မေငြိမ်း ● ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ တွေးမိတဲ့အခါ …


မေငြိမ်း ● ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ တွေးမိတဲ့အခါ …
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆

နိုင်ငံခြားသားတွေကို စာသင်တဲ့အခါ မြန်မာစာကိုသင်ရင်း နိုင်ငံကိစ္စ ယဉ်ကျေးမှုကိစ္စတွေပါ သင်ရတာမို့ အတွေ့အကြုံ တွေလည်း အစုံရပါတယ်။ ကျမတို့ မြန်မာတွေရဲ့ နေထိုင်မှုပုံစံ လူ့ယဉ်ကျေးမှု.. ယဉ်ကျေးသမှုကိစ္စတွေထဲက ချစ်စရာ ကောင်းတာတွေကို ပိုသတိထားမိရ.. ဂုဏ်လုပ်ရသလိုပဲ၊ တခါတလေမှာ သူတို့ရဲ့ တုံ့ပြန်မေးခွန်းထဲ ကိုယ်တိုင်အဖြေမရတဲ့ ကိစ္စတွေ လည်း ကြုံရပါတယ်။

ဥပမာ.. သူတို့နဲ့ ပြောင်းပြန်လို ဖြစ်နေတဲ့အယူအဆတွေ.. လူ့ယဉ်ကျေးမှုဆိုတဲ့ကိစ္စအားလုံးဟာ တကယ်ရော ယဉ်ကျေးကြ ရဲ့လား။ ဘာတွေက ဘာကြောင့် ဘယ်လောက်အရေးကြီးသလဲ ဆိုတာတွေ…

- ထမင်းစားနေတုန်း စကားမပြောရဘူး၊ ထမင်းကိုပဲ အာရုံစိုက်စားရမယ်။ (သူတို့က ထမင်းစားချိန်မှာ တမင် မိသားစု စကား စမြည်ပြောကြတာ)

- ကလေးကို ရိုက်ဆုံးမမှ မှတ်မယ်၊ ဒါကြောင့် ကျောင်းတွေမှာ ဆရာတွေကို အပ်ရင်တောင် မိဘကိုယ်တိုင်က ရိုက်ခိုင်းတာ မျိုး။ (သူတို့ကတော့ ကိုယ့်ကလေးကိုရိုက်ရင်တောင် ပြဿနာအကြီးကြီးလေ.. သူများကလေးဆိုရင်တော့ မပြောနဲ့တော့)

- မုဒိန်းမှုတွေ ပြစ်ဒဏ်နည်းနည်းပဲကျတဲ့ကိစ္စ (ဒီမှာတော့ မုဒိန်းမှုမိလို့ကတော့ မသက်သာ။ မုဒိန်းမှု မမြောက်ရင်တောင်မှ Sexual Harassment အမှုနဲ့ အလုပ်ပြုတ်၊ ထောင်ကျတဲ့အပြင် တစ်ဘဝလုံး Sex Offender လို့ စာရင်းတင်ခံရပြီး ရောက် လေရာအရပ်မှာ စောင့်ကြည့်ခံရမယ်၊ အလုပ်ရဖို့လည်း ခက်)

- စာမေးပွဲတွေမှာ ပထမ ဒုတိယ တတိယ အဆင့်တွေကို ယှဉ်ပြိုင်ပြီးယူကြရတဲ့ကိစ္စ (ဒါတော့ လူအများကြီး ပြောပြီးသားပါ)

- မြန်မာနိုင်ငံထဲက သီချင်းဆိုပြိုင်ပွဲ Semi-final ပွဲတစ်ခုကို ကျမ ကျောင်းသားတွေနဲ့အတူ ကြည့်ကြရင်း  အနိုင်ရတဲ့ လူရွေး ဖို့အတွက် Audience Vote ကို ကြေညာဖို့အရေး ပရိသတ်တွေရှေ့မှာ ဒီတိုင်းကြီး အချိန်တော်တော် ကြာကြာ ရပ်ခိုင်းထား တာမျိုးဟာ ဘာအတွက်လဲ။ စက္ကန့်ပိုင်းလောက် စောင့်ပြီး လေသံပြောင်းပြောလိုက်လည်း စိတ်လှုပ်ရှား ပျော်ရွှင်စရာ ကောင်းမှာ ပါပဲ။ ခုလို ငြိမ်ငြိမ်ကြီး ရပ်ခိုင်းထားတာက မလိုအပ်ဘဲ စိတ်ကသိကအောက်ဖြစ်အောင် တမင်လုပ်သလို ဖြစ် နေ တာမျိုး (ကိုယ်တိုင်လည်း အဲလိုမြင်ပါတယ်) အဲဒါကို ကျောင်းသားတွေက အဲလိုထောက်ပြတာပါ။

- အဲဒီအခါမှာ ကျမ ဆက်စပ်တွေးနေမိတာက ကျောင်းမှာ တခုခုအပြစ်ရှိလို့ဆိုပြီး အတန်းရှေ့မှာ ဆီးစေ့ကို ဒူးအောက် မှာထားပြီး ဒူးထောက်ခိုင်းထားတာမျိုး၊ ကလေးတွေလိုချင်တဲ့ တခုခုကို ပေးမလို လုပ်လိုက် ပြန်ယူလိုက်နဲ့ အကြာကြီး စနေ တတ်တဲ့ လူမျိုးတွေ၊ ဘာရယ်မဟုတ်ဆိုပြီး ကလေးတွေကို ခြောက်လှန့်တတ်တဲ့ လူကြီးတွေ၊ ကိုယ့်သားသမီးကိုပဲ ချစ်လို့ ဆိုပြီး စတာဆိုပေမဲ့ ကလေးကို အမှိုက်ပုံကရတယ်လို့ တွင်တွင်စတာမျိုး၊ (ကျမလည်း အဲလိုလူတွေထဲ ပါခဲ့ဖူးတယ်)။ တချို့ ဟာ ကလေးတွေ မငိုမချင်းကိုစတာ..။  ချစ်လို့.. တဲ့။  အဲဒါက ချစ်တာဟုတ်သလား။ ကိုယ်ချစ်တဲ့သူကို စိတ်အနာတရဖြစ်အောင် လုပ်တာဟာ ချစ်ရာရောက်သလား...

- ကျမတို့ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆို မျက်နှာမှာ ကျောက်ပေါက်မာသက်သက်လေးတွေရှိတာ.. သူ ကြက် တောင်စည်းလေး စည်းလာတဲ့နေ့မှာ ကျောက်ပေါက်မနဲ့ ကြက်တောင်စည်း နာနတ်သီးလို့ အော်စခဲ့ကြတာ။ ဘယ်ဆရာ ဆရာမကမှ သေသေချာချာမတားခဲ့တာ မှတ်မိတယ်။

- အဲလိုပဲ.. ထော့ကျိုး .. စွေစောင်း .. လေးလုံး .. ခြောက်စောင်း.. ခေါင်းစောင်း.. တို့လို သူများ အားနည်းချက် ချွတ်ယွင်းချက် တို့ကို သူတို့ရှေ့မှာတင် ပေါ်ထင်ခေါ်လေ့တောင် ရှိခဲ့ကြတယ်။ ဘယ်သူကမှ အရေးတယူလုပ်ပြီး ဂရုတစိုက်ပြောပြ ဆုံးမတာလည်း မရှိခဲ့ဘူး။
- ခါးတို့လို့ ယောင်တတ်တဲ့လူကို သူ မောတဲ့အထိ ခါးတို့ပြီး စတာ.. .. အို အများကြီးပါပဲ။

- သူတပါး စိတ်ညစ်အောင် လုပ်ပြီး အပျော်ရှာတတ်တဲ့ အကျင့်ဓလေ့ဟာ ယဉ်ကျေးမှုလား..။

- ဒါတွေကို အရသာခံပြီး အပျော် ရယ်ကြမောကြတဲ့ ဓလေ့ရှိတာဟာ ယဉ်ကျေးသလား။ ဒါတောင်.. ကျမတို့လူမျိုးက အကျီစားသန် ရန်ဖြစ်.. ဆင်ကျီစားရာ ဆိတ်မခံသာ ဆိုတဲ့ ဆိုရိုးတွေ ရှိတဲ့ လူမျိုးပါ။

- ရှိသေးတယ်.. အိမ်ထောင်ပျက်ရင် ဘာကြောင့်.. ဘာဖြစ်လို့ဆိုတာတွေကို အရင်မစဉ်းစားဘဲ အပြစ်တင်တာ..(အထူးသ ဖြင့် မိန်းမတွေကို အပြစ်ပြောတာ)။  ပြီးတော့ ကလေးမရှိတဲ့ အိမ်ထောင်သည်တွေကို တည့်တည့်ကြီး ဘာလို့ ကလေးမယူ တာလဲလို့ ခဏခဏ မေးတတ်တာတွေ.. ဝနေတယ်နော်လို့ သတိပေးသလိုလို အပြစ်တင်သလိုလို ပြောတာတွေ (ဟိ.. ကိုယ်ခံနေရလို့ ပြောတာမဟုတ်)။ ဝတာ ကျန်းမာရေးအတွက် မကောင်းဘူး.. သိတာပေါ့။ ဒါပေမဲ့ ဒါက ကာယကံရှင်ရဲ့ ကိစ္စသာဖြစ်တယ် လို့ နားလည်မှုရှိသင့်တာကို ပြောတာပါ။ တချို့ကိစ္စတွေက အသက်အရွယ်နဲ့ ကျန်းမာရေးအရကို ဝတာ ကို လက်ခံထားကြရတာ။ ဒါကို စိတ်အနာတရဖြစ်အောင် ပြောတာမျိုးကို ဆိုလိုပါတယ်။

- အဓိက ကတော့ ကျမတို့ အများစုဟာ တဘက်သားကို လွယ်လွယ်ဝေဖန် ဆုံးဖြတ်တဲ့ ပြဿနာပါပဲ။ ဆက်စပ်ပြောရရင် အဓိက နဲ့ အပရိက ကိစ္စကို မခွဲတတ်ကြတာလည်း ပါပါတယ်။ ဒါကတော့ ပညာရေးပုံစံနဲ့ ဆိုင်တယ်လို့ ဆိုနိုင်သလို ပင်ကို ကိုယ်ချင်းစာစိတ်နဲ့လည်း ဆိုင်တယ်လို့ မြင်ပါတယ်။ ဒါဖြင့် ကိုယ်ချင်းစာစိတ်ကို ဘယ်လိုပျိုးထောင်မွေးမြူမှာလဲဆိုတာ ကတော့ ဘယ်လိုစိတ်အခြေအနေ ပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာရလဲဆိုတာက သော့ချက်ဖြစ်လာပါပြီ။ ကျမကတော့ ကျောင်းပညာရေးနဲ့ပဲ လေ့ကျင့်ယူရမယ်လို့ ယုံပါတယ်။ အချိန် အတော်ယူရမယ့် ကိစ္စပေမဲ့ မူလတန်းကစလို့ သင်ရိုးအတော် များများ ပြောင်းသင့် ဖြုတ်ပစ်သင့်နေပါပြီ။

တကယ်တော့ ယဉ်ကျေးမှုဆိုတာရဲ့ အနှစ်သာရက လူအချင်းချင်း ညီညွတ်ချစ်ခင်ဖို့အတွက် တံတားတစ်စင်းပဲ ဖြစ်သင့်တယ် မဟုတ်လား…

ရေးချင်လွန်းလို့ အချိန်နည်းတဲ့ကြားက ရေးတော့ ဟိုရောက်ဒီရောက်ဖြစ်...