တန်းမှာသင်တဲ့ ဖင်လန်နိုင်ငံသမိုင်းကို သမီးနဲ့အတူတူ ထိုင်ပြီး ဖေဖေလည်း စာသင်တာလေ။

ဖင်လန်နိုင်ငံရဲ့လူမျိုးစုတွေအကြောင်း၊ ကိုးကွယ်တဲ့ဘာသာတွေအကြောင်း စသည်ဖြင့်ပေါ့ သမီးရယ်။ ဒီလောက်တိုးတက် ခေတ်မီနေပါတယ်ဆိုတဲ့ ဖင်လင်နိုင်ငံမှာတောင် ဝက်ဝံကိုကိုးကွယ်တဲ့ လူမျိုးတွေရှိသေးတယ်လေ။ လူငယ်တွေကလည်း ကိုးကွယ်မှုကို အလေးအနက် မရှိတော့ရင်တောင် ယဉ်ကျေးမှုဆိုပြီး ထိန်းသိမ်းကြတယ်လေ။


နော်ဝေး၊ ဖင်လန်၊ ရုရှား နယ်စပ်များတွင် တွေ့ရတတ်သည့် ဆာမဲလူမျိုးစု

သမီးတို့ကို ဖင်လန်နိုင်ငံသမိုင်းရဲ့လူမျိုးစုတွေအကြောင်းသင်တော့ ဆာမဲလူမျိုးအကြောင်း ပါတယ်။ သိပ်ပြီး အရောင်တောက် တောက် ရိုးရာဂျပ်ခုတ်ဝတ်စုံတွေနဲ့ ကရင်၊ ကချင်လူမျိုးတွေနဲ့သိပ်ဆင်တဲ့ တောင်ပေါ်ဒေသနဲ့ ကွင်းပြင်ကြီးတွေမှာ စိုက်ပျိုး မွေးမြူရေးပဲလုပ်တဲ့ နော်ဝေး၊ ဖင်လန်၊ ရုရှားနယ်စပ်တွေမှာနေတဲ့ လူမျိုးတွေလေ။

သူတို့ဒေသမှာ သူတို့ဘာသာစကားကိုပဲ ရုံးသုံးစကားအဖြစ် ပြဋ္ဌာန်းထားတယ်လေ၊ ဖင်လန်နိုင်ငံရဲ့ အစိုးရပိုင်ရေဒီယိုမှာလည်း ဆာမဲ ဘာသာစကားအတွက် သပ်သပ်လိုင်းလွှင့်ပေးသလို၊ ပုံမှန်သတင်းအစီအစဉ်မှာလည်း နာရီပိုင်းနဲ့ အစီအစဉ်ထဲမှာ ထုတ်လွှင့်ပေးရတယ်လေ။

သမီးရယ် ဖင်လန်နိုင်ငံသားတွေနဲ့ ဆာမဲတိုင်းရင်းသားတွေကြားမှာလည်း ပြဿနာတွေရှိတာပေါ့၊ ဒါပေမဲ့ အိမ်နီးချင်း ရုရှားနဲ့ ကပ်နေတော့ ငါတို့က မမျှမတလုပ်လို့၊ ရုရှားက မြှောက်ထိုးပင့်ကော်လုပ်ရင် ဆာမဲတွေ ရုရှားဘက်ပါသွားမယ်၊ ဒါမှမဟုတ် တော်လှန်ရေးတခုဆင်နွှဲရင် တိုင်းပြည်ဆင်းရဲမယ်ဆိုတဲ့အချက်တွေကို တွေးပြီး …



ဆာမဲတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖင်လန်နိုင်ငံသားခေါင်းဆောင်တွေ တွေ့ဆုံပြီး ရွှေတအားထွက်တဲ့ဒေသမှာ ကျနော် တို့ ခင်ဗျားတို့ရဲ့ သယံဇာတတွေကို တူးဖော်ထုတ်ယူခြင်း မပြုပါဘူး။ သဘာဝတွေကိုအလှဆင်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ပြသပါမယ်၊ ဒါကိုတော့ ခင်ဗျားတို့သဘောတူပါ။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသွားတွေ သွားလာခွင့်ရှိတဲ့နေရာတွေကိုလည်း ခင် ဗျားတို့ပဲသတ်မှတ်ပေးပါလို့ ညှိနှိုင်းကြတယ်တဲ့ သမီးရေ။

နောက် အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ ဆာမဲတိုင်းရင်းသားတွေရဲ့ကျောင်းမှာ ဖင်လန်ဘာသာစကားကို မသင်ရင် နေပါ၊ အင်္ဂလိပ်ဘာသာစကားကိုတော့ မဖြစ်မနေသင်ရမယ်ဆိုတဲ့စာချုပ်ပါ ထည့်ချုပ်တယ်လေ။ ဆာမဲ တိုင်းရင်းသားကလေး တွေကိုလည်း ကမ္ဘာကြီးထဲမှာ ကျင်လည်စေချင်တဲ့စေတနာပေါ့ သမီးရယ်။ လူမျိုးကြီးပေမဲ့၊ လူဦးရေများပေမဲ့ သိပ်စေတနာရှိ တဲ့၊ သိပ်အမြော်အမြင်ရှိတဲ့ ဖင်လန်ခေါင်းဆောင်တွေပေါ့သမီးရယ်။ အခုတော့ ဆာမဲတွေလည်း လိုအပ်ချက်အရ အင်္ဂလိပ် စာထက် ဖင်လန်ဘာသာစကားကိုပဲ ပိုသင်ကြပါတယ်သမီးရယ်။

သမီးရေ ဒါက ဆာမဲ တိုင်းရင်းသားတွေအကြောင်းကို သင်တဲ့ ၄၅ မိနစ်စာသမိုင်းကိုပဲ ဖေဖေကဝင်ပြီး နားထောင်ရတာကိုး …….။

ကျောင်းတွေကလည်း မိဘတွေ ဆရာကိုလာပြီး လေ့လာဖို့၊ ကျောင်းတွေမှာ အစားအသောက်ကောင်းလား မကောင်းလား လေ့လာဖို့ အမြဲဖိတ်တယ်လေ။

သမီးရေ စာကိုသာ ကြိုးစားသင်ပါကွယ်၊ သမိုင်းတွေကိုလည်းလေ့လာ။ နောက်နေ့ကျရင်တော့ ရိုးမေးနီးယားလို့ခေါ်တဲ့ ခရီး လှည့်လည်သွားလာနေတဲ့ ဖင်လန်နိုင်ငံသား မူလလက်ဟောင်းတွေအကြောင်းကို ပြောပြမယ်။

ကလေးတယောက်ဟာ တရက်ကို တဆက်တည်း အနည်းဆုံးတော့ ၈ နာရီအိပ်ရ မယ်နော်။ ကောင်းသောညပါ သမီးရေ။

ငြိမ်းချမ်းအောင်
၂၆ . ၁၁. ၂၀၁၆