မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မြောက်ပိုင်းစစ်ပွဲ


မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မြောက်ပိုင်းစစ်ပွဲ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၆

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းမှစ၍ မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မေးခွန်းတခုပေါ်လာသည်။ ထိုသို့ ပေါ်လာသည်မှာလည်း ပြောင်းလဲလာသော မခြေအနေနှင့်သက်ဆိုင်သည်ဟု ဆိုရမည်။ ထိုပြောင်းလာသည့်အခြေအနေ ကား ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့တခု တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးမှ ဖြစ်ပေ သည်။

● မြောက်ပိုင်းမဟာမိတ်အဖွဲ့
ရှမ်းပြည်မြောက်ပိုင်းမဟာမိတ်ဟု ထုတ်ပြန်ကြေညာသည့် အဖွဲ့မှာ MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA တအန်း ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် AA ရခိုင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဖြစ်သည်။ ထိုမြောက်ပိုင်းမဟာမိတ်အဖွဲ့၏ "ကန့်သတ်စစ်" ဟု ကြေညာထားသည့် စစ်ဆင် ရေးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ပါသည်။

● ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲ
အဆိုပါ နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်သည့် စစ်ဆင်ရေး၏ အဓိကတိုက်ပွဲများသည် ကြူကုတ် ပန်ဆိုင်း၊ ဟေးမုန်လုံ တောင ကြော၊ မုန်းကိုးဒေသ၊ ဖေါင်းဆိုင်ဒေသထိ (ကြူကုတ် ပန်ဆိုင်းမှ အရှေ့ဘက် သံလွင်မြစ်အထိ) နှင့် သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသတွင် ဖြစ်ပွားသည်ကို တွေ့ရသည်။ ထို့ပြင် သိန္နီ ကွတ်ခိုင် ၁၀၅ မိုင် မူဆယ် ကားလမ်းတလျောက်တွင် တိုက်ပွဲ များပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ အဆိုပါ ကားလမ်းတလျောက်တွင်ဖြစ်ပွားသော စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာမူ ၁၀၅ မိုင်နှင့် မူဆယ်ရဲစခန်းများကို တိုက်ခိုက်ခြင်း ကားလမ်းဖြတ်တောက်ခြင်းတို့မှာ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းအား ထိမ်းချုပ်ရပ်တန့်စေခြင်း ပြည်တွင်းပြည်ပမှ အဆိုပါဒေသနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အာရုံစိုက်လာစေ ရန် ရည်ရွယ်ပုံရပါသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏တိုက်ခိုက်မှု အား ပြည်တွင်းပြည်ပလူအများ အာရုံစိုက်မိသည့်နေရာမှာ မူဆယ် ၁၀၅ မိုင်နှင့် ကုန်သွယ်ရေးကားလမ်းကြောင်းပေါ်တွင်ဖြစ်သည်။ မူဆယ်မြို့အဝင် ရဲကင်းနှင့် ၁၀၅ မိုင် ရဲစခန်းတို့အား တိုက်ခိုက်ခြင်းသာ ဖြစ်ပေရာ စစ်ရေးအရ တိုက်ပွဲကြီးမဟုတ်သော်လည်း အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသဖြင့် လူအများ အာရုံစိုက်မိခြင်းဖြစ်သည်ဟု ယူဆရသည်။ ထိုသို့ အာရုံစိုက်စေလိုသော မြောက်ပိုင်းအဖွဲ့၏ ရည်ရွယ်ချက်အောင်မြင်ခဲ့ သည်ဟု ဆိုရမည်။

အဓိက ကွတ်ခိုင်နှင့် ၁၀၅ မိုင်ကြား ကားလမ်းဖြတ်တောက်တိုက်ခိုက်ခြင်းကတော့ ပြည်တွင်းပြည်ပ အာရုံစိုက်စေလိုခြင်းသက်သက်ဟုတ်ပုံမရပေ။ အကြောင်းတချက်မှာ ထိုဒေသသို့ စစ်ကူတက်လာမည့် တပ်မတော်တပ်ဖွဲ့များအား ဖြတ်တောက် တိုက်ခိုက်ရန် မုန်းကိုးဒေသသို့ စစ်ကူအရောက်နောက်ကျစေရန် ရည်ရွယ်ပုံရသည်။ ဒုတိယအကြောင်းတချက်မှာ အစိုးရ၏ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ၎င်းတို့အနေနှင့် အချိန်မရွေးထိမ်းချုပ်နိုင်ကြောင်း ပြသလိုခြင်း ဖြစ်ပုံရသည်။

သို့သော် ထိုကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တိုက်ပွဲများအား နှစ်ဖက်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သကဲ့သို့ ပုဂ္ဂလိကသတင်းဌာနများကလည်း လက်လှမ်းမှီသည့်သတင်းဖြစ်ပေရာ အများပြည်သူ သိရှိစိတ်ဝင်စားသည့်သတင်းဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ တိုက်ပွဲများစတင်ပြီးနောက် မူဆယ်နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားခဲ့ပြီး ၁၀ ရက်ခန့်အကြာ နိုဝင်ဘာ ၂၉ ရက်နေ့တွင် နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများပုံမှန် ပြန်လည်စတင်သည်ဟု ကြေညာ သည်ကိုတွေ့ရသည်။ သို့သော် မူဆယ်ဒေသခံများအဆိုအရ မူဆယ်မြို့အခြေအနေသည် ယခင်ကကဲ့သို့ စိတ်အေးချမ်းလုံခြုံ မှု မရနိုင်သေးဘဲ စိုးရိမ်ထိတ်လန့်မှုများရှိနေဆဲဟု ဆိုကြပါသည်။

တိုက်ပွဲဖြစ်ပြီး ၁၀ ရက်အကြာ မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း အဓိက တိုက်ပွဲဖြစ်ပွါးရာ သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသတွင်လည်းကောင်း၊ သံလွင် အနောက်ခြမ်း မုန်းကိုး ဖောင်းဆိုင်ဒေသတွင်လည်းကောင်း၊
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။ တပ်မတော်ကလည်း ကားလမ်းလုံခြုံမှု စိတ်မချသေး၍လည်းကောင်း၊  လျင် မြန်စေရန်လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်ခန့်မှစ၍ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကိုအသုံးပြု၍ စစ်အင်အား လက်နက်ခဲယမ်းနှင့်ရိက္ခာများကို မူဆယ်သို့ပို့ဆောင်သည်ကို တွေ့ရသည်။ မူဆယ်မှတဆင့် ကြူကုတ် ပန်ဆိုင်းနှင့် မုန်းကိုး ဒေသသို့ ချီတက်တိုက်ခိုက်သည်ကိုလည်းကောင်း၊ ကိုးကန့်ဒေသရှိ အစိုးရတပ်များ သံလွင်အနောက်ဖက်သို့စေလွှတ်၍ တိုက်ခိုက်သည်ကိုလည်းကောင်း ကြားသိရသည်။

သို့ဖြစ်ရာ ထိုဒေသ၌ တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးပစ်ကူများသာမက တိုက်ခိုက်ရေး ရဟတ်ယာဉ် တိုက်လေယဉ် တို့ပါဝင်သည့် လေကြောင်းပစ်ကူများဖြင့်ပါ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကြားသိရသည်။ သို့သော် ထို တိုက်ပွဲသတင်းများကို မြောက်ပိုင်းမဟာမိတ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ်ထုတ်ပြန်နိုင်ခြင်းတော့ မရှိပါ။ ထို့အတူ အစိုးရနှင့် တပ်မတော်ဘက်ကလည်း ထိုဒေသသတင်းများနှင့်ပတ်သက်၍ တိုက်ပွဲများပြင်းထန်နေသည်ဟုလည်းကောင်း၊  တိုက်ခိုက်မှုများကြောင့် အရပ်သားအိမ်များထိခိုက်မှုရှိသည်ဟူ၍လည်းကောင်း ဖေါ်ပြခဲ့သော်လည်း အသေးစိတ်သတင်းများ ကို ဖေါ်ပြခဲ့ခြင်းမရှိပါ။ ပုဂ္ဂလိကသတင်းမီဒီယာများ သွားရောက်သတင်းယူရန် လက်လှမ်းမှီခြင်းမရှိပေရာ ထိုဒေသတိုက်ပွဲသ တင်းများ အသေးစိတ်အခြေအနေကို မသိနိုင်ပါ။

သို့သော် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ ၁၂ ရက်ကြာသည့်တိုင်အောင် နေ့စဉ် နေရာ ၁၀ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ တိုက်ပွဲများ ပြင်းထန်သည်ဟု ဆိုရမည်။ ထို့ပြင် နှစ်ဖက်လုံးက ကျဆုံးဒဏ်ရာရ စာရင်းကို ဖေါ်ပြခြင်းမရှိသဖြင့် ယခု ၁၂ ရက်ကြာပြီဖြစ်သော တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှု စာရင်းအား တိကျစွာမသိနိုင်သော်လည်း နှစ်ဖက်ထိခိုက် ကျဆုံး ဒဏ်ရာရသူ မနည်းလှဟုသာ ခန့်မှန်းရပေတော့သည်။

● မြောက်ပိုင်းစစ်ပွဲနှင့် နှစ်ဖက်အမြင်
အဆိုပါ မြောက်ပိုင်းစစ်ပွဲနှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်များက ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်အရ ကချင် ကိုးကန့် တအန်း ရခိုင် ရှမ်းဒေသများတွင် တပ်မတော်၏ထိုးစစ်မှာ ပိုတိုး၍လာနေကြောင်း ၁၀၅မမ ၁၂၀ မမ လက်နက်ကြီးများကို အသုံးပြု၍ တိုင်းရင်းသားဒေသများအား တိုး၍တိုက်ခိုက်လာကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်နေသော်လည်း တပ်မတော်က ထိုးစစ်များ အဆက်မပြတ်ပြုလုပ်နေကြောင်း ၎င်းတို့အနေနှင့် ငြိမ်းချမ်း ရေးပြုလုပ်ရန်ဆန္ဒရှိသော်လည်း တပ်မတော်၏စစ်ရေးဖိအားကို တောက်လျောက်ခံနေရ၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မလွှဲမရှောင်သာ ဆောင်ရွက်ရကြောင်း ဖေါ်ပြသည်။

မွန်ပြည်သစ်ပါတီ၏ဒုဥက္ကဌလည်းဖြစ် UNFC ၏ ဒုဥက္ကဌလည်းဖြစ်သူ နိုင်ဟံသာက လက်ရှိမြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ ပြန်တိုက်သည်ဆိုခြင်းမှာ အမှန်တကယ်က တပ်မတော်ထိုးစစ်ကို ပုံစံတမျိုးနှင့် ပြန်လည်ချေဖျက်ခြင်းဖြစ်ကြောင်း အစိုးရ အနေနှင့် ထိုးစစ်လုပ်နေသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း ဆက်လက်၍ခံစစ်နေပါက တိုင်းရင်းသားအဖွဲ့များဘက်မှ နစ်နာ နိုင်ကြောင်း ယခုကဲ့သို့ အပြင်ထွက်တိုက်လိုက်ခြင်းကြောင့် အစိုးရအနေနှင့် သူ့ကွင်းကို ပြန်လည်လုံခြုံရေးယူရန်လိုအပ်ပြီး တပ်မတော်ထိုးစစ်ဒဏ်ကို သက်သာစေနိုင်သည်ဟု ယုံကြည်ကြောင်း ရှင်းလင်းပြောကြားပါသည်။

NRPC ဥက္ကဌအနေနှင့် ဒေါ်အောင်ဆန်းစုကြည်မှလည်း ၂၀၁၆ ခုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန် ပါသည်။ ၎င်းကြေညာချက်တွင် ပထမအချက် NLD အစိုးရအနေနှင့် NRPC အမျိုးသားရင်ကြားစေ့ ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာ န ဖွဲ့စည်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များပါ ပါဝင်လာအောင်ကြိုးပမ်းခဲ့ ကြောင်း ဒုတိယအချက်အနေနှင့် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များအား နိုင်ငံရေးမူဘောင်ဆွေးနွေးရာတွင်လည်း ကောင်း၊ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် သဘောအမြင်စာတမ်းများတင်ပြရာတွင်လည်းကောင်း၊ NCA လက်မှတ် မထိုးသေးသည့် အဖွဲ့များပါ ပါဝင်ခွင့်ပြုခဲ့ကြောင်း တတိယအချက်အနေနှင့် NLD အစိုးရအနေနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးစားပေးခဲ့ကြောင်း NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များနှင့်လည်း NCA လက်မှတ်ထိုးရေးဆွေးနွေးခဲ့ပြီး ဆက်လက်၍လည်း NCA ထီးရိပ်အောက်တွင် အားလုံးပါဝင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တန်းတူပါဝင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွာမည်ဖြစ်ကြောင်း ဖေါ်ပြသည်။

အဆိုပါကြေညာချက်တွင် စတုတ္ထအချက်အနေနှင့် လက်ရှိအချိန်တွင်အမျိုးသားအဆင့်ဆွေးနွေးပွဲများ ကြိုးပမ်းဆောင်ရွက် နေကြပြီး လူထု၏သဘောထားကို ညီလာခံသို့ သယ်ဆောင်လာတော့မည်ဖြစ်ကြောင်း ပဉ္စမအချက်အနေနှင့် ထိုသို့သော အချိန်တွင် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့အနေနှင့် တိုက်ခိုက်လာရာ တပ်မတော်သား ရဲ စသည့် လုံခြုံရေးတပ် ဖွဲ့ဝင်များသာမက အပြစ်မဲ့ပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ကြကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေ စဉ် ဤသို့ ဖြစ်ပွားခဲ့သဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း တိုက်ပွဲများ ဖြစ်ပွားရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်ပြီး လူမှု ဘဝထိခိုက်ပျက်စီးခဲ့ရကြောင်း ဖေါ်ပြပါသည်။

ဆဌမအချက်အနေနှင့် ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ခေတ်နောက်ကျနေသည်မှာ အနှစ် ၇၀ ခန့်ရှိပြီး လပ်နက် ကိုင် နည်းလမ်းဖြင့် ပန်းတိုင်သို့မရောက်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် တံခါးဖွင့်ထားကြောင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် NCA လက်မှတ်ထိုးရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန် တနိုင်ငံလုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  ရွပ် ရွပ်ချွံချွံ စွမ်းဆောင်မှုများကြောင့် အခြေနေတခုအထိ တည်ငြိမ်အောင်စွမ်းဆောင်နိုင်ကြောင်း၊ သတ္တမအချက်အနေနှင့် ရှမ်းမြောက် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပါ ဝင်နိုင်ရေး NCA အမြန်ဆုံးလက်မှတ်ထိုးရေး NCA လက်မှတ်ထိုးပြီး ချိုးဖေါက်မှုများနှင့်ပတ်သက်ပြီး ဝိုင်းဝန်းအဖြေရှာရေး ၂၀၁၇ ဖေဖဝါရီလတွင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် အတူတကွလက်တွဲလျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ဖေါ်ပြထားပါသည်။

ထို့အတူ တပ်မတော်မှ တာဝန်ရှိသူတဦးဖြစ်သူ ဗိုလ်ချုပ်အောင်ရဲဝင်းကလည်း မြောက်ပိုင်းကတိုက်ပွဲများကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည်ဟုဆိုပါသည်။

● ကွဲလွဲမှုများ
အဆိုပါ မြောက်ပိုင်းတိုက်ပွဲများအပေါ် အပြန်အလှန်သဘောထားများကို ဖေါ်ထုတ်ပြောဆိုကြရာမှ အောက်ပါကွဲလွဲမှု များ ကို တွေ့ရပါသည်။

ပထမအချက်မှာ အရပ်သားများထိခိုက်မှု ပြဿနာဖြစ်သည်။ လက်ရှိမြောက်ပိုင်းစစ်ပွဲတွင် အပြစ်မဲ့အရပ်သားပြည်သူများထိခိုက်မှု ပြဿနာသည် လူပြောအများဆုံးဖြစ်သည်။ နှစ်ဖက်စလုံးက တဖက်ကပစ်၍ ဖြစ်သည်ဟု အပြန်အလှန်စွပ်စွဲ ထားကြသည်။ စစ်ပွဲကာလအတွင်း အတည်ပြုရန်လည်း မလွယ်ကူလှ၍ အငြင်းပွားဘွယ်ရာပြဿနာဖြစ်နေသည်။ သို့သော် တိုက်ပွဲများဖြစ်၍ အရပ်သား အသေအပျောက်ရှိသည်ကတော့ ငြင်းပယ်၍မရနိုင်။

ဒုတိယအချက်အနေနှင့် ၎င်းတိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့စတင်၍ဖြစ်သည်ဟု တဖက်ကဆိုသည်။ တဖက်က လည်း သူတို့ဒေသတွင်းသို့ တပ်မတော်ထိုးစစ်များ လရှည်ကြာ ဆက်တိုက်ထိုးစစ်ဆင်နေရ၍ တုန့်ပြန်ရသည်ဟု ဆိုသည်။ ထိုသို့ တပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်သည့်ကာလအတွင်း အရပ်သားများထိခိုက်မှုရှိပြီး စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ ရှိခဲ့ သည်ဟု ဆိုပါသည်။

တတိယအနေနှင့် တဖက်က လက်ရှိကာလတွင် NCAလက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပါဝင်ရမည့်ကာလတွင် NCA လက်မှတ်မထိုးဘဲ လက်နက်ကိုင်တိုက်ခိုက်သည်ကို လက်ခံနိုင်ဘွယ်မရှိဟုဆိုသည်။ တဖက်ကလည်း NCA လက်မှတ် ထိုးရန် UNFC တောင်းဆိုသည့်အချက်များကို အစိုးရဘက်က ခွင့်မပြုသေး၍ မထိုးနိုင်သေးဟူ၍လည်းကောင်း၊ MNDAA/TNLA/AA အဖွဲ့၃ ဖွဲ့အား NCA လက်မှတ်ထိုးရန် ငြင်းပယ်ထားသည်ဟူ၍လည်းကောင်း ပြန်လည်ထောက်ပြကြသည်။

လက်ရှိဖြစ်ပွားနေသော ပြဿနာများတွင် မတူသောဘက်နှင့် မတူသောအမြင်များရှိသည်။ စစ်ပွဲအရှိန်မြင့်တက်လာသည်နှင့် အမျှ ကွဲလွဲမှုများသည် ပို၍မြင့်တက်လာနိုင်ချေရှိပေသည်။ ထိုမတူသော ဘက်နှစ်ဘက်ကို သေချာစွာစေ့စေ့ငုငု သုံးသပ်ကိုင် တွယ်နိုင်မှသာ ပြဿနာကိုဖြေရှင်းနိုင်ပေလိမ့်မည်။

● မြောက်ပိုင်းစစ်ပွဲနှင့် ငြိမ်းချမ်းရေး
မြောက်ပိုင်းစစ်ပွဲပေါ်ပေါက်လာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်မည်လော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက် ဆုတ်သွားမည်လောဟူ၍ ငြိမ်းချမ်းရေးလိုလားသူများအတွက် စိတ်ပူပန်ဘွယ်ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ ယခု မြောက်ပိုင်းစစ် ပွဲဖြစ်ပေါ်လာကြောင့် ခက်ခဲသော်လည်း ယတိပြတ်ဆုံးဖြတ်ချက်များကို ချမှတ်ရန် ဖြစ်လာသည်ဟုဆိုရမည်။ ထိုသို့ ယတိပြတ် ဆုံးဖြတ်ချက်ချရန်ဖြစ်လာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော ပြည်တွင်းပြည်ပရှိသူများအားလုံးအား လှုံ့နှိုးလိုက်သကဲ့သို့ ဖြစ်ပေရာ အဆိုးထဲက အကောင်းဟုဆိုရပါမည်။

လက်ရှိအခြေအနေတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့က KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းတိုက်ခိုက်သည်ဟု ကြေညာထားသော်လည်းအစိုးရနှင့် တပ်မတော်ဘက်ကမှ AA အား အစောပိုင်းက အသိမှတ်ပြု ဖေါ်ပြခြင်းမရှိပေ။ တိုက် ပွဲများဖြစ်သည့် ၁၂ ရက်မြောက်နေ့ဖြစ်သော၂၀၁၆ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်များတွင်မှ AA အားဖေါ်ပြ အသိမှတ်ပြု သည်ကိုတွေ့ရသည်။ တဖန် KIA သည် UNFC နှင့်အတူ NCA နှင့်ပတ်သက်ပြီးဆွေးနွေးနေသော်လည်း လာမည့် NCA လက်မှတ်ရေးထိုးရေးကိစ္စများတွင် သူ၏စစ်ရေးမဟာမိတ်များဖြစ်သော MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ ပါဝင်ရေးကို ရပ်ခံဘွယ်ရှိသည်။ ထို့ပြင် UWSA ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ထို ၃ ဖွဲ့လုံး ပါဝင်ရေးကို ရပ်ခံထားရာ ထို ၃ ဖွဲ့ပါ ရေး မပါရေးသည် UWSA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ရေးအတွက် အရေးပါနေသည်ဟု ဆိုရမည်။ NDAA မိုင်းလားသည်လည်း UWSA နှင့်အတူ ရပ်တည်မည်ဟု ယူဆရသည်။ တခုနှင့်တခု ချိတ်ဆက်နေသည်။

သို့ဖြစ်ရာ လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင်ပါဝင်သည့် AA အားအသိမှတ်ပြု၍ဖေါ်ပြခြင်းကိုတွေ့ရပြီးနောက် မြောက် ပိုင်းမဟာမိတ် အဖွဲ့ဆိုသည့် အဖွဲ့ ၄ ဖွဲ့အားNCA လက်မှတ်ထိုးခြင်း ဝါ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ခွင့်ပြု ခြင်းမပြု ခြင်းသည်သမတဟောင်းဦးသိန်းစိန်လက်ထက် က စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်နိုင်ရေးအတွက် ကွင်း ဆက်ပြဿနာဖြစ်၍နေပေတော့သည်။ ခက်ခဲသောဆုံးဖြတ်ချက်လည်း ဖြစ်သည်။ မည်သည့်ဆုံးဖြတ်ချက်များကို ချသည် ဖြစ်စေ ထိုဆုံးဖြတ်ချက်နှင့် ကိုက်ညီသည့်ရလဒ်ထွက်ပေါ်ပေလိမ့်မည်။

လက်ရှိအချိန်တွင် တရုတ်၏ ကြားဝင်ပေးမှု အရ မြောက်ပိုင်းရှိ အဖွဲ့၆ ဖွဲ့ဖြစ်သည့် KIA/TNLA/MNDAAAA/UWSA/NDAA တို့သည် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည့် သတင်းများကြားသိနေရသည်ဖြစ်ရာ ငြိမ်းချမ်းရေးအတွက် သတင်းကောင်း ကို မျှော်လင့်နိုင်ဘွယ်ရှိပါသည်။ မြောက်ပိုင်းစစ်ပွဲသည် အဆိုးထဲအကောင်းကို သယ်ဆောင်လာမည်လောဆိုသည်ကို မျှော် လင့် နိုင်ဘွယ်ရှိသည်ဟုဆိုရမည်။

ငြိမ်းချမ်းရေးနှင့်စစ်ပွဲဆိုသည်မှာ ဒင်္ဂါးပြားတခု၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပေရာ ခေါင်းမကျလျှင် ပန်းကျပေလိမ့်မည်ဟုသာ ဆိုနိုင်ပါတော့သည်။

မောင်မောင်စိုး (Mg Mg Soe)
မှတ်ချက် ။ ။ ၆၊ ၁၂၊ ၂၀၁၆ နေ့က ဧရာဝတီမြန်မာပိုင်းတွင် ဖေါ်ပြပြီးဖြစ်သည်။