မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၅)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၅)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆

● စိတ်တိုင်းကျ ကိုအောင်ထိုက်
သူကိုတော့ စိတ်တိုင်းကျ ကိုအောင်ထိုက်ဟုသိကြသည်။ နောက်ပိုင်းတွင် သူက မြေနီကုန်းစိတ်တိုင်းကျတွင် မနက်ပိုင်းပုံမှန်လာထိုင်လေ့ရှိသည်။မိမိတို့သူငယ်ချင်းများ ရောက်သွားလျှင် တကူးတက လာထိုင်စကားပြောလေ့ရှိသသည်။ အိမ်ထောင် မရှိသူ လူပျိုကြီးလည်းဖြစ်သည်။ ထောင်ကထွက်ပြီးအလုပ်စုံခဲ့သည်။ မီးသွေးရောင်း ဝက်အူချောင်းရောင်းလဲလုပ်ဘူးခဲ့ဘူးသည်။နောက်ပိုင်းတော့ ဆေးဆိုင်ဖွင့်လိုက်သေးသည်။ သူငယ်ချင်းဆရာဝန်များတရုံးရုံးနှင့် စည်ကားသည့် ဆေးဆိုင်ဖြစ် ခဲ့သေးသည်။ ဆေးကုမ္ပဏီ ကိုယ်စားလှယ်လည်း လုပ်ဖူးသေးသည်။ နောက်ပိုင်းတွင် စိတ်တိုင်းကျ လဘက်ရည်ဆိုင်တွင် ကိုအေးကြည်၏ ရှယ်ရာပါတနာဖြစ်ခဲ့သည်။ ဆရာဝန်မဖြစ်ခဲ့သော်လည်း အောင်မြင်သော လဘက်ရည်ဆိုင်ပိုင်ရှင်ဖြစ်ခဲ့သူ ဟုဆိုရမည်။

ယခင်ကတော့ ဒေါက်တာသိန်းမြင့်တစ်ယောက် မော်လမြိုင်မှ ရန်ကုန်သို့ မကြာခဏလာတတ်သည်။ သူလာလျှင် မိမိတို့ နှစ်ယောက် မပိုလမ်း စိတ်တိုင်းကျသို့သွား၍ ကိုအောင်ထိုက်နှင့် စကားစမြီဆိုလေ့ရှိသည်။ စီးပွားရေးလည်း အောင်မြင် အိမ် ထောင်လည်းမရှိသော ကိုအောင်ထိုက်တယောက် အလှူအတန်းရက်ရောသည်။ ချို့တဲ့သော ကျောင်းသားများအား ပညာ သင်စားရိတ်ထောက်ပံ့ပေးနေသည်ဟု ၂၀၀၀ ပြည့်နှစ်များထဲက ဆိုဖူးသည်။ ရဲဘော်ဟောင်းများကို ကူညီသည်။ အစောပိုင်း ကာလက နိုင်ငံရေးလှုပ်ရှားမှုများတွင် ဝင်ပါခြင်းမတွေ့ရသေးသော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကတော့ အပြည့်ရှိသည်။

၂၀၀၃ ခုနှစ်ထဲ သူအဖမ်းခံရသည့် သတင်းကြားရ၍ အံ့သြမိသည်။ ဘာတွေများ လွဲချော်မှုဖြစ်သနည်းဟု စဉ်းစားမိသည်။ တိုက်တိုက်ဆိုင်ဆိုင် သူအဖမ်းခံရပြီး တလအကြာ သူလွတ်သောသတင်းကြားရချိန် ဒေါက်တာသိန်းမြင့်ကလည်း ရန်ကုန် ရောက်လာ၍ မိမိတို့နှစ်ယောက် သတင်းမေးဖို့ သူ့ဆိုင်ဘက်ထွက်လာခဲ့ရာ ဆိုင်ရှေ့မှာရပ်နေသည့် ကိုအောင်ထိုက်ကို အ ဆင်သင့်စွာတွေ့ရ၍ အဝေးကထဲ လှမ်း၍ လက်ပြနှုတ်ဆက်ခဲ့ကြသည်။

"ဒီတခေါက်က တလဘဲကြာတာတောင် ၁၀ ပေါင်လောက် ကျသွားတယ်ကွ" ဟု ဆီးကြို၍ ပြောသည်။ အင်းစိန်ထောင်သည် သူနှင့် ရေစက်ကုန်ပုံမရချေ။

"ဘိုးတော် (သူနှင့် ၇၅ ဇွန် ထောင်ကျဘက် ကျောင်းသားတဦး) က ငါ့ဆီလာပြီး နယ်က ခြံလေးရောင်းရတဲ့ပိုက်ဆံ နဲနဲ ဘဲဖြစ်ဖြစ် ပွါးအောင်လုပ်ပေးပါဆိုလို့ လက်ခံပေးလိုက်တာလေ။ သူလာပေးတော့ ငါလဲဆိုင်မှာ မရှိပါဘူး၊ ငါ့တူလက်ခံခိုင်း ထားလိုက်တာ။ နောက်တော့ ထောက်လှမ်းရေးက အဲဒီပိုက်ဆံတွေကို ထိုင်းနယ်စပ်ကထောက်ပံ့တာဆိုပြီး ငါရော ငါ့တူပါ လာဖမ်းတာဟေ့၊ အတော်ရှင်းယူရတယ်" ဟု ရီ၍ပြောသည်။ ထောင်ဇာတာ အတိုက်အခံဇာတာပါသော မိမိတို့ရီမောကြမိ သည်။ နဲနဲမှ အတိမ်းအစောင်းမခံသော အချိန်ကာလများဟု ဆိုရပါမည်။

နောက်ပိုင်းတွင်တော့ NLD ရုံးချုပ်တွင်၎င်း ဟံသာဝတီဦးဝင်းတင်ဖေါင်ဒေးရှင်းတွင်လည်းကောင်း၊ သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်စောင့်ရှောက်ရေးတွင်လည်းကောင်း တွေ့ရသည်။ ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစုများ၏ အထိမ်းအမှတ်ပွဲများ တွင်လည်း သူ့ကိုတွေ့ရသည်။ နောက်ပိုင်းတွင် NLD လူမှုရေးအထောက်အကူပြုကွန်ယက်တွင်လည်းပါသည်ဟုသိရသည်။ အလှူအတန်း ရက်ရော၍ လှူနိုင်တန်းနိုင်သောသူသည် ချို့တဲ့ကြသော နိုင်ငံရေးအသိုင်းအဝန်းကြားတွင် အားထားစရာ ဖြစ်ခဲ့သည်။ ထိုကြောင့်လည်း ရင်းနှီးသူများက "အောင်ထိုက်မဟုတ်ဘူးကွ အောင်စိုက် အောင်စိုက် ဘာလုပ်လုပ် လိုရင် သူစိုက်ရတာဘဲ" ဟု ဆိုလေ့ရှိသည်။

၂၀၁၅ ခုနှစ် NLD အမတ်လောင်းစာရင်းတွေထွက်ပြီး ပွဲဆူစဉ်ကာလ က သူ့ဆိုင်သို့ရောက်ပြီး သူနှင့် ပွင့်လင်းစွာ စကား ပြောဖြစ်သည်။ NLD ရုံးချုပ်တွင် ဝင်ရောက်လှုပ်ရှားနေသူဆိုတော့ သူက မိမိထက်အတွင်းသတင်းတွေ ပိုသိသည်။ ထိုအမတ်လောင်းရွေးပွဲအကြောင်းပြောဖြစ်တော့ လူအချို့ကို အရွေးမှားခဲ့ကြောင်းနှင့် မှားသွားခဲ့သည့်အကြောင်းအရင်းများကို ရှင်းပြခဲ့သည်။ အချိန်မှီ ပြန်လည်ပြင်ဆင်နိုင်တာနဲခဲ့ကြောင်း ပြန်မပြင်ဆင်နိုင်တွေကျန်ရှိခဲ့ကြောင်း သူကဆိုခဲ့သည်။ သို့ သော် သူနှင့်မိမိတူညီသည်တခုကတော့ ရှိသည်။

"အေးဗျာ၊ ဘာဘဲဖြစ်ဖြစ် ကြံ့ဖွံ့ကိုတွန်းချပြီး အပြောင်းအလဲတခု စနိုင်ဖို့ ဒီရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ တွန်းရ ဝိုင်းရမှာ ဘဲ၊ နောက်ပြဿနာ နောက်ကြည့်ရှင်းရမှာပေါ့" ဆိုသည့်သဘောထားဖြစ်သည်။

ရွေးကောက်ပွဲကာလက မိမိမိသားစုတစုလုံး သန်းခေါင်စာရင်းတွင် မပါ၍ ရပ်ကွက်ရုံးကို သုံးခေါက်လောက် သွားရသည်။ ရပ်ကွက်ရုံးက သူ့ဆိုင်နှင့်နီး၍ သူ့ဆိုင်သွားထိုင်ဖြစ်ခဲ့သည်မှာ နောက်ဆုံး သူနှင့်တွေ့ခဲ့ခြင်းဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ အနိုင် အရှုံးစာရင်း ထွက်လာသည့်နောက်နေ့ မနက်ပိုင်းကသူဆိုင်တွင် လာသမျှလူ အခမဲ့ကျွေးမွေးလိုက်သေးသည်ဟု သတင်း ကြားလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ပုံများအား ဆိုင်နံရံပတ်လည် အပြည့်ကပ်ထားသော မြေနီကုန်းစိတ်တိုင်းကျ ဆိုင်အတွင်း ကိုအောင်ထိုက်တယောက် ပျော်ရွှင်ရီမောနေပေလိမ့်မည်။

၂၀၁၆ စက်တင်ဘာလကုန်ပိုင်းသူဆုံးသည်ဟု ကြားရသည်။ သူငယ်ချင်းများ သတင်းလက်ဆင့်ကမ်းကြ၍ ခဏတွင်း သ တင်းပျံ့သွားသည်။ အလှူအတန်းရက်ရောသူ လူမှုရေးအသင်းအပင်း နိုင်ငံရေးအခြေခံသည့် အသင်းအပင်းများစွာတွင် ပါဝင်လှုပ်ရှားသူမို့ အများက နှမြောတသဖြစ်ခြင်းခံရသည်။ သူအသုဘချသည့်နေ့က ကြိတ်ကြိတ်တိုး စည်ကားသည်။ ရေ ဝေးသုသာန်အတွင်း ကားများပြည့်ကြပ်၍ ရပ်စရာနေရာမရှိ ဖြစ်ခဲ့သည်။ အတွင်းတွင်လည်း လူတွေကြိတ်ကြိတ်တိုးနေသည်။ လူများလွန်းလှ၍ မိမိနှင့်ရင်းနှီးသူများကိုပင် ဖုန်းဆက်၍ အတော်ရှာလိုက်ရသည်။ သူငယ်ချင်းအတော်များများ လာကြသော် လည်း မတွေ့လိုက်ကြရပေ။ နောက် လူမှုကွန်ယက်စာမျက်နှာတွင် ပုံတွေတွေ့မှ လူဟောင်းရောင်းရင်းအားလုံးလိုလို လာ ကြသည်ကို သိရသည်။ ထိုနေ့ကတော့ လူများလွန်း၍ မဆုံလိုက်ကြရ။

သို့သော် အမှတ်တရ တွေ့ဆုံမှုလေးတခုတော့ရှိပါသည်။ မိမိတို့ထက်ဆယ်နှစ်ခန့်ငယ်သော်လည်း ဆေးကျောင်းတွင် အနှစ် ၂၀ ကျော်သက်တမ်းရှည်ကြာခဲ့သူ မောင်မောင်ထွေးနှင့်အတူ ဆရာဝန်ဖြစ်ခဲ့သူ အရိုးအထူးကုဆရာဝန် ဒေါက်တာတင်မင်း ထွန်းက မိမိတို့ ၁၉၇၅ ဆေး ၂ သပိတ်မှောက်ကျောင်းသားများဖြစ်သည့် ဒေါက်တာမောင်မောင်ထွေး ကိုစိုးအောင် ကို အောင်သိန်းထွန်း ဒေါက်တာစိုးဝင်း (ဝါခယ်မ/သံလျင်ဆေးရုံအုပ်မှ အငြိမ်းစားယူသည်မှာ မကြာသေး) နှင့် မိမိတို့အား လက် ရှိ ဆေးတက္ကသိုလ် ၂ ကျောင်းသားသမဂ္ဂဥက္ကဌ မောင်အောင်ပညာနေလင်း (နောက်ဆုံးနှစ်အပိုင်း - က) နှင့် ဆေး ၂ သမဂ္ဂ ကျောင်းသားများနှင့် မိတ်ဆက်ပေးသည်။

ဆေး ၂ အားသံယောဇဉ်ရှိသော မိမိအဖို့ ဆေး ၂ သမဂ္ဂ လှုပ်ရှားမှုအား လူမှုကွန်ယက်မှ အမြဲဖတ်ရှုနေသည်ဖြစ်ရာ သူတို့ အား သတိထားမိပြီးဖြစ်သည်။ မည်သို့ဖြစ်စေ နုနယ်ပျိုမြစ်သော တက်ကြွသော သူတို့အားတွေ့ရသောအခါ မိမိငယ်ဘဝ အားသတိရမိသလို သူတို့လေးများအားလည်း ကျေနပ်နှစ်သက်မိသည်။

ကိုအောင်ထိုက်အသုဘတွင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီး၏ ပန်းခြင်းများ ပန်းခွေများစွာကို တွေ့ရသည်။ နိုင်ငံတော်အဆင့်ထိပ်သီးခေါင်းဆောင်များ၏ ပန်းခွေများအားလည်း တွေ့ရသည်။ ထိုအထဲတွင် မိမိသဘောကျ အနှစ်သက်ဆုံး ပန်းခွေတခု တွေ့ခဲ့ရသည်။ ၎င်းပန်းခွေမှာ "ဆေးတက္ကသိုလ် ၂ ကျောင်းသားသမဂ္ဂ" လွမ်းသူ့ပန်းခြင်းဖြစ်သည်။ "ကျောင်း သားသမဂ္ဂဖွဲ့စည်းရေး "ကြွေးကြော်သံဖြင့် မင်္ဂလာဒုံမှ ပင်မတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရောက် လမ်းလျှောက်ချီ တက်ဆန္ဒပြရာတွင်ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံရပြီး ထောင် ၆ နှစ်ကျခံခဲ့ရသူ ကိုအောင်ထိုက်သည်လည်း အနှစ် ၄၀ ခန့်အကြာတွင် ဆေးတက္ကသိုလ် ၂ တွင် တရားဝင်ဖွဲ့စည်းခွင့်ရခဲ့ခြင်းနှင့် ထိုဆေး ၂ သမဂ္ဂ၏ လွမ်းသူ့ပန်းခြင်း ပို့ပေးခြင်း အ တွက် ဂုဏ်ယူခြင်းများစွာဖြင့် သဘောကျ နှစ်သက်ပေလိမ့်မည်ဟု မိမိယုံကြည်မိပါသည်။ လျှောက်ခဲ့ရသည့်လမ်းဝေးခဲ့သော်လည်း ကြမ်းတမ်းခဲ့သော်လည်း ပန်းတိုင်မရောက်သေးသော်လည်း ဆေး ၂ သပိတ်မှောက်ကျောင်းသားများအတွက်ပီတိဖြစ်ခဲ့ရသော အခိုက်အတန့်ဟုဆိုရပါမည်။

● စိတ်တိုင်းမကျခဲ့သူများ
၁၉၇၅ ဇွန် သပိတ်ကာလအတွင်း ဆေး ၂ မှ ထောင်ကျ သူ ၁၇ ယောက်အနက်မှ စိတ်တိုင်းကျ လဘက်ရည်ဆိုင်ဖွင့်လှစ် အောင်မြင်ခဲ့သည့် ကိုအေးကြည် ကိုအောင်ထိုက်တို့အား စိတ်တိုင်းကျဟု အမည်နာမည်တပ်ခေါ်ကြရလျင် ကျန်သူများအား စိတ်တိုင်းမကျခဲ့သူများဟု ဆိုရမည်။ သူတို့ စိတ်တိုင်းမကျခဲ့သည်မှာ ခေတ်နှင့်စနစ်ကို ဖြစ်သည်။ ခေတ်နှင့်စနစ်ကို အတင်း ပြောင်းရန်လည်း ကြိုးစားခဲ့ကြဖူးသည်။

နောက်ဆုံးနှစ်အပိုင် ခ မှ ကိုအေးမြင့် (မြောင်းမြ) သည် စာပေ၌ ပျော်မွေ့သူတစ်ဦးဖြစ်သကဲ့သို့စာအရေးသားကောင်းသူတစ်ဦးဖြစ်သည်။ထိုကာလ ဆေး ၂ နှစ်လည်မဂ္ဂဇင်းတွင် သူ၏လက်ရာများကို တွေ့မြင်နိုင်သည်။ ထောင်ကလွတ်ပြီး ရှုမဝ မဂ္ဂဇင်းတွင် နှင်းလှဖြူ (ရက္ခိုင်) ဟူသည့်အမျိုးသမီးကလောင်အမည်ဖြင့် သူ၏လက်ရာများကို တွေ့လိုက်ရသေးသည်။ နောက်ပိုင်းတွင်တော့ သူ၏လက်ရာများကို မတွေ့ရတော့။ ကိုပုလောဟုခေါ်သည့် ကိုဝင်းလွင်ကတော့ ပုလောသို့ပြန်မ ရောက်တော့ပေ။ အိမ်ထောင်ကျပြီး တောင်ငူတွင်နေကြသည်။ သူက ဆရာဝန်မဖြစ်သော်လည်း သူ့ဇနီးသည်က ဆရာ ဝန်ဖြစ်သည်။ စကားပြောလျှင် ကျယ်လောင်စွာ ပွင့်လင်းစွာပြောတတ်သော ကိုဝင်းလွင်လည်း ရန်ကုန်ရောက်လျင် စိတ် တိုင်း ကျသို့ရောက်တတ်သည်။ အလားတူ နောက်ဆုံးအပိုင်း ခ မှ အာနီဟုခေါ်ကြသည့် ကိုသိန်းလွင်ကတော့ ပဲခူးတွင်ပြန် နေသည်။ ကိုအောင်ထိုက် အသုဘတုန်းက လာသွားသည်ကို တွေ့ရသည်။

ဆေး ၂ ကြေညာချက် တက်ရောက်ဖတ်ကြားသူ ကိုမြင့်သိန်း (ထားဝယ်) ကတော့ ၁၉၈၈ အရေးတော်ပုံတွင်လည်း တက်ကြွ စွာ ပါဝင်ခဲ့သည်။ တပ်က အာဏာသိမ်းပြီးနောက် ထားဝယ်မှ ထိုင်းနယ်စပ်သို့ထွက်ခွာသွားရာ နယ်စပ်ရောက်ပြီးမကြာမှီ မှားယွင်းမှုများကြားတွင် ကွယ်လွန်သွားခဲ့သည်ဟု သတင်းကြားသိရသည်။ တတိယနှစ်ဆေး မှ ကိုသက်ဝင်းမောင်တယောက် ကတော့ အင်းစိန်မှာပင်ရှိသေးသည်ဟု ကြားရသည်။

တတိယနှစ်ဆေးမှ ကိုအောင်ဇင် (မြောင်းမြ) သည်လည်း လွတ်ပြီးနောက် ရန်ကုန်တွင် အလုပ်လာလုပ်သည်။ အားသည့် အချိန်တွင် စိတ်တိုင်းကျဆိုင်တွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် စိတ်တိုင်းကျ ဝိုင်းတော်သားဖြစ်ခဲ့သည်။ ယခုတော့ မြောင်းမြတွင် ပြန်နေသည်ဟုကြားရသည်။ မောင်သတ္တိခေါ် ကိုသိန်းထွန်းကတော့ အစောပိုင်းတွင် တောင်ငူမှာပင် ဆေးဆိုင်ဖွင့်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ရန်ကုန်ရောက်လာပြီး ကိုအေးကြည်နှင့်ကာလတခုတွဲ၍ စိတ်တိုင်းကျတွင် လုပ်လိုက်သေးသည်။ စိတ်တိုင်းကျ ဝိုင်းတော်သားဖြစ်ခဲ့သေးသည်။ ယခုတော့ တောင်ငူပြန်သွားပြီဟု ကြားရသည်။ စကားပြောလျှင် လေအေး အေးနှင့်ပြောတတ်သော ၁၉၇၅ ဆေး ၂ သပိတ်ကာလက "ကိုယ်လည်း ပါမကွ" ဟူ၍ တက်ကြွစွာပါခဲ့သော မောင်သတ္တိ သည်ခင်စရာ အလွန်ကောင်းသူ တစ်ဦးဖြစ်သည်။

အသားဖြူ ဖြူ ဗလခပ်တောင့်တောင့်ကိုသန်းထွတ်ကတော့ ထောင်က လွတ်ပြီးနောက်ပိုင်း ကားပွဲစားတန်းတွင် ဝယ်ရောင်းအဖြစ်လုပ်ကိုင်သည်။မိမိတို့သူငယ်ချင်းဟောင်းများ ကားဝယ်စရာ ရောင်းစရာရှိလျင် သူဆီသို့သွားကြသည်။ ၂၀၀၇ နှစ် ကုန်ပိုင်းကစ၍ ဘုရင့်နောင်စိတ်တိုင်းကျတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ ကိုအောင်ထိုက် အသုဘနေ့က ဆံပင်အဖွေး သားနှင့် ကိုသန်းထွတ်ကို တွေ့ရသည်။ ကိုအောင်ထိုက် အသုဘနေ့က ဝေသောအမှတ်တရစာလွှာတွင်လည်းကောင်း၊  နောက်ပိုင်းရေးကြသော ကိုအောင်ထိုက်အမှတ်တရဆောင်းပါးများတွင်လည်းကောင်း၊ တလွဲတွေအများကြီး တွေ့ရ၍ စိတ် ပျက်နေသည်။ "ငါ ပြန်ပြီးရေးမယ်ကွာ" ဟုဆိုသည်။ အသုဘတွင်ဝေငှသော ကိုအောင်ထိုက် အမှတ်တရစာလွှာတွင် ၁၉၇၅ ခုနှစ်တွင် ထောင် ၆ နှစ်ကျသည်ကိုထောင် ၈ နှစ်ဟု၍လည်းကောင်း၊ ၁၉၇၅ နှင့် ၂၀၀၃ ခုနှစ်တွင် ၂ ကြိမ်အဖမ်းခံရသည်ကို ၂၀၀၈ တွင် တကြိမ်ဟုဆိုကာ ၃ ကြိမ် အဖမ်းခံရသည်ဟုလည်းကောင်း တလွဲတချော်များဖေါ်ပြထားသည်ကို အတော်စိတ် ပျက်နေပုံရသည်။

မိမိနှင့်ရင်းနှီးသူ ဒုတိယနှစ်ဆေးက ကိုစိုးအောင်ကတော့ ထောင်ကလွတ်ပြီး ရိုးရိုးဘွဲ့ပြန်ယူပြီး ဂုဏ်ထူးတန်းဝင်ကာ ပဲခူး ကောလိပ်တွင် ကျူတာလုပ်လိုက်သေးသည်။ နောက်ပိုင်း ဟိုတယ်/ခရီးဝန်ကြီးဌာနတွင် အချိန်အ တော်ကြာလုပ်လိုက် သေးသည်။ နောက်တော့ ဝန်ကြီးဖြစ်သူ (ဦးဌေးအောင်) နှင့်ရန်ဖြစ်ပြီး အလုပ်ကထွက်လိုက်ကာ ယခုတော့ ပုဂ္ဂလိက ကုမ္ပ ဏီတခုတွင် အလုပ်ဝင်လုပ်နေသည်။ ကိုစိုးအောင်ကဲ့သို့ပင် ပုသိမ်မှအောင်လာခဲ့သော ကိုတင်လှကတော့ မုံရွာတွင် ရေခဲ စက်လုပ်နေသည်ဟုကြားရသည်။ ကိုတင်မြင့်ကတော့ ပေါင်းတည်တွင် ကျူရှင်ပြနေသည်ဟု ကြားရသည်။

ဒုတိယနှစ်ဆေး အငယ်တန်းက ကိုထွန်းသန်းကတော့ မော်လမြိုင်မှာပင်ရှိနေသေးသည်။ ၁၉၈၈ အရေးတော်ပုံတွင် တက် ကြွစွာပါဝင်ခဲ့ပြီး ထိုင်းနယ်စပ်သို့ရှောင်လိုက်ရသေးသည်ဟုဆိုသည်။ သူက ဦးကျော်ငြိမ်း (ဖဆပလ) နှင့် ရင်းနှီးသူဖြစ်ပေရာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်လိုက်သေးသည်ဟုဆိုသည်။ ထွန်း သန်းတယောက်လည်း တခေါင်းလုံးဖွေးဖွေးလှုပ်နေပြီ။ ၁၉၇၅ ဇွန်သပိတ်တွင် ကိုထွန်းသန်းအား ကျေးဇူးရှင်အဖြစ် ယနေ့ တိုင် ကျေးဇူးတင်နေသူတဦးရှိသည်။ ထိုသူကား ဒေါက်တာသန်းဝင်းဖြစ်ခြေသည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)