မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၉ – ၂၀)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၉ – ၂၀)
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။

………………………….
စစ်ကိုင်းလူသတ်ပွဲက စစ်ကိုင်းမှာ တကယ်ဖြစ်ခဲ့တာ

မာန် ။ ။ အဲဒီတော့ဆရာရဲ့မိသားစုဘဝလေးပြောပြပါဦး၊ စောစောက ဆရာ့ဇနီးအကြောင်းပြောပြီးပြီ၊ အခုဆရာ့ရဲ့သားသမီးတွေမိသားစုဘဝတွေပြောပြပါဦး
မင်းသစ် ။ ။ ဟိုဟာပေါ့၊ သားသမီးလေးယောက် ရှိတယ်ဗျ၊ အကြီးနှစ်ယောက် မိန်းကလေး၊ အကြီးဆုံးသမီးက ချစ်ရေစင်တဲ့၊ သူက ၁၉၉၀-၉၁ လောက်က ဝတ္တုတိုလေးတွေ တော်တော်ရေးတယ်၊ ကျနော်မေရှင်ရဲ့'ငယ်ငယ်တုန်းက ချစ်ရေစင်' သီချင်း ကိုသဘောကျလို့ ပေးထားတာ၊ သူကအခုတော့ ယောက်ျားလည်း ရသွားရော ဘာဝတ္တုမှမရေးတော့ဘူး၊ အဲဒီတော့ကျနော် လည်း မျိုးဆက်ပြတ်ရော။ ဒုတိယသမီးက လူမုန်းခင်တဲ့၊ တတိယကောင်က ဟိုတလောကပဲဆုံးသွားတဲ့ မှိုင်းသစ်။ အဲဒီမှိုင်း သစ် နာမည်မှည့်လို့ ကျနော်စစ်ကြောရေးမှာအရိုက်ခံရတယ်ဗျ။ သားကိုမှိုင်းသစ်လို့မှည့်လို့၊ အဲဒီအဘိုးကြီး သေတာကြာပြီကွ ပြောပြီး ရိုက်တာ။ မင်းတို့အခုထိလွမ်းတုန်းပဲလားတဲ့၊ သခင်ကိုယ်တော်မှိုင်းကို ပြောတာ။ အဲဒီလောက်မိုက်ရိုင်းတဲ့ကောင်တွေ၊ နောက်အငယ်ဆုံးသားက စိုးအုပ်ပိုင်တဲ့။ ဂီတလောကကတော့ သူ့ကို ကိုစူပါလို့ခေါ်တယ်။ သူကပွဲတွေ စီစဉ်တယ်။ ခုတော့ သူက အဲဒါတွေလည်း လုပ်တယ်။ ကျနော်တို့မိသားစုကုမ္ပဏီ၊ ကုမ္ပဏီဆိုတာသေးသေးပါ။ အခုဆိုလို့ရှိရင် ကော လင်းဘက်မှာ ကျေးလက်ဦးစီးနဲ့တွဲပြီးတော့ လမ်းလေးတွေဖောက်၊ တံတားလေးတွေဆောက်၊ လုပ်ငန်းသေးသေးလေးတွေပါ။ အဲဒါတွေလုပ်တယ်၊ ဒီလောက်ပါပဲ မိသားစုအကြောင်းက၊ သားသမီးတွေအားလုံး ဘွဲ့မယူကြဘူး။ သမီးကြီး ချစ်ရေစင်ဆိုရင် BSC (ZOO) အောနက်စ်။ ဖေဖေတဲ့၊ ဒီအစိုးရလက်ထက်မှာ ဘွဲ့မယူချင်ဘူးတဲ့။ အဲဒါနဲ့ နောက်ကောင်တွေလည်း မယူတော့ ဘူး။ ဟားဟား။

ကိုမာန်ရဲ့၊ ယူလာလည်း သူတို့တတ်တာလည်း ဟုတ်ပါဘူး၊ စာမေးပွဲအောင်လက်မှတ်လေ၊ ပညာလည်း တကယ်တတ် လာတာမဟုတ်ဘူး၊ ကိုယ့်ဘာသာအပြင်မှာဆက်လေ့လာကြလို့၊ ကျနော်တော့ အဲဒီလိုပဲမှာတယ်၊ အခုတော့ အိမ်ထောင် ကျတာလည်း သုံးယောက်၊ အကြီးဆုံးမကစ အိမ်ထောင်ကျတော့ ကျနော့်မြေးသုံးယောက်ရှိတာပေါ့၊ ဒါပါပဲ၊ ကျနော့်မိသား စုအကြောင်း ပြောပါဆိုရင် ဒီလောက်ပေါ့ဗျာ၊ ကျနော်အခုဘာစီးပွားရေးမှမလုပ်တော့ဘူး၊ ကလေးတွေ စီးပွားရှာတာပဲ ကျ နော်ထိုင်စားနေတယ်၊ စာရေးတယ်စာဖတ်တယ်၊ ကျနော်လည်း အရမ်းကြောက်သွားတယ်ကိုမာန်ရဲ့။ ကျနော်သေမှာ တော်တော်ကြောက်သွားတယ်၊ ဘာလို့တုန်း၊ ကျနော့်မှာ ရေးဖို့အချိန်သိပ်မကျန်တော့ဘူး၊ အချိန်ရှိတုန်းကမရေးခဲ့ဘူး၊ လူ က ခုနှစ်ဆယ်ကျော်ပြီဆိုတော့ သေဖို့ရာနီးနေပြီ။ ငါ့ဘာရေးပြီးပြီလဲဆိုတော့ ငါ့ဟိုဟာတွေရေးရဦးမယ်၊ ဒီဟာတွေ ရေးရဦး မယ်နဲ့၊ ဟာ ရေးစရာပွစာတက်ပြီးတော့ အဲဒီတော့မှ နောင်တတွေရနေတာ။ ကျနော်သေရမှာ တော်တော့်ကို ကြောက်နေပြီ၊ ဒါပေမဲ့ မသေခင်အချိန်လုပြီး ရေးရမှာပဲလေ။

မာန် ။ ။ ဟုတ်ကဲ့ပါဆရာ၊ အခုဆရာ့ရဲ့နာမည်ကျော် စစ်ကိုင်းမြို့အကြောင်း ရေးထားတဲ့ကဗျာ၊ ကဗျာရှည်ကြီးပေါ့၊ စစ်ကိုင်းအက်ပီတမ်ထင်တယ်ခေါင်းစဉ်က၊ အဲဒီကဗျာဖန်တီးဖြစ်တဲ့ နောက်ခံ အကြောင်းတွေပြောပြပါဦး၊ ၈၈ ကာလလေ။
မင်းသစ် ။ ။ ၈၈ ကာလမှာ ကျနော်က ရန်ကုန်မှာလေ၊ စစ်ကိုင်းလူသတ်ပွဲကစစ်ကိုင်းမှာ တကယ်ဖြစ်သွားတာ၊ အဲဒီတော့ ကျနော်ဒါနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတမြို့လုံးကို၊ စစ်ကိုင်းမြို့အတွက်ကို မော်ကွန်းငယ်လေးတခုတော့ ရေးသင့်တယ်လို့ ကျနော်ထင်တယ်လေ၊ အိလိယက်တို့ ဩော်ဒက်ဆီတို့က မော်ကွန်းကြီးတွေပေါ့၊ ကျနော်က မော်ကွန်းငယ်ဆိုပြီး ရေးတာ၊ အဲဒါလေးပါ၊ အဲဒါလေး ရေးတဲ့အခါမှာ စစ်ကိုင်းရဲ့ကာရိုက်တာတွေအကုန်ပေါ်လွင်အောင်ပေါ့၊ ရေမြေတောတောင် သဘာဝတွေပါ အကုန်ပေါ်လွင်အောင်ရေးတာ

(ဆရာက ကဗျာရွတ်ဖို့ ခဏတွေးတောပြီး၊ လက်တန်းရွတ်ပြသည်)
မြန်မာပြည်မြောက်ဖျားမှာ
အမြီးနှစ်ခွချန်ထားခဲ့တဲ့
ဧရာဝတီဆိုတဲ့နဂါးဟာ
မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား
ကပ္ပလီပင်လယ်ထဲငုတ်လျှိုးသွား
အသည်းနှလုံးကိုတော့စစ်ကိုင်းမှာထားခဲ့သတဲ့
အဲဒီနဂါးပေါ်ကင်းခြေများ
စစ်ကိုင်းတံတားတဲ့။
(ကျနော်အဲဒီလိုလေးရေးခဲ့တာပေါ့၊ ပြီးတော့မှ)
စစ်ကိုင်းတဲ့
ကာလများရိုင်းတဲ့အခါ
အရူးမီးဝိုင်းလည်း ခံခဲ့ဖူးတယ်
ရေကြီးခဲ့ မီးလောင်ခဲ့ ငလျင်လှုပ်ခဲ့၊ ပြီးတော့
ခတ္တာငုံစ
ဝါခေါင်လတညနေမှာ
ကျေးတွေ ဆူခွေးတွေအူ
တမြို့လုံးလည်းကျွက်ကျွက်ဆူ
ထူပါရုံကို
ရွှေသာလျောင်းကို
စစ်ကိုင်းရဲ့ကောင်းကင်ပြိုကျခဲ့တယ်၊
နောက်ကြည့်ကျွန်းဆိုတဲ့အမည်ဟောင်း
အလောင်းကြည့်ကျွန်းလို့ပြောင်းခဲ့ရ
ကာလမကောင်းခေတ်ခရောင်းကို
ပြန်ပြောင်းကြည့်မိသတိရရင်း
စစ်ကိုင်းဟာ မျက်ရည်ကျခဲ့။
(အဲဒါက ၈၈ ကာလကိုခံစားရင်း နာကြည်းသွားပြီလေ)

စစ်ကိုင်းတဲ့
ဘဝကိုမကျေနပ်
လောကကြီးကိုမကျေနပ်
သည်းအူပြတ်မျှ ခံစားရတဲ့အခါ
ထုံးရယ် ဗမာဆေးရယ် ဒေါသရယ်
သောကနဲ့အတူ ကွမ်းယာထဲထည့်
စစ်ကိုင်းသားတွေ ကွမ်းစွဲသွားပေါ့။
စစ်ကိုင်းတဲ့
လောကဓံတရားနဲ့ ခပ်ဆန်းဆန်းလေးကြုံရရင်
မတုန်မလှုပ် ကွမ်းကလေးမြုံ
ငုံ့နေတဲ့ခေါင်းပြန်မော့
ကျော့ကျော့လေးပြုံးနေတဲ့စစ်ကိုင်း
သမိုင်းဆရာတွေလည်းမျက်ရည်ဝိုင်း
ဆရာမင်းသစ်(19/ဒုတိယပိုင်း)
………………………..
မင်းသစ် ။ ။ ဟိုတုန်းကတော့ အစအဆုံးရတယ်ဗျာ၊ အခုတော့ မေ့ကုန်ပြီ၊

မာန် ။ ။ ဟုတ်ကဲ့ဆရာ၊ အဲဒီကဗျာကိုမဂ္ဂဇင်းမှာဖော်ပြပြီးတော့ ပရိသတ်တယောက်က ဆရာ့ကိုဂုဏ်ပြုချီးမြင့်တာလေး ကြားလိုက်ရတယ်၊ အဲဒါက…
မင်းသစ် ။ ။ဩော်၊ ဟုတ်တယ်၊ ဟိုဟာဗျ၊ မန္တလေးကဆရာကြီးဦးတင်မောင်ဆန်းနဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသီတာတို့က မဟေသီမဂ္ဂဇင်းက တဆင့်ကျနော့်ကို ငွေတစ်သိန်းလှမ်းပို့တယ်၊ အဲဒီကဗျာအတွက်ဆိုပြီး ပို့တာ၊ ဒီကဗျာက မဟေသီမှာ မဖော်ပြခင်ကတည်းက ခဏခဏ အစုတ်ခံရ တာ၊ အထည့်ဆုံးက အောင်ဝေးပေါ့၊ အောင်ဝေးက BBC မှာရော VOA မှာရော ဒီကဗျာကိုဖတ်တယ်၊ စာမျက်နှာပေါ်ရောက်မလာခင်ကတည်းက ဖတ်နေတာ၊ မဟေသီမှာဖော်ပြခံ ရပြီးတော့ အဲဒီဂုဏ်ပြုငွေ တစ်သိန်း မဟေသီကတဆင့် လှမ်းချီးမြှင့်တယ်၊ အဲဒီလိုပဲစစ်ကိုင်းရောက်တဲ့အခါ အဲဒီကဗျာကြောင့် ဟိုကခေါ် ဒီကခေါ်နဲ့ ဧည့်ခံကျတယ်ဗျ၊ ကျနော်လည်း ကျနော်ရေးခဲ့တဲ့ကဗျာတွေထဲမှာ အဲဒီကဗျာကို တော်တော်အားရပါ တယ်။
……

ကျနော်နဲ့သဘောထားကွဲတာတခုကတော့ စကားပြော သလို ရေးကြမယ်ဆိုတဲ့ကိစ္စ

………………….
မာန်။ ။ ဆရာဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေထဲမှာ လူကြီးပိုင်းတွေ၊ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ၊ နောက် ပညာတတ်အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး ဆရာပြောချင်ဆိုချင်တာလေးတွေရှိရင် သိချင်ပါတယ်၊ ပြောပါဦးဆရာ။
မင်းသစ် ။ ။ ကျနော်ကြီးပြင်းလူလားမြောက်ရတာက ဆရာမောင်သာနိုးတို့၊ ဆရာတင်မိုးတို့၊ မောင်စွမ်း ရည်တို့၊ ကြည်အောင်တို့ကိုလေး(အင်းဝဂုဏ်ရည်)တို့ကြားမှာ လူလားမြောက်ရတာဆိုတော့၊ ဟိုဟာ ပေါ့၊ ခုခေတ်မှာ လူထုဒေါ်အမာကို အမေခေါ်ကြတဲ့အချိန်၊ ကျနော်တို့က ဒေါ်ဒေါ်မာ၊ ဦးလေးလှခေါ် ကြတဲ့အုပ်စုပေါ့၊တနည်းပြောရလို့ရှိရင် အထက်ဗမာနိုင်ငံစာရေးဆရာအုပ်စုရဲ့နောက်ဆုံးလက်ကျန် ထဲကပေါ့၊ ဒါပေမဲ့ ကျနော်နဲ့သဘောထားကွဲတာတခုက စကားပြောသလိုရေးကြမယ်ဆိုတဲ့ကိစ္စ..

မာန်။ ။ဟုတ်ကဲ့၊ အဲဒါပြောပါဦးဆရာ
မင်းသစ် ။ ။ ကျနော်သဘောမတူဘူး၊ အဲဒီထဲမှာမှ ကျနော်ကအငယ်ဆုံး၊ကျနော်အကုန်လုံးကိုကြောက်ရတယ်၊ ထုတ်လည်းမကန့်ကွက်ရဲဘူး၊ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ အဲဒီကိစ္စ ကတ္တီပါ လမ်းခွဲပဲ၊ ကိုယ့်ဘာသာခွဲထားတာ။

မာန် ။ ။ လက်မခံဘူးပေါ့ဆရာ။
မင်းသစ် ။ ။လက်မခံဘူး၊ မပေးနိုင်ဘူး၊ ကျနော်မကြိုက်ဘူးဗျာ၊ တခါတလေ ကျနော်စကားပြောသလို ရေးချင်ရေးမှာပေါ့၊ အကြောင်းအရာကတောင်းဆိုရင်၊ လေကတောင်းဆိုရင် တခါတလေကျတော့ လေကတောင်းဆိုတယ်၊ ဟုတ်တယ်မို့လား၊ ဒါကတော့ အရေးလေနဲ့မကိုက်ဘူးဟ၊ အပြောလေနဲ့မှကိုက်မှာ၊ ဒါလေးက သွက်မှကောင်းမှာ၊ အဲဒီလိုဆိုရင်တော့ ထားတော့လေဗျာ၊ အမြဲတမ်းကြီးတော့ ကျနော်မရေးဘူး၊ အဲဒါသူတို့နဲ့ ကျနော်သဘောမတူဘူး၊ ဟုတ်ပြီနော်၊

နောက်ပြီးတော့ ကျနော်ရန်ကုန်ရောက်လာတဲ့အခါကျတော့လည်း ကျနော်ကံကောင်းတယ်၊ ကျနော်ဆရာကောင်းတွေချည်း တွေ့ရတာ၊ ခုခေတ်လူငယ်တွေကို သနားတယ်၊ သူတို့ဆရာကောင်း ရှားသွားပြီ။ ကျနော်တို့တုန်းက ဘေးနားပတ်ဝန်းကျင်မှာ ဆရာတင်ရမယ့်သူတွေတပုံကြီးပဲ။ အချို့ဆိုရင်အလံနီတွေ။ အလံနီတွေမှာလည်း တော်တဲ့အခါကျတော့ ဆရာတင်ရတာပဲ။ သူတို့ကလည်း သင်ပေးတာပဲ။ မောင်ကိုယုတို့၊ ဇော်ဇော်အောင်တို့၊ ဒါတွေက အလံနီတွေ။ ကျနော်တို့က ပရိုဗကပတွေ၊ သူတို့ဆီကလည်း သင်ရတာပဲ၊ အဲဒီလိုပဲ၊ ဗကပရင့်မကြီးတွေ၊ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာပါရဂူတို့၊ ဒါဘာပဲပြောပြော ဆရာပါရဂူတို့ဆိုရင်ဘီစီပီစပက်တိုင်စာတွေပဲ၊ ပရိုဗကပတွေပဲ၊ အဲဒီတော့ ကျနော့်မှာ ဆရာတွေအများကြီးဗျ၊

နောက် ကိုမာန့်ကိုပြောပြီးသားထင်တယ်၊ ကျနော်ဖိုင်နယ်နှစ်မှာစာမေးပွဲလာဖြေတော့ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေအိမ်မှာနေခဲ့တာ။

မာန် ။ ။ပြောပြီးပြီဆရာ၊ အဲဒီမှာကျနော်မရှင်းတာက ဦးနေဝင်းဖွဲ့တဲ့(၃၃)ဦးအဖွဲ့ဆိုတာ ဘာလဲဆရာ၊ အဲဒါလေး ကျနော်မရှင်း ဘူး။
မင်းသစ် ။ ။ ဦးနေဝင်း နှစ်ပေါက်တစ်ပေါက်ရိုက်တာပါဗျာ၊ ခြောက်ခရိုင်ဆွေးနွေးပွဲ ပျက်သွားပြီးတဲ့ အခါမှာ လေပြည်ထိုးတာ ပေါ့။ လူကြီးတွေကလည်း အတယ်ရိုးတယ် ဦးနေဝင်းထပ်လိမ်တာကို ထပ်ခံတာပဲ။ ဒီတိုင်းပြည်ကြီးဖွံဖြိုးတိုးတက်လာအောင်အတွက်(၃၃)ဦးအကြံပေးအဖွဲ့ ဖွဲ့တယ်ပေါ့၊ ရှင်းရှင်းပြောရရင် တော်လှန်ရေးကောင်စီကို ကျားကန်တာပေါ့။ မဆလပါတီက (1974) မှဖြစ်တာ လေ။ (၆၂) အာဏာသိမ်းတော့ တော်လှန်ရေးကောင်စီဆိုပြီး သိမ်းတာကိုး။ အဲဒီကောင်စီကိုကျားကန်ပေးရုံသက်သက်ပေါ့ဗျ။ ဖဆပလတွေလည်း ဖိတ်တယ်၊ပထစတွေလည်း ဖိတ်တယ်၊ ပမညတတွေလည်း ဖိတ်တယ်၊ ဆိုရှယ်နီတွေရောဘာတွေရော အကုန်လုံးပေါ့၊ စုစုပေါင်း(၃၃)ဦး အကြံပေးအဖွဲ့ ဖြစ်လာတာပေါ့၊ ဘာမှမကြာလိုက်ဖူးဗျ၊ နှစ်လလောက်ပဲကြာတယ်ပျက်ရော။ ကျနော်ကတော့ မြတ်လိုက်တယ်။

အထူးသဖြင့် ဦးဗဆွေရဲ့တည်မြဲအဖွဲ့၊ တည်မြဲဖဆပလအဖွဲ့ရဲ့တဦးချင်းရဲ့ဒိုင်ယာရီတွေ၊ မှတ်စုတွေ ဖတ်ခွင့်ရလိုက်တယ်၊ ကျနော့်ကိုသူတို့ကပေးဖတ်တာလေ၊ အဲဒီမှာ လွတ်လပ်ရေးတိုက်ပွဲမဝင်ခင်က ပြည်သူ့အရေးတော်ပုံပါတီဘယ်လိုစပေါ်ပေါက်လာတယ်ဆိုတာ သိရတယ်၊ အသေးစိတ်ကို သိရတာ ပေါ့။ ဟိုတုန်းကတော့ သမိုင်းစာအုပ်ထဲပါတဲ့တစ်ကြောင်းစနှစ်ကြောင်းစပဲ သိခဲ့ရတာ။

မာန် ။ ။ ဟုတ်ပါပြီဆရာ၊ ဒါဆို(၈၈)နောက်ပိုင်းမှာကော ဆရာစစ်ကိုင်းကိုရောက်ဖြစ်သေးလား၊ အသွားအလာအဝင်အထွက်ပေါ့
မင်းသစ် ။ ။ ရှိပါတယ်၊ စစ်ကိုင်းကိုတစ်နှစ်ကိုနှစ်ခေါက်လောက်တော့ သွားနေတာပဲ၊ နှမလေးကလည်း အဲဒီမှာ၊ ကျနော့်အိမ်ကလည်း အဲဒီမှာပဲ၊ ဒါက ထားလိုက်တော့၊ ကျနော်နိုင်ငံရေး အကြောင်းလေး  ဆက်ပြောလိုက်ချင်သေးတယ်၊ ကျနော့်ဘဝက အဲဒီလိုဗျာ၊ ပရိုဗကပကြီးနဲ့ချီတက်လာတယ်။

Hight School Final မှာ ကျနော်တို့တုန်းက ကိုးတန်းကို တန်းမြင့်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲလို့ ခေါ်တယ်၊ အဲဒီ လည်း ရောက်ရော ကျနော်က ကျောင်းသားသမဂ္ဂထဲဝင်နေပြီ၊ သမဂ္ဂတွေကလည်း ကျောင်းတိုင်းရှိတာကိုး ဝင်လို့ရနေပြီ၊ မေမြို့မှာဝင်လိုက်တာ။

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။