ထွန်းဝင်းငြိမ်း - ကျွန်ုပ်တို့သည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည်



ထွန်းဝင်းငြိမ်း - ကျွန်ုပ်တို့သည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည်
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၆


အရေးအကြီးဆုံးကိစ္စ
ဒီကနေ့ မြန်မာနိုင်ငံမှာ အရေးအကြီးဆုံး ဖြေရှင်းဖို့ ကြိုးစားနေရတဲ့ကိစ္စက ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်က နိုင်ငံရေးပြဿနာပါ။ အကြောင်းရင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းခွင့် မရရှိခဲ့တဲ့အတွက် အကြမ်းဖက် ဖိနှိပ်ခံရသူတွေက လက်နက်ကိုင်စွဲပြီး ခုခံတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်တွင်းစစ်ဟာ နိုင်ငံရေးရဲ့အဆက် ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ပြေလည်အောင် ဖြေရှင်းကြမှသာလျှင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ဒီမိုကရေစီနည်းလမ်းကျစွာ ပြည်တွင်းစစ်ကို ရပ်စဲဖို့ပါပဲ။

ဆရာကြီးမှိုင်းရဲ့ သူမနာ၊ ကိုယ်မနာ နည်းနာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးအယူအဆကတော့ သူမနာ၊ ကိုယ်မနာနည်းနဲ့ စားပွဲဝိုင်းမှာ နိုင်ငံရေးအရ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်း နှိုးဆော်တာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ တရားမျှတမှု၊ လွတ်လပ်ခွင့်၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးစတဲ့ မွေးရာပါ အခွင့်အရေးတွေနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းရေး၊ အပြုတ်တိုက်ရေးစတဲ့ နည်းလမ်းတွေကို ဆရာကြီးက အားမပေးပါဘူး။ ငြိမ်းချမ်းရေးကို ပြည်သူလူထုအင်အားနဲ့သာ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။ စစ်ရေးနည်းလမ်းနဲ့ ဖိအားပေး ခြိမ်းခြောက် အကြပ်ကိုင်ခြင်းအားဖြင့် ပြည်တွင်းစစ်ရပ်စဲရေးကို အဖြေရှာလို့ မရနိုင်ဘူးဆိုတာ ပြည်တွင်းစစ် နှစ် ၇ဝ သမိုင်းက သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုတာ
ဒါကြောင့်မို့ နိုင်ငံရေးပြဿနာရဲ့ အဆက်ဖြစ်တဲ့ ပြည်တွင်းစစ်ကြီးရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ မြန်မာပြည်သူလူထု ကြီးဟာ သမိုင်းလိုအပ်ချက်အရ အကြမ်းဖက်တဲ့နည်း၊ အကြမ်းမဖက်တဲ့နည်း၊ ဥပဒေတွင်းနည်းလမ်း၊ ဥပဒေပြင်ပနည်းလမ်း၊ လွှတ်တော် တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှားဆောင်ရွက်မှုတွေ၊ မြေပေါ်၊ မြေအောက်တော်လှန်ရေး၊ နိုင်ငံရေးအရ၊ စစ်ရေးအရ စတဲ့နည်းနာတွေနဲ့ ဆောင် ရွက်ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ကြတဲ့သူတွေကို အာဏာရ အစိုးရအဆက်ဆက်က ဖမ်းဆီးတာ၊ ထိန်းသိမ်းတာ၊ ထောင်ချ တာ၊ တချို့ဆိုရင် ကျွန်းအထိ ပို့ပစ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံရေးပြဿနာကို ပြည်သူလူထုအကျိုးအတွက် နည်းနာအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ကြိုးစားခဲ့၊ ဆောင်ရွက်ခဲ့ကြတဲ့ သူတွေ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံရတဲ့အခါ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ အဲဒီသူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုသူတွေအတွက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကလွဲလို့ ဘယ်စကားရပ်မှ အစားထိုးဖို့ မသင့်တော် ပါဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး။ သူတို့ကို ရာဇ၀တ်သားတွေနဲ့ တတန်းတစားထဲ သတ်မှတ်လို့ မရပါဘူး။ သူတို့ကို ယုံကြည် ချက်အကျဉ်းသား၊ သီးသန့်အကျဉ်းသားစတဲ့ စကားလုံးတွေနဲ့ အစားထိုးလို့ မရပါဘူး။ တိုင်းတပါးသားတွေ အုပ်ချုပ်တဲ့ကာလ နယ်ချဲ့အစိုးရ က နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ထဲမှာ အေကလပ်၊ ဘီကလပ်စသဖြင့် အဆင့်သတ်မှတ်ပေးထားတာကို တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်
၂၀၁၄ ခုနှစ် သြဂုတ်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲက NLD၊ SNLD အပါအ၀င် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအကျဉ်းသား ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး အခုလို အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ “မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်း ကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း”

“ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ဖွဲ့စည်း ပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်း ကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းစသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသည်။” ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ထားပါတယ်။

သူတို့က ဖွင့်ဆိုရန် အစီအစဉ်မရှိ
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီခေတ် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသမား တစ်ယောက်ရှိရင်တောင် များနေပြီ လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် အခု NLD အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေ ထပ်ပြီးတော့ အကျဉ်းထောင်ထဲ ၀င်နေကြရပါတယ်။ နိုင်ကျဉ်းတွေနဲ့ ပတ်သက်လို့ လုပ် ပိုင်ခွင့်အာဏာက ပြည်ထဲရေးမှာ ရှိနေတာပါ။ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ နယ်စပ်ရေးရာ ၀န်ကြီးသုံးပါးနဲ့ ပတ်သက်ပြီးတော့လည်း သမ္မ တကဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် ပြောသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ကာချုပ်ရဲ့လုပ်ပိုင်ခွင့် ဆိုပြီး ငြိမ်နေမယ်ဆိုရင်တော့ ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။။ အဲဒါကြောင့် အရပ်သားအစိုးရဘက်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ မေးမြန်းပြီး ဖိအားတစ်စုံတစ်ရာ ပေးသင့်တယ်လို့ တိုက်တွန်းကြသူတွေလည်း ရှိပါတယ်။ အနိမ့်ဆုံးတော့ နိုင်ကျဉ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ဆောင်ရွက်သင့်တဲ့ အနေအထားတွေကို အကြံပေးတာမျိုးလည်း ရှိသင့်တယ်လို့ ပြောဆို နေကြပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ် ဇွန် ၂၇ ရက်ထုတ် အစိုးရသတင်းစာတွေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ ပထမရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားရာမှာ နိုင်ငံရေး ယုံကြည်ချက် ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံသည် ဆိုတဲ့ ထည့်သွင်းပြောကြားမှုအပေါ်မှာ နိုင်ငံရေးအကျဉ်းသားနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဝေဖန်မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိ NLD အရပ်သားအစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဇွန် ၂ ရက် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားတဲ့အခါမှာတော့ အဓိပ္ပာယ်ဖွင့်ဆိုပေးရန်နှင့် နိုင်ငံရေးပြစ်မှု သတ်မှတ်ပေးရန် အစီ အစဉ်မရှိကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီလို ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားထားပေမယ့်လည်း NLD အစိုးရရဲ့ သဘော ထား ဟုတ်၊ မဟုတ် အဖြေအား မရရှိသေးကြောင်း ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်ရဲ့တတိယ ပုံမှန်အစည်းအဝေးကာလမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်ထိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေ မှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်းကျခံနေရပါတယ်။ တက်ကြွ လှုပ်ရှားသူ ၁၁၉ ဦးကတော့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် လက်ရှိ အချိန်မှာ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက ၃၅ ယောက် က ထောင်ထဲ ကနေပြီး တရားရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှတ်တမ်းများအရ သိရပါ တယ်။ အဲဒီလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ရှိနေတဲ့ အခြေအနေက တိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆိုတာကို သံသယဖြစ်စေပါတယ်။

တိုက်ပွဲဝင်ခဲ့ရတဲ့သမိုင်း
ဘယ်လိုပုဒ်မတွေနဲ့ ထောင်ကြတယ်။ အချုပ်ကြတယ်။ နေအိမ်မှာတားဆီးခံရတယ်။ စသဖြင့် အခြေအနေအမျိုးမျိုး ကွာခြားချက် ရှိနိုင်ပါ တယ်။ တချို့ဆိုရင် ရက်စက်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေကြောင့် အချုပ်တို့၊ အကျဉ်းထောင်တို့ကို ရောက်မလာနိုင်တော့ဘဲ ဖမ်းမိတဲ့အချိန် ကတည်းက စစ်ကြောရေးပြုလုပ်စဉ်မှာပဲ အသက်ပေးခဲ့ရတာတွေ ရှိပါတယ်။ သူတို့ မရှိတော့ပေမယ့် အဲဒီလိုသူတွေကိုလည်း နိုင်ငံရေး အကျဉ်းသားတွေအဖြစ် သတ်မှတ်ရမှာ၊ အသိအမှတ်ပြုရမှာ၊ ဂုဏ်ပြုမှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုဟာ အမြဲတမ်း ရှေ့တန်းကနေ ပါဝင်ခဲ့ကြပါတယ်။ ပြည်တွင်းစစ်ကိုအမှီပြုပြီး ကြီးပွားချမ်းသာ လာကြတဲ့ စစ်အစိုးရအဆက်ဆက်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုရဲ့ ဆန့်ကျင်ဖက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ ပြည်တွင်းစစ် နှစ် ၇ဝ သမိုင်းဟာ ငြိမ်းချမ်းရေးလိုလားတဲ့ တိုင်းရင်းသားပြည်သူလူထုကြီးနဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ စစ်အစိုးရ အဆက် ဆက်ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့သမိုင်းပဲ ဖြစ်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေး
တကယ်တော့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ စစ်ပွဲတွေ ရပ်သွားပြီး လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားရုံနဲ့ ပြီးပြည့်စုံတာ မဟုတ်သေး ပါဘူး။ စစ်ပွဲတွေရပ်သွားပြီး လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားတယ်ဆိုတာ က ပြည်တွင်းစစ်ရပ်စဲရေးအတွက် အရေးကြီးတဲ့ ပြဿနာ တရပ်ကို ဖြေရှင်းပြီးစီး တာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်တွေအောက်မှာ လယ်သမားတွေအတွက် သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန် လည် ရရှိ ဖို့၊ အလုပ်သမားတွေ လုပ်ခနဲ့ လစာ မျှတစွာ ရရှိဖို့၊ ကျောင်းသားတွေ ဒီမိုကရေစီပညာရေး ရရှိဖို့၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ၊ ကျူးကျော် အိမ်ယာ ကိစ္စတွေ၊ အဂတိလိုက်စားမှုတွေ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူမျိုးရေး ဘာသာရေး အဓိက ရုဏ်းတွေ၊ မင်းမဲ့စရိုက်ရာဇဝတ်မှုခင်းတွေ အစရှိတဲ့ ကိစ္စတွေကို တည်ဆဲဥပဒေဆိုတာထက် တရားမျှတစွာ ဖြေရှင်းနိုင်မှသာ ပြည်သူလူထု ဘဝကို အမှန်တကယ် လုံခြုံမှု ပေးနိုင်မှာဖြစ်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေး ကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

အကြီးအကျယ်မှိုင်းတိုက်
စစ်အစိုးရအဆက်ဆက်ကတော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဘက်က ရပ်တည်ဆောင်ရွက်ခဲ့ကြသူတွေရဲ့သမိုင်းကို ဖျောက်ဖျက် ချင်ကြပါတယ်။ တကယ်လည်း ဖျောက်ဖျက်ခဲ့ကြပါတယ်။ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအတွက် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို စစ်အစိုးရက အသိအမှတ်ပြုမှု မရှိသလောက် ရှားပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေ ရဲ့ ဆောင်ရွက်မှုတွေကို မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှုတွေ၊ အာဏာကိုဖြတ်လမ်းက ရချင်သူတွေ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေလို့ စစ်အစိုး ရက အကြီးအကျယ် မှိုင်းတိုက်ခဲ့တာပါ။ သူတို့သာ တိုင်းပြည်ကြီးကို ချောက်ထဲမရောက်အောင် ကယ်တင်ခဲ့တဲ့သူတွေ။ အချုပ်အခြာအာဏာ ကို ကာကွယ်တဲ့သူတွေ၊ ပြည်ထောင်စု မပြိုကွဲအောင် စောင့်ရှောက်သူတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နေတဲ့သူတွေ အဖြစ် တဖက်သတ်ဝါဒဖြန့် ပုံဖော်ခဲ့ကြ ပါတယ်။ အဲဒီလိုဝါဒဖြန့်တာကို ပြည်သူလူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲရလဒ်တွေအရ လုံးဝအယုံအကြည် မရှိကြောင်း ပြည်သူ့သဘောထားအစစ်အမှန်ကို ပြသခဲ့တာ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ပြည် တွင်းစစ်ကို ရပ်စဲစေချင်တဲ့၊ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြတဲ့၊ ဒီမိုကရေစီရေးကို ဖေါ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံ တော်အစိုးရအနေနဲ့ သမိုင်းအရ၊ လူ့ဂုဏ်သိက္ခာ အရ လေးလေးနက်နက် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

အတုအယောင်
ဒါ့ကြောင့် စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုဖို့ တီကောင်ကို ဆားနဲ့တို့သလိုတွန့်ဆုတ်နေတာပါ။ သေချာတာတခုကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ မတရားဖိနှိပ်ခံခဲ့ရတာတွေက သမိုင်းဖြစ်ခဲ့ပါပြီ။ ဘယ်သူကမှ ပယ်ဖျက်လို့ ပြန်ပြင်လို့ မရတော့ပါဘူး။ အဲဒီအခြေအနေကို အသိအမှတ်မပြုချင်တာဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်တာပါပဲ။ ဖိနှိပ်ရာမှာ တာဝန် ရှိကြတဲ့ အမှားဝန်ခံသူတွေ ကို ပြည်သူကခွင့်လွှတ်နိုင်ကြမှာပါ။ ငြင်းဆန်သူတွေကိုတော့ ပြည်သူက ဒဏ်ခတ်ပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်မပြု ဘဲ ဆောင်ရွက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကတော့ ပြည်သူ လူထု အကျိုးခံစားခွင့် ပါဝင်မှာ မဟုတ်တဲ့ အတုအယောင် ငြိမ်းချမ်းရေးသာရရှိ မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၁၆၊ ၁၁၊ ၂၀၁၆